သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သေကံမရောက်ခဲ့သည့် အရှေ့တီမောသမ္မတ ကူညီခဲ့သူများအား ကျေးဇူးစကားဆို


ဖေဖော်ဝါရီလတုန်းက လုပ်ကြံခံရမှုမှာ သေကံမရောက်ဘဲ အသက်ဘေးကနေ သီသီလေး လွတ်မြောက်ခဲ့တဲ့ အရှေ့တီမောသမ္မတ ဂျိုဆေး ရာမို့စ် ဟော်တာ (Jose Ramos-Horta) ဟာ သူ တိုက်ခိုက်ခံရမှုနဲ့ပတ်သက်ပြီးတော့ ပထမဆုံးအကြိမ် လူသိရှင်ကြား ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

အရှေ့ တီမောကသူပုန်တွေရဲ့ တိုက်ခိုက်မှုအတွင်းမှာ အပြင်းအထန် ဒဏ်ရာရခဲ့ ပြီးတဲ့နောက် ခွဲစိတ်ကုသမှု ငါးခု ခံယူခဲ့ရတဲ့ သြစတြေးလျနိုင်ငံမြောက်ပိုင်းက ဆေးရုံတခုကနေ ဗွီဒီယို ပေါ်ကနေ တဆင့် သမ္မတက စကားပြောခဲ့တာဖြစ်ပါ တယ်။ ထိုင်လျက်သား စကားပြောနေတဲ့ သမ္မတကို ကြည့်ရတာ ကျန်းမာပုံရပြီး တော့ ပြောပုံဆိုပုံကလည်း ရှင်းလင်းပါတယ်။

သမ္မတ ရာမို့စ်ဟော်တာနဲ့ ဝန်ကြီးချုပ် ရှာနားနား ဂုရှ်မာအို (Xanana Gusmao) တို့ နှစ်ယောက်စလုံး ဖေဖော်ဝါရီလ ၁၁ ရက်နေ့တုန်းက သူပုန်တွေရဲ့ ချောင်းမြောင်းတိုက်ခိုက်မှုကို ခံခဲ့ရတာပါ။ ဝန်ကြီး ချုပ် ဂုရှ်မာအိုကတော့ ထိခိုက် ဒဏ်ရာမရဘဲ လွတ်မြောက်သွားခဲ့ပါတယ်။

ဒီတိုက်ခိုက်မှုကို ကြိုးကိုင်ခဲ့သူကတော့ ဝရမ်းပြေးသူပုန်တပ်မှူးကြီး အယ်လ်ဖရက်ဒို ရနားဒိုး (Alfredo Reinado) ဖြစ်ပြီးတော့ သူ့ကိုတော့ သမ္မတ ကိုယ်ရံတော်တပ်တွေက သုတ်သင်နိုင်ခဲ့ပါတယ်။ တိုက်ခိုက်မှုခံခဲ့ရပြီးတဲ့နောက်မှာ ပထမဆုံး လူသိရှင်ကြား စကားပြောတဲ့ သမ္မတ ရာမို့စ် ဟော်တာက နိုင်ငံရေးအရ ကြေညာချက်တစုံတရာ ထုတ်ပြန်ခြင်းမရှိဘဲ သူ့ရဲ့အသက်ကို ကယ်ဆယ်ပေးခဲ့သူတွေ ကို ကျေးဇူးတင်စကားပဲ ပြောကြားခဲ့ပါ တယ်။

“ဒီကနေ့မှာ ကျနော် လူသိရှင်ကြား စကား ပြန်ပြီးပြောနိုင်ပြီဖြစ်ပေမယ့် နိုင်ငံရေး မိန့်ခွန်းတော့ မပြောချင်ပါဘူး။ မစ္စတာ အယ်လ်ဖရက်ဒိုး ရနားဒိုးရဲ့ လုပ်ကြံမှု နောက်ပိုင်း ကျနော့်ကို ပြုစုပေး ကြသူတွေ၊ ကျန်းမာရေးပြန်ကောင်းဖို့ ဆုတောင်း ပေးခဲ့ကြသူတွေ၊ ဂရုစိုက်ကြသူတွေအားလုံးကို ကျေးဇူးတင်စကားပဲ ပြောကြား လိုပါတယ်။”

တိုက်ခိုက်ခံရစဉ်မှာ သမ္မတဟာ သေနတ်နဲ့ အချက်ပေါင်းများစွာ ပစ်ခတ်ခံခဲ့ရပါ တယ်။ တိုက်ခိုက်ခံရ ပြီးပြီးချင်း အရှေ့တီမောမှာ အရေးပေါ် ခွဲစိတ်ကုသမှုခံပြီး တော့ နောက်ထပ် ကုသမှုတွေအတွက် သြစတြေးလျနိုင်ငံ ဒါဝင်မြို့ကဆေးရုံကို ပြောင်းပြီးတော့ ကုသမှုခံယူခဲ့ပါတယ်။ သမ္မတအနေနဲ့ ၁၀၀% ပြန်ပြီးတော့ နေကောင်းလာလိမ့်မယ်လို့ ဆရာဝန်တွေက အခိုင်အမာ ယုံကြည်နေပါတယ်။

ခေါင်းဆောင်တွေအပေါ် တိုက်ခိုက်မှုနဲ့ ဆက်နွယ်ပြီးတော့ အရှေ့တီမောမှာ မသင်္ကာသူ ၁၇ ယောက်ကို ဖမ်းဝရမ်း ထုတ်ခဲ့တယ်လို့ သြစတြေးလျနိုင်ငံ ဆစ်ဒ်နီမြို့မှာရှိတဲ့သတင်းထောက် ဖီလ် မာဆာ (Phil Mercer) က ပြောပါ တယ်။

ဒီတိုက်ခိုက်မှုဖြစ်ပြီးတဲ့နောက် နောက်ထပ် မငြိမ်မသက်မှုတွေ ထပ်ပြီးတော့ ဖြစ်လာမှာကို စိုးရိမ်တဲ့ အတွက် သြစတြေးလျက စစ်သားနဲ့ရဲအရာရှိ နောက်ထပ် ၂၀၀ ကို အရှေ့တီမောမြို့တော် Dili ဆီကို စေလွှတ်ခဲ့ပါတယ်။ အရှေ့တီမောမှာ အစိုးရအပေါ်သစ္စာရှိတဲ့ တပ်ဖွဲ့တွေနဲ့ လုံခြုံရေးတပ်တွေထဲက ပုန်ကန်ကြတဲ့ တပ်ဖွဲ့တွေကြားမှာ လွန်ခဲ့တဲ့နှစ်နှစ်နီးပါးတုန်းက တိုက်ပွဲတွေဖြစ်ခဲ့ပြီးတဲ့နောက် သြစတြေးလျ၊ ပေါ်တူဂီ၊ မလေးရှားနဲ့ နယူးဇီလန်တို့ က တပ်သားတွေကို အရှေ့ တီမောမှာ ဖြန့်ချခဲ့ပါတယ်။

တချိန်တုန်းက ပေါ်တူဂီရဲ့ကိုလိုနီဖြစ်ခဲ့ဖူးတဲ့ အရှေ့တီမောဟာ ၂၅ နှစ်ကြာ အင်ဒိုနီးရှားရဲ့ အုပ်ချုပ်မှု ကို ခံခဲ့ရပါတယ်။ ၁၉၉၉ ခုနှစ်မှာတော့ အင်ဒိုနီးရှားရဲ့ အုပ်ချုပ်မှုအောက်က ခွဲထွက်ဖို့ ပြည်သူတွေက ဆန္ဒမဲပေးခဲ့ကြပြီး ၂၀၀၂ ခုနှစ်မှာ လွတ်လပ်တဲ့ အရှေ့တီမောနိုင်ငံ ဖြစ်လာခဲ့တာပါ။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG