သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိဘက်မြို့တော်တွင် ဘုန်းတော်ကြီးများ၏ လှုပ်ရှားမှုကို တရုတ် အာဏာပိုင်များက နှိမ်နှင်း


တိဘက်ကို တရုတ်က သိမ်းပိုက် အုပ်စိုးနေမှု
ကို ဆန့်ကျင်ကန့်ကွက်တဲ့ ဆန္ဒပြပွဲတွေ ဖြစ်
ပေါ်ခဲ့ရတဲ့ ဒီသီတင်းပတ်မှာ ဒီကနေ့ လာဆာ
မြို့တော်မှာ အကြမ်းဖက်မှုတွေ၊ မြို့လယ်
ခေါင်မှာ မီးလောင်မှုတွေ ဖြစ်ပေါ်နေပါတယ်။
ဖြစ်တောင့် ဖြစ်ခဲ လာဆာမြို့ လမ်းတွေပေါ်
က ဆန္ဒပြပွဲတွေနဲ့ တိဘက်ကသတင်းတွေကို
ဗွီအိုအေသတင်းထောက် Stephanie Ho
ဘေဂျင်းမြို့တော်ကနေ သတင်းပေးပို့ထား
တာနဲ့အတူ မြန်မာနိုင်ငံက သံဃာတော်တွေရဲ့ရွှေဝါရောင်လှုပ်ရှားမှုဖြစ်ပွားခဲ့စဉ်က အာဏာပိုင်တွေရဲ့ အင်အားသုံး နှိမ်နှင်းခဲ့တာတွေကို နှိုင်းယှဉ်ပြီး စက်တင်ဘာ
ရွှေဝါရောင်တော်လှန်ရေးမှာ ပါဝင်ခဲ့တဲ့ သံဃာတော်တစ်ပါးကို ဦးအောင်လွင်ဦးက
ဆက်သွယ်ပြီး စုစည်းတင်ပြထားပါတယ်။

ဗုဒ္ဓဘာသာဝင် တိဘက်လူမျိုးတွေရဲ့ အထွတ်အမြတ်ထားရာ လာဆာမြို့တော် ဝါကာ
လမ်းမပေါ်က ဈေးတစ်ဈေး မီးလောင်နေတာကို တွေ့ကြရတယ်ဆိုပြီး မျက်မြင်
သက်သေတွေကပြောကြသလို ကားတွေဟာလည်း လမ်းတွေပေါ်မှာ မီးရှို့ခံထားရတယ်
လို့ ဆိုထားပါတယ်။ အဓိကရုဏ်းတွေအတွင်း ဒဏ်ရာရသူတွေကိုတော့ ဆေးရုံတွေမှာ
တင်ထားရတယ်လို့လည်း တရုတ်အစိုးရရဲ့ ဆင်ဝါသတင်းဌာနက ကြေညာပါတယ်။
သေနတ်နဲ့ ပစ်ခတ်နေတာတွေနဲ့ တခြား အကြမ်းဖက်မှုတွေကြောင့် အမေရိကန်နိုင်ငံ
သားတွေ မြို့တော်လာဆာကို ခရီးသွားလာတာတွေ မလုပ်ကြဖို့ကိုလည်း ဘေဂျင်းမြို့
တော်က အမေရိကန်သံရုံးက နှိုးဆော်ထားပါတယ်။

တိဘက်သံဃာတော်တွေရဲ့ လာဆာမြို့တော်က အကြီးဆုံး ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး
ကျောင်း သုံးကျောင်းကို ထောင်နဲ့ချီတဲ့ တရုတ် ရဲတပ်ဖွဲ့နဲ့ လုံခြုံရေးတပ်ဖွဲ့တွေက သိမ်း
ပိုက် ချိတ်ပိတ်လိုက်တာကြောင့် ပြီးခဲ့တဲ့ရက်တွေက မြို့တော် လာဆာမှာ တင်းမာမှုတွေ ကြီးထွားလာခဲ့ရတာပါ။ ပြီးခဲ့တဲ့ တနင်္လာနေ့ကစလို့ အနှစ် ၂၀ အတွင်း အကြီးမားဆုံး
တရုတ်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေကို တိဘက်သံဃာတော်တွေရဲ့ ဦးဆောင်မှုနဲ့ လာဆာ
မြို့တော်မှာ ပေါ်ပေါက်လာခဲ့ရတာပါ။ လာဆာမြို့တော်မှာ တိဘက်ကို တရုတ်က
ကျူးကျော် သိမ်းပိုက်ထားတာ ၄၉ နှစ်ပြည့် အထိန်းအမှတ် လူထုအုံကြွမှုအဖြစ် တိဘက် သံဃာတော်တွေဦးဆောင်ပြီး ဆန္ဒပြဖို့ ကြိုးစားကြတာ အခုဆို မအောင်မမြင်လည်း
ဖြစ်ခဲ့ရတာပါ။ တရုတ်ရဲ့ အုပ်ချုပ်မှုအောက်မှာ တိဘက်လူမျိုးတွေ စိတ်ဆင်းရဲနေကြရ
တယ်ဆိုတာ အခု ဖြစ်ပျက်နေတဲ့ အကြမ်းဖက်မှုတွေက ပြသနေတယ်လို့ တိဘက်
အတွက် နိုင်ငံတကာလှုပ်ရှားမှု ဥရောပရုံးခွဲက ယံ ဝီလျီယံ ဒန် ဘတ်စတန် (Jan Willem
den Besten) က အခုလို ဆိုပါတယ်။

“ဒါကတော့ တိဘက်လူထုက စိတ်ကုန်စိတ်ပျက် သည်းမခံနိုင်ကြတော့တာကို ပြတာပဲ
လေ။ ဒါ့အပြင် တရုတ်မှာလုပ်မယ့် ကမ္ဘာ့အိုလံပစ် အားကစားပွဲကို ကမ္ဘာက အာရုံစိုက်
နေကြတာကို တိဘက်ပြည်သူတွေက ကောင်းကောင်းသိနေကြတော့ ဒီအခွင့်အရေးကို
သူတို့က အမိအရ အသုံးချကြတာပေါ့ဗျာ။ ဒါမျိုးက လွန်ခဲ့တဲ့ ၁၀ နှစ်အတွင်း ဘယ်လိုမှ
မဖြစ်နိုင်တဲ့ကိစ္စမျိုး၊ သိပ်ကို တင်းကြပ်ထားတဲ့ ဆန္ဒပြတာမျိုးကို တိဘက်ပြည်သူတွေ ကြိုးစားခဲ့ကြတာပဲလေ။”

တိဘက် လွတ်မြောက်ရေးအတွက် နိုင်ငံတကာလှုပ်ရှားမှု ဥရောပရုံးခွဲက ယံ ဝီလျီယံ
ဒန် ဘတ်စတန် ကပြောပြသွားတာပါ။ တိဘက်သံဃာတော်တွေရဲ့ ဒီလှုပ်ရှားမှုတွေဟာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရေး လှုပ်ရှားမှုတွေ ရှင်သန်အားကောင်းနေဆဲဖြစ်တယ်ဆိုတာ ကမ္ဘာကသိအောင် ရည်ရွယ် ဆောင်ရွက်တာဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

အခုလို တိဘက်သံဃာတော်တွေရဲ့ လှုပ်ရှားမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်မလာခင်
ကမ္ဘာကျော် သံဃာတော်တွေရဲ့ လှုပ်ရှားမှုတစ်ခုကတော့ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလ
တုန်းက မြန်မာနိုင်ငံမှာဖြစ်ပွားခဲ့တဲ့ ရွှေဝါရောင် တော်လှန်ရေးလို့ခေါ်ကြတဲ့ လှုပ်ရှားမှု
ပါ။ အခုတခါ တိဘက်သံဃာတော်တွေရဲ့ အာဏာပိုင်တွေကို အံတုလှုပ်ရှားမှုတွေ
ပေါ်ပေါက်လာရတာဟာလည်း မြန်မာသံဃာတော်တွေရဲ့ လှုပ်ရှားမှုတွေကို ပြန်ပြောင်း
အမှတ်ရစေပါတယ်။ အဲဒီတုန်းကလည်း မြန်မာလုံခြုံရေး အာဏာပိုင်တွေဖက်က
အင်အားသုံး နှိမ်နှင်းခဲ့တာကို ခံခဲ့ရတာဖြစ်သလို အခုလည်းပဲ တရုတ်အာဏာပိုင်တွေက
အလားတူ အရေးယူဆောင်ရွက်တဲ့အပေါ် မြန်မာသံဃာတော်တွေအနေနဲ့လည်း စိုးရိမ်
မကင်း ဖြစ်နေကြရတာပါ။

“ဦးပဉ္ဇင်းတို့ သံဃာတော်တွေအနေနဲ့ကတော့ ဘုရားသားတော်တွေ ဖြစ်တဲ့အတွက် တိဘက်ကလည်းပဲ အခုသူက မဟာယန ဗုဒ္ဓဘာသာ ဆိုပေမယ့်လို့ ဗုဒ္ဓဘာသာ ရဟန်း
အချင်းချင်းဖြစ်တဲ့အတွက် ဦးပဉ္ဇင်းတို့က အင်မတန်ကို စိတ်မကောင်း ဖြစ်ပါတယ်။
အဲဒီတော့ တိဗက်ရဟန်းတွေက ဦးပဉ္ဇင်းတို့ မြန်မာပြည်က သံဃာတွေလိုပဲ ရိုက်သတ်ခံ
ရမှာတွေကို အရမ်း စိုးရိမ်မိပါတယ်။ အရမ်းလည်း စိတ်မကောင်းပါဘူး၊ ကြားရတာတွေ။
ဗုဒ္ဓရဲ့ သာသနာတော်ကို တနည်းတဖုံနဲ့ အမျိုးမျိုး သာသနာပြုနေတဲ့ သာသနာပြု ရဟန်းသံဃာတွေကို တရုတ်ကတော့ အားမပေးဘူးဆိုတာ ဦးပဉ္ဇင်းတို့ မျက်မြင်ကိုယ်
တွေ့ပါပဲ။ အခု ဦးပဉ္ဇင်းတို့ မြန်မာနိုင်ငံမှာ စက်တင်ဘာ သံဃာလှုပ်ရှားမှုကြီး ဖြစ်တဲ့ အချိန်တုန်းကလည်းပဲ တရုတ်အစိုးရဟာ သံဃာတွေဖက်ကလည်း မရပ်ခဲ့ဘူး။ ပြည်သူ
တွေဖက်ကလည်းမရပ်ခဲ့ဘူး။ အဲဒီအတွက် သူဟာ သံဃာတွေကို သတ်ဖို့ ပြည်သူတွေကို သတ်ဖို့ဆိုပြီး နောက်ထပ်တောင် စစ်ကားတွေ ပို့လိုက်တာ ရှိပါတယ်။ အဲဒီတော့ တရုတ်
အစိုးရဟာ ဒီ သံဃာတွေနဲ့ပတ်သက်ပြီးတော့ ဘယ်နည်းနဲ့မဆို တမျိုးတဖုံ မြန်မာအစိုးရ
ထက်ဆိုးတဲ့ နှိမ်နှင်းမှုတွေဖြစ်လာမှာကို ဦးပဉ္ဇင်း အရမ်း စိုးရိမ်မိပါတယ်။”

စက်တင်ဘာ လှုပ်ရှားမှုမှာ သောတုဇနဘိက္ခူလို့ အမည်ပေးထားတဲ့ သံဃာ့လှုပ်ရှားမှု
အဖွဲ့က ဦးဆောင်သံဃာတော်တစ်ပါးဖြစ်ပြီး အခုအခါ ထိုင်းနိုင်ငံကို ထွက်ပြေးတိမ်း
ရှောင်လာတဲ့ မြန်မာရဟန်းတော်တစ်ပါးဖြစ်တဲ့ အရှင် ဦးပညာ ဖြစ်ပါတယ်။

တရုတ်အစိုးရ အာဏာပိုင်တွေဖက်ကတော့ ဒီလို တိဘက် ဘုန်းတော်ကြီးတွေရဲ့
ချီတက် လမ်းလျှောက် ဆန္ဒပြတာတွေဟာ တရားမဝင်တဲ့ လုပ်ဆောင်ချက်အဖြစ် ပြောဆိုထားတာပါ။ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ကျင်ခန်းက ဒီအပတ်အစောပိုင်းတုန်းက ပြောဆိုရာမှာဆိုရင် -

“တရုတ် တရားရေးရာဌာနနဲ့ ဥပဒေရေးရာ တာဝန်ရှိသူတွေအနေနဲ့ နိုင်ငံတော် လုံခြုံ
ရေးနဲ့ လူမှုရေးအရ တည်ငြိမ်မှုတွေရှိအောင် အကာအကွယ်ပေးနိုင်ဖို့ လိုအပ်သလို
ဆောင်ရွက်မယ်။” ဆိုပြီးတော့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်
ကျင်ခန်းက ပြောဆိုသွားပါတယ်။

တရုတ်အစိုးရအနေနဲတော့ တိဘက်ဟာ သမိုင်းကြောင်းအရ တရုတ်နိုင်ငံရဲ့ အစိတ်
အပိုင်းမျှသာ ဖြစ်တယ်ဆိုပြီး ပြောဆိုထားတာပါ။ တိဘက်လူမျိုးတွေဘက်ကတော့
ဟိမဝန္တာပေါ်က ဒီဒေသဟာ ရာစုနှစ်ပေါင်းများစွာ သူတို့ ပိုင်ဆိုင်ထားတာဖြစ်တယ်
လို့ ပြောဆိုထားတာဖြစ်ပြီး တရုတ်အစိုးရဟာ တိဘက်ယဉ်ကျေးမှုတွေကို ချေမုန်း
ဖျက်ဆီးဖို့ ကြိုးစားနေတယ်လို့ စွပ်စွဲ ပြောဆိုထားတာပါ။

မြန်မာနိုင်ငံက သံဃာတော်တွေ ဦးဆောင်တဲ့ လှုပ်ရှားမှုကတော့ အင်အားသုံး ဖြိုခွင်း
တာကို ခံခဲ့ရပြီးတဲ့နောက် တက်ကြွလှုပ်ရှားသူတွေ ရာဂဏန်းနဲ့အတူ သံဃာတော်တွေ
အများအပြား သေဆုံးသူ သေဆုံး၊ ဖမ်းဆီးခံရသူခံရနဲ့ အခုဆိုရင် ဒီလှုပ်ရှားမှုကလည်း အားပျော့သွားခဲ့ပြီလို့ ပြောရမှာပဲ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG