သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နီပေါက တိဗက်အရေး ထောက်ခံတဲ့ဆန္ဒပြပွဲ အင်အားသုံး ချေမှုှန်းခံရ


နီပေါနိုင်ငံမှာ တိဗက်အရေး ထောက်ခံ အားပေးပြီး စုရုံး ဆန္ဒပြတဲ့သူတွေကို ရဲတပ်ဖွဲ့ ဝင်တွေက အကြမ်းဖက် လူစုခွဲလိုက်ပါတယ်။ ကုလသမဂ္ဂရုံးရှေ့ ဆန္ဒပြသူ အများအပြား ဖမ်းဆီးခံရပြီး အတော်များများလည်း ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။ အခုလို လူတွေ စုရုံးဆန္ဒပြတာဟာ တိဗက် ကိုယ်ပိုင် အုပ်ချုပ်ရေးဒေသက လှုပ်ရှားမှုတွေကို ထောက်ခံအားပေးတဲ့ အကြောင်း နီပေါမှာ ရောက်နေတဲ့ တိဗက် ဒုက္ခသည်တွေက ပြသလိုက်တာ ဖြစ်ပါတယ်။

ကုလသမဂ္ဂကတော့ နီပေါ လုံခြုံရေးတပ်ဖွဲ့တွေက ဆန္ဒပြသူတွေအပေါ် အင်အား အလွန်အကျွံသုံး ဖြေရှင်းတာကို စိုးရိမ်မိတယ်လို့ ပြောပါတယ်။ နီပေါနိုင်ငံ ကတ္တမန်ဒူမြို့ကနေ လီယမ် ခေါ့ရှာရန်း (Liam Cochrane) သတင်းပေးပို့ထားတာကို ဦးသိန်းထိုက်ဦးက တင်ပြထားပါတယ်။

ကတ္တမန်ဒူမြို့တော် ကုလသမဂ္ဂဌာနေ ကိုယ်စားလှယ်ရုံးရှေ့မှာ တိဗက် လူမျိုးတွေ စုရုံး ဆန္ဒပြခဲ့ကြပါတယ်။ တိဗက် နယ်မြေအတွင်း သတ်ဖြတ်မှုတွေ အဆုံးသတ်ရေး တောင်းဆိုတဲ့ ပိုစတာတွေ ကိုင်ဆွဲခဲ့သလို ဝတ်ပြုဆုတောင်းပွဲတွေလည်း ကျင်းပခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ နှစ်ရက်ကလည်း အလားတူ လူစုလူဝေး ဆန္ဒပြပွဲတွေကို နီပေါရဲတပ်ဖွဲ့က လူစုခွဲခဲ့ပါတယ်။ တရုတ်နိုင်ငံ ထိန်းချုပ်ထားတဲ့ တိဗက်နယ်မြေအတွင်းမှာ ဆန္ဒပြသူတွေအပေါ် အကြမ်းဖက်နှိမ်နှင်းတာတွေ ပေါ်ပေါက်နေတယ်ဆိုတဲ့ သတင်းတွေ ထွက်ခဲ့ပြီးနောက်ပိုင်း တိဗက် လှုပ်ရှားမှုကို ထောက်ခံတဲ့အနေနဲ့ အခုလို နီပေါမှာလည်း တိဗက်လူမျိုးတွေ ဆန္ဒပြခဲ့ကြတာပါ။

ဂန်းဒေါ့ ဒေါ်ဂျီဟာ (Gundop Dorje) ဟာ ကတ္တမန်ဒူမြို့တော်မှာ ကျင်းပတဲ့ ဆန္ဒပြပွဲမှာ ပါဝင်တဲ့သူတစ်ဦးပါ။

“တိဗက်လူမျိုးတွေအနေနဲ့ အမှားအယွင်း ဘာမှ မလုပ်ခဲ့ဘူးဆိုတာ သေချာပါတယ်။ အခု တိဗက်လူမျိုးတွေ ဒုက္ခတွေ အကြီးအကျယ် ရောက်နေကြပါတယ်။ ဒါ အလေးအနက် ထားရပါလိမ့်မယ်။ ကုလသမဂ္ဂဆီက တိကျတဲ့အဖြေကို ကျနော်တို့ အခုလိုချင်ပါတယ်။”

ဆန္ဒပြပွဲစလို့ သိပ်မကြာခင်မှာပဲ လုံထိန်းနဲ့ ရဲတပ်ဖွဲ့ဝင်တွေ အများအပြား ကားတွေနဲ့ ဆန္ဒပြတဲ့နေရာကို ရောက်လာပါတယ်။ ဆန္ဒပြတဲ့သူတွေကို အတင်းအဓမ္မ ဆွဲခေါ်ပြီး ဖယ်ရှားတာတွေ၊ ထိုင်ဖို့ ငြင်းဆန်တဲ့သူကို ဝါးဒုတ်နဲ့ ရိုက်နှက်တာ နှိမ်နှင်းတာတွေ လုပ်ပါတယ်။

ဆန္ဒပြတဲ့သူ အများအပြား ဒဏ်ရာရပြီး ရဲတွေက လူ ၂၀ လောက်ကို ဖမ်းဆီးလိုက်ပါတယ်။

အခုလို ဆန္ဒပြသူတွေပေါ် တိုက်ခိုက်ဖို့ ရဲတွေကို ဘာကြောင့် အမိန့်ပေးခဲ့တာလဲလို့ ရဲတပ်ဖွဲ့အကြီးအကဲကို မေးကြည့်တဲ့အခါ ရဲတပ်ဖွဲ့ အကြီးအကဲက ပြန်လည်ဖြေဆိုဖို့ ငြင်းဆိုပါတယ်။

တိဗက်လူမျိုးတွေက ကုလသမဂ္ဂရုံးကနေ ဒေသခံ ရဲဌာနကို သွားပြီး ဖမ်းထားတဲ့ သူတွေကို လွှတ်ပေးဖို့ တောင်းဆိုတဲ့အချိန် ရဲတွေနဲ့ ရုန်းရင်းဆန်ခတ် အချင်းများတာတွေ ပိုပြီးဖြစ်ခဲ့ပါတယ်။

ဆန္ဒပြသူတွေက ရဲစခန်းအပြင်မှာ စုရုံးနေခဲ့ပါတယ်။ ဖမ်းထားတဲ့သူတွေရဲ့ အခြေအနေကို စစ်ဆေးကြည့်ဖို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက ဝန်ထမ်းတွေက တောင်းဆိုပေမယ့် ရဲတွေက ခွင့်မပြုခဲ့ပါဘူး။

ကုလသမဂ္ဂရုံး ပြောရေးဆိုခွင့်ရှိသူကတော့ ဒီလို ကုလသမဂ္ဂရုံး အပြင်ဘက်က ဆန္ဒပြပွဲတွေကို အရေးယူ ဖြေရှင်းပေးဖို့ ရဲတွေကို သူတို့အနေနဲ့ မေတ္တာရပ်ခံခဲ့တာ မရှိဘူးလို့ ဆိုပါတယ်။ အခုလို အင်အား အလွန်အကျွံသုံး ဖြေရှင်းတာတွေနဲ့ ပတ်သက်ပြီး သူတို့အနေနဲ့ စိုးရိမ်တဲ့အကြောင်း ထုတ်ဖော်ပြောဆိုပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG