သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရတ် အမျိုးသား ပြန်လည်သင့်မြတ်ရေး တိုးတက်မှု နှောင့်နှေးဆဲ


အီရတ် နိုင်ငံရေးသမားတွေအကြား ယုံကြည်မှု အားနည်းနေတာတွေကြောင့် အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက် နှောင့်နှေးနေရတယ်ဆိုပြီး အီရတ် အစိုးရကပြောပါတယ်။ ဝေဖန်သူတွေ ကတော့ အီရတ် အစိုးရအနေနဲ့ အီရတ်ပြည်သူတွေ လိုအပ်နေတဲ့ လူမှု စောင့်ရှောက်ရေး လုပ်ငန်းတွေကို စတင်လုပ်ဆောင်ဖို့ လိုအပ်တယ်လို့ ပြောပါတယ်။ ဒီလို မလုပ်ရင် မကြာသေးခင်က ကောင်းမွန်လာခဲ့တဲ့ လုံခြုံရေးအခြေအနေ တိုးတက်လာတာတွေ ပြန်ပြီး လက်လွှတ်ရလိမ့်မယ်လို့ ပြောပါတယ်။ အီရတ်မြောက်ပိုင်း Irbial မြို့တော်အတွင်းက ဒန်နီရယ် ရှရတ်ဖ် (Daniel Shearf) သတင်းပေးပို့ထားတာကို ဒေါ်ညိုညိုလွင်က တင်ပြထားပါတယ်။

အီရတ်အစိုးရရဲ့ ပြောရေးဆိုခွင့်ရှိသူ အာလီ အယ်လ် - ဒါဘတ်ဂျ် (Ali al-Dabbagh) က ဝေဖန်သူတွေ ပြောဆိုနေကြတဲ့အတိုင်း နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ သိပ်ကို နှေးကွေးလွန်းနေတယ် ဆိုတဲ့ ပြောဆိုချက်တွေကို သူ့အနေနဲ့ သဘောတူတဲ့အကြောင်း ပြောဆိုပါတယ်။

အီရတ်မှာရှိတဲ့ အမေရိကန်တပ်ဖွဲ့တွေရဲ့ အကြီးအကဲ ဗိုလ်ချုပ်ကြီး ပက်ထရီးယော့စ်က သူ့အနေနဲ့ အီရတ်ရဲ့ နိုင်ငံရေး တိုးတက်မှုတွေကို ကျေနပ်မှုမရှိတဲ့အကြောင်း ပြောဆိုတာကို ဝါရှင်တန်ပို့စ် သတင်းစာမှာ ရေးသားထားပါတယ်။

အယ်လ် ဒါဘက်ဂျက်က အခြေအနေကို ဘယ်သူမှ ကျေနပ်အားရမှု မရှိပါဘူးလို့ ပြောဆိုပါတယ်။

“နိုင်ငံရေးပါတီ အဖွဲ့အစည်းတွေကြားမှာ ယုံကြည်မှု မရှိကြပါဘူး။ ကောင်စီအတွင်းက ကိုယ်စားလှယ်တွေနဲ့ အစိုးရအကြား ကွဲလွဲမှုတွေ ရှိနေတာကို ထင်ဟတ်နေပါတယ်။”

ဒီလို တိုးတက်မှု မရှိဘူးဆိုပေမယ့် တချို့နေရာတွေမှာတော့ တိုးတက်မှုတွေ ရှိလာတာကိုလည်း တွေ့ရပါတယ်။

အီရတ်နိုင်ငံမှာ ဒီနှစ်အတွင်း ဆာဒမ်ဟူစိန် ကျဆုံးပြီး ဗဟိုအစိုးရ အသုံးစရိတ်နဲ့ နိုင်ငံရေး အကျဉ်းသားတွေကို လွတ်ငြိမ်းချမ်းသာခွင့် ပေးရေး အဓိက ဥပဒေကြမ်းတွေ အတည်ပြု ပြဌာန်း နိုင်ခဲ့ပါတယ်။ ဒီ ဥပဒေနှစ်ခုစလုံးဟာ အီရတ်နိုင်ငံအတွင်း မတူညီတဲ့ ဘာသာရေးနဲ့ လူမျိုးစု အဖွဲ့အစည်းတွေ အကြား ယုံကြည်မှု တည်ဆောက်ဖို့ ရည်ရွယ်ပြီး ဆက်တိုက် ဆောင်ရွက်ခဲ့တဲ့ လုပ်ငန်းစဉ်တွေထဲမှာ ပါဝင်ပါတယ်။

ဒါပေမယ့်လည်း အီရတ် သမ္မတရဲ့ ကောင်စီက ပြည်နယ်တွေမှာ ရွေးကောက်ပွဲ ကျင်းပရေး ဥပဒေကိုတော့ လက်မခံဘဲ ပယ်ချလိုက်ပါတယ်။ ဥပဒေကြမ်းကို ပါလီမန်က ပြန်ရေးဆွဲဖို့ ပြန်ပေးအပ်ခဲ့ပါတယ်။

ရင်းနှီးမြှုပ်နှံမှုနဲ့ အီရတ်ရဲ့ ကြီးမားတဲ့ ရေနံတွေပေါ်က ရတဲ့ ဘဏ္ဍာငွေကြေး မျှဝေရေး ဆိုင်ရာ ဥပဒေကတော့ အခုအချိန်အထိ နှောင့်နှေးကြန့်ကြာနေဆဲ ဖြစ်ပါတယ်။

အီရတ်အစိုးရရဲ့ ပြောရေးဆိုခွင့်ရှိသူ အယ်လ် - ဒါဘတ်ဂျ် က ဒီ ဥပဒေနှစ်ရပ် အတည်ပြုရေးဟာ အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် နောက်တဆင့် ဖြစ်တယ်လို့ ပြောပါတယ်။

“ရေနံနဲ့ပတ်သက်တဲ့ ဥပဒေက အီရတ်ရဲ့ စီးပွားရေး အခြေအနေကို ပိုပြီး တိုးတက်လာအောင် ဆောင်ရွက်နိုင်မှာပါ။ ကုမ္မဏီတွေ ဒီထက်ပိုပြီး ရောက်လာမယ်၊ အလုပ်အကိုင်တွေလည်း ပိုပြီး ဖန်တီးပေးနိုင်မယ်။ အခြေအနေကို ပိုကောင်းအောင် လုပ်နိုင်မှာပါ။”

အမေရိကန်ပြည်ထောင်စုနဲ့ အီရတ်ခေါင်းဆောင်တွေကတော့ အစိုးရအနေနဲ့ အီရတ် အစိုးရအနေနဲ့ အီရတ်ပြည်သူတွေ လိုအပ်နေတဲ့ လူမှုစောင့်ရှောက်ရေး လုပ်ငန်းတွေကို ဒီထက်ပိုပြီး ဆောင်ရွက်ဖို့ လိုတယ်လို့ သတိပေးပါတယ်။ ဒီလို မဟုတ်ရင် အီရတ်နိုင်ငံသစ်ကို အယုံအကြည် မဲ့လာပြီး သူပုန်တွေနဲ့ ပူးပေါင်းသွားတာမျိုးတွေ များလာလိမ့်မယ်လို့ သတိပေးထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG