သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖိနှိပ်မှုတွေကြားက လူထုဆန္ဒခံယူပွဲဟာ အနှစ်သာရမရှိ၊ လူ့အခွင့်အရေး အထူးစုံစမ်းသူ ဝေဖန်


မြန်မာစစ်အစိုးရအနေနဲ့ ကြေညာထားတဲ့
အတိုင်း လူထုဆန္ဒခံယူပွဲနဲ့ ရွေးကောက်ပွဲ
ကျင်းပမယ်ဆိုရင် ဒီမိုကရေစီကိုလိုက်နာတဲ့
နိုင်ငံရေးအပြောင်းအလဲတွေ စတင်အကောင် အထည်ဖော်ဖို့၊ ကန့်သတ်ချက်တွေ ရုပ်သိမ်း
ပေးဖို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ
လူ့အခွင့်အရေး စုံစမ်းစစ်ဆေးသူ ပါမောက္ခ
ပေါ်လိုဆာဂျီယို ပင်ညဲရိုး (Paulo Sergio
Pinheiro) က ပြောဆိုလိုက်ပါတယ်။ ဂျနီဗာ
မှာကျင်းပတဲ့ လူ့အခွင့်အရေးကောင်စီရဲ့
သတ္တမအကြိမ် အစည်းအဝေးအတွင်း မနေ့
က မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ အစီရင်ခံစာကို မစ္စတာပင်ညဲရိုး အဆိုတင်သွင်းခဲ့တာ ဖြစ်ပါ
တယ်။ မစ္စတာပင်ညဲရိုးရဲ့ တင်ပြချက်တွေနဲ့ စစ်အစိုးရဘက်က ပြန်လည်ချေပချက်တွေ
ကို ကိုသိန်းထိုက်ဦးက တင်ပြပေးထားပါတယ်။

မြန်မာစစ်အစိုးရဟာ ကုလသမဂ္ဂ အထွေထွေညီလာခံကြီးနဲ့ လူ့အခွင့်အရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တွေကို လိုက်နာဆောင်ရွက်ခြင်း မရှိခဲ့ပါဘူးဆိုပြီး မနေ့က ဂျနီဗာမှာ
ကျင်းပတဲ့ အစည်းအဝေးအတွင်းမှာ ပါမောက္ခ ပင်ညဲရိုးက ပြင်းပြင်းထန်ထန် ဝေဖန်
သွားခဲ့ပါတယ်။

စစ်အစိုးရက ကြေညာခဲ့တဲ့ လူထုဆန္ဒခံယူပွဲနဲ့ ရွေးကောက်ပွဲကျင်းပဖို့ ကြေညာခဲ့တာ
တွေဟာ အကောင်းဘက်ကိုဦးတည်တဲ့ နိုင်ငံရေးပြောင်းလဲမှုတွေ ဆိုရင်တောင် နိုင်ငံ
တကာက သတ်မှတ်ထားတဲ့ လူ့အခွင့်အရေး စံသတ်မှတ်ချက်တွေနဲ့အညီ အားလုံး
ပါဝင်နိုင်တဲ့ လုပ်ငန်းစဉ်တွေဖြစ်ဖို့ လိုတယ်လို့ ပြောဆိုပါတယ်။

“နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်မပေးဘဲနဲ့၊ နိုင်ငံရေးပါတီ အဖွဲ့အစည်းတွေကို လှုပ်ရှားဆောင်ရွက်ခွင့် မပေးဘဲနဲ့ ဘယ်လိုလူထုဆန္ဒခံယူပွဲမျိုးပဲ ကျင်းပကျင်းပ၊ ဘယ်လိုရွေးကောက်ပွဲပဲ ကျင်းပကျင်းပ တရားမျှတမှုရှိမှာ မဟုတ်ပါဘူး။ ဘယ်လို
နိုင်ငံရေးအရ အသွင်ကူးပြောင်းရေးမျိုးမှလည်း ထိရောက်အောင်မြင်မှာ မဟုတ်ပါဘူး။
ပြည်သူတွေရဲ့ အခြေခံလူ့အခွင့်အရေးတွေကိုလည်း ကာကွယ်ပေးရပါလိမ့်မယ်။”

ကျနော့်အနေနဲ့ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း တောင်းဆိုထားသလို ဒေါ်အောင်ဆန်း
စုကြည် အပါအဝင် အတိုက်အခံတွေနဲ့ ဆွေးနွေးရေးမှာ စစ်အစိုးရဘက်က အချိန်ဆွဲ
မနေဘို့၊ နောက် အချိန်အတိုင်းအတာ သတ်မှတ်ချက်နဲ့အညီ အကောင်အထည်ဖော်
တဲ့ တွေ့ဆုံဆွေးနွေးရေးတွေ ဖြစ်လာအောင် ဆောင်ရွက်ဖို့ ထပ်ပြီးတိုက်တွန်းချင်ပါ
တယ်လို့ မစ္စတာပင်ညဲရိုးက ပြောပါတယ်။

မြန်မာနိုင်ငံအတွင်းမှာ အာဏာပိုင်တွေဘက်က ပြည်သူတွေအပေါ် တင်းတင်း
ကျပ်ကျပ် ပိတ်ပင်ကန့်သတ်တာတွေ ဆက်လုပ်နေပြီး နိုင်ငံရေးအတိုက်အခံတွေပေါ် ဆက်လက်ဖမ်းဆီးတာတွေလည်း ရှိနေတုန်းပဲလို့ မစ္စတာပင်ညဲရိုးက ပြောပါတယ်။

ဆန္ဒပြပွဲတွေအတွင်း ဖမ်းဆီးခံခဲ့ရသူတွေအပေါ် ဥပဒေနဲ့အညီ အရေးယူတာမျိုး မရှိ
သလို၊ သေဆုံးခဲ့တဲ့သူတွေနဲ့ပတ်သက်လို့ နောက်ထပ် စုံစမ်းသိနိုင်အောင် အစိုးရ
အာဏာပိုင်တွေနဲ့ သူ ဆက်သွယ်ကြိုးစားခဲ့ပေမယ့် စစ်အစိုးရဘက်က ဘာမှထပ်ပြီး အကြောင်းပြန်တာမရှိဘူးလို့လည်း ပြောပါတယ်။

“ကျနော် နောက်ထပ် အထူးစိုးရိမ်မိတဲ့ ကိစ္စတခုကတော့ နိုင်ငံရေးလှုပ်ရှားသူတွေ၊
လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူတွေ၊ သတင်းထောက်တွေကို အာဏာပိုင်
တွေက ရှာဖွေတာ၊ ဖမ်းဆီးတာတွေ လုပ်ခဲ့တဲ့အထဲမှာ ကျနော် လူ့အခွင့်အရေး
ကောင်စီကို အရင်ကတင်ပြခဲ့တဲ့ အစီရင်ခံစာမိတ္တူကို လက်ဝယ်ထားမှုနဲ့ အာဏာပိုင်
တွေက ဖမ်းဆီးခဲ့တာပါ။ ဒီလို ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ခန့်ထားတဲ့ အထူးစုံစမ်းစစ်ဆေးသူရဲ့ အစီရင်ခံစာကို အာဏာပိုင်တွေက ဒီမိုကရေစီအင်အားစု
တွေကို ဖမ်းဆီးဖို့ အကြောင်းပြတဲ့ ရာဇဝတ်မှုကျူးလွန်တဲ့ အထောက်အထားအဖြစ်
သုံးတာမျိုး လုပ်နေတာတွေ ရှိနေပါတယ်။”

အခုတကြိမ် လူ့အခွင့်အရေးကောင်စီ အစည်းအဝေးမှာ သူ့ရဲ့တင်ပြချက်တွေက မြန်မာ နိုင်ငံနဲ့ပတ်သက်လို့ အထူးစုံစမ်းစစ်ဆေးသူအဖြစ် တာဝန်ယူပြောဆိုတဲ့ နောက်ဆုံး
အကြိမ်တင်ပြတာ ဖြစ်ပါတယ်လို့လည်း မစ္စတာပင်ညဲရိုးက ပြောသွားပါတယ်။

ကျနော့်တာဝန်တွေ ပြီးဆုံးသွားတဲ့အချိန်မှာ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ မပြောမဖြစ် ပြောရမယ့်အကြောင်းတခု ရှိပါလိမ့်မယ်။ စိတ်မကောင်းရာ အကောင်းဆုံးကိစ္စပါလို့
သူက အခုလို ဆက်ပြောပါတယ်။

“မြန်မာစစ်အစိုးရဟာ ၂၀၀၇ ခုနှစ် နိုဝင်ဘာလအတွင်း ကုသလမဂ္ဂ အထူးစုံစမ်း
စစ်ဆေးသူကို မြန်မာနိုင်ငံလာရောက်ဖို့ ဖိတ်ကြားခဲ့တာကလွဲလို့ အထွေထွေညီလာခံ
ကြီးက ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်တွေ၊ ထောက်ခံအဆိုပြုချက်တွေ၊ အခု လူ့အခွင့်
အရေးကောင်စီက ချမှတ်ထားတဲ့ ဆုံးဖြတ်ချက် နှစ်ရပ်စလုံး၊ ဘာကိုမှ လိုက်နာ
ဆောင်ရွက်တာ မရှိပါဘူး။ မြန်မာစစ်အစိုးရအနေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ
ကို တာဝန်ယူဖို့ တိုက်တွန်းတောင်းဆိုချက်တွေကို စစ်အစိုးရဘက်က လိုက်နာခြင်း
မရှိပါဘူး။”

ဒီလို မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေကို ဝေဖန်ပြောဆိုတဲ့ တစ်ချိန်တည်းမှာ နိုင်ငံတကာအနေနဲ့ မြန်မာပြည်သူတွေ ကြုံတွေ့ရင်ဆိုင်နေရတဲ့ အကျပ်အတည်းတွေ
က လွန်မြောက်အောင် လူသားချင်းစာနာထောက်ထားမှု အကူအညီတွေပေးဖို့လည်း မစ္စတာပင်ညဲရိုးက တိုက်တွန်းသွားပါတယ်။ လူသားချင်းစာနာထောက်ထားမှု အကူ
အညီတွေ ပေးတဲ့အခါ နိုင်ငံရေးရည်ရွယ်ချက်နဲ့ အသုံးချတာမျိုး၊ အကူအညီကို နိုင်ငံ
ရေးအတွက် ဓားစာခံမလုပ်သင့်ဘူးလို့ ပြောဆိုသွားပါတယ်။

ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးဝဏ္ဏ
မောင်လွင်ကတော့ မစ္စတာပင်ညဲရိုးရဲ့ အစီရင်ခံစာတွေဟာ မြန်မာနိုင်ငံအတွင်း နိုင်ငံရေးတိုးတက်မှုတွေကို မျက်ကွယ်ပြုပြီး မျှတမှုမရှိတဲ့ အစီရင်ခံစာဖြစ်တယ်လို့
ဝေဖန်ပြောဆိုပါတယ်။

“လူ့အခွင့်အရေးဆိုင်ရာ အထူးစုံစမ်းစစ်ဆေးသူရဲ့ အစီရင်ခံစာဟာ မြန်မာနိုင်ငံရဲ့
ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်တဲ့၊ ကျူးကျော်တဲ့ အစီရင်ခံစာတခု ဖြစ်ပါတယ်။ အထူးစုံစမ်းစစ်ဆေးသူအဖြစ် ပေးအပ်ထားတဲ့ တာဝန်ယူမှု နယ်နိမိတ်ကိုကျော်ပြီး
ရေးထားတဲ့ အစီရင်ခံစာလို့ ဆိုချင်ပါတယ်။ အထူးစုံစမ်းစစ်ဆေးသူအနေနဲ့ ပြီးခဲ့တဲ့ ဒီဇင်ဘာလနောက်ပိုင်း မြန်မာနိုင်ငံကို သွားရောက်နိုင်ခဲ့ခြင်း မရှိပါဘူး။ ကျနော်တို့
အနေနဲ့ သူ့ရဲ့ခရီးစဉ်ကို စီစဉ်ပေးချင်ပေမယ့် အချိန်အခါအားဖြင့် အစိုးရက လူထုဆန္ဒ
ခံယူပွဲကျင်းပဖို့ အလုပ်သိပ်များတဲ့အချိန် ဖြစ်နေတာကြောင့် အချိန်မကျသေးဘူးလို့ ပြောရပါလိမ့်မယ်။”

ဒီအစီရင်ခံစာဟာ စစ်အစိုးရကို ဝေဖန်ထိုးနှက်နေတဲ့ အတိုက်အခံတွေဆီကရတဲ့ အချက်အလက်တွေကို အခြေခံထားတာလို့လည်း သံအမတ်ကြီး ဦးဝဏ္ဏမောင်လွင်က
ပြောပါတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသား မရှိပါဘူး။ အခုဖမ်းဆီးခံထားရတဲ့
သူတွေဟာ ရာဇဝတ်မှုကျူးလွန်ခဲ့တဲ့သူတွေ ဖြစ်တယ်လို့ ပြောပါတယ်။

မစ္စတာပင်ညဲရိုးကတော့ “စစ်အစိုးရရဲ့ နိုင်ငံရေးလမ်းညွှန်အစီအစဉ်တွေနဲ့ ပတ်သက်လို့
ကျနော်ဟာ လူထုဆန္ဒခံယူပွဲနဲ့ ရွေးကောက်ပွဲကို ကြိုက်နှစ်သက်ပါတယ်။ ဖွဲ့စည်းအုပ်ချုပ်
ပုံ အခြေခံဥပဒေကိုလည်း အထူးပဲ စိတ်ဝင်စားပါတယ်။ ဒါပေမယ့်လည်း လူတထောင့်
ရှစ်ရာလောက် နိုင်ငံရေးအကျဉ်းသားအဖြစ် ဖမ်းဆီးခံနေရတဲ့အချိန်နဲ့ နိုင်ငံရေးပါတီ
တွေကို လှုပ်ရှားခွင့် လုံးဝမရှိတဲ့အချိန်၊ လွတ်လပ်စွာစည်းရုံးခွင့်တွေ ပိတ်ပင်ထားတဲ့
အချိန်မှာ ဘယ်လိုလူထုဆန္ဒခံယူပွဲမျိုး ကျင်းပမှာလဲ” လို့ မစ္စတာပင်ညဲရိုးက မေးခွန်း ထုတ်သွားတာပါ။

လူ့အခွင့်အရေးကောင်စီအနေနဲ့ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ ဆုံးဖြတ်ချက်တွေကို ချမှတ်
တဲ့အခါ ဘယ်လောက်အထိ လိုက်နာဆောင်ရွက်မှုရှိမရှိဆိုတာကို ထပ်ပြီး လေ့လာ ဆောင်ရွက်ဖို့လိုတယ်လို့ မစ္စတာပင်ညဲရိုးက ပြောသွားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG