သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာစစ်အစိုးရ ရပ်တည်ချက် ပြန်စဉ်းစားရန် စင်္ကာပူတိုက်တွန်း


မြန်မာစစ်အစိုးရဟာ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် မစ္စတာ အီဗရာဟင် ဂမ်ဘာရီနဲ့ အပြည့်အ၀ ပူးပေါင်းဆောင်ရွက်မှု မလုပ်ခဲ့တာဟာ အခွင့်အလမ်းကောင်းတစ်ခု လက်လွတ်သွားတာ ဖြစ်တယ်လို့ စင်္ကာပူနိုင်ငံက ပြောလိုက်ပါတယ်။ တဆက်တည်းမှာပဲ မြန်မာစစ်အစိုးရအနေနဲ့ သူတို့ရဲ့ရပ်တည်ချက်ကို ပြန်စဉ်းစားဖို့လည်း တိုက်တွန်းလိုက်ပါတယ်။ စင်္ကာပူနိုင်ငံရဲ့ သဘောထား အပြည့်အစုံကို ဦးကျော်ကျော်သိန်းက တင်ပြထားပါတယ်။

မစ္စတာဂမ်ဘာရီရဲ့ လုပ်ငန်းတာဝန်ဟာ အင်မတန်ခက်ခဲတဲ့ အလုပ်တစ်ခုဖြစ်ပါတယ်လို့ စင်္ကာပူ နိုင်ငံခြားရေးဝန်ကြီး ဌာန ပြောရေးဆိုခွင့်ရှိသူက သောကြာနေ့က လုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တာပါ။ မြန်မာကိစ္စဟာ ရှုပ်ထွေးပြီးတော့ ကြီးမားတဲ့ စိတ်ရှည်မှုနဲ့ တစိုက်မတ်မတ် အားထုတ်လုပ်ဆောင်ဖို့ လိုအပ်တဲ့ ကိစ္စပါလို့ ဆိုပါတယ်။ မစ္စတာဂမ်ဘာရီရဲ့ မြန်မာပြည် နောက်ဆုံး ခရီးစဉ်မှာ မြန်မာစစ်အစိုးရ ဘက်က အပြည့်အ၀ ပူးပေါင်းဆောင်ရွက်မှု မရှိခဲ့ပေမယ့် မီဒီယာတွေက ပြောနေသလို ခရီးစဉ်ဟာ မအောင်မြင်ဘူးလို့တော့ အလျင်စလို ကောက်ချက် မချသင့်ပါဘူးလို့လည်း ပြောပါတယ်။

ဒီနေရာမှာ တစ်ခုပြောစရာရှိတာက ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း ကိုယ်တိုင်က မစ္စတာဂမ်ဘာရီရဲ့ ခရီးစဉ်ကနေ မျှော်လင့်ထားသလောက် တိုးတက်မှုတွေ မရခဲ့ဘူးဆိုတာကို ပြောခဲ့တဲ့အချက်ပါပဲ။

ဘယ်လို အခက်အခဲတွေပဲရှိရှိ မြန်မာ့အရေး ဖြေရှင်းရာမှာ မစ္စတာဂမ်ဘာရီဟာ အကောင်းဆုံး အလားအလာအဖြစ် ဆက်ရှိနေတုန်းပဲလို့ စင်္ကာပူနိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ ကုလသမဂ္ဂရဲ့ ကြိုးပမ်းမှုကို နိုင်ငံတကာ အသိုင်းအဝိုင်းက ဆက်ပြီး အထောက်အပံ့ ပြုသင့်ကြောင်းနဲ့ စင်္ကာပူနဲ့ ASEAN အရှေ့တောင်အာရှ နိုင်ငံများအသင်းကတော့ အခိုင်အမာ ဆက်ပြီး ထောက်ခံသွားပါမယ်တဲ့။

မြန်မာ့အရေးမှာ ကုလသမဂ္ဂရဲ့ ကြိုးပမ်းဆောင်ရွက်မှုတွေအပေါ် အနုတ် လက္ခဏာဆောင်တဲ့
ဝေဖန်သံတွေ ကြားနေရချိန်မှာပဲ စင်္ကာပူရဲ့ အခု သဘောထား ထွက်လာတာပါ။ အာဆီယံအဖွဲ့ရဲ့ လက်ရှိဥက္ကဋ္ဌအနေနဲ့ အဖွဲ့ရဲ့ ရပ်တည်ချက်ကို အတည်ပြုလိုက်တဲ့ သဘောလည်းဆောင်ပါတယ်။

မစ္စတာဂမ်ဘာရီဟာ သူ့ရဲ့ခရီးစဉ်အတွင်း မြန်မာစစ်အစိုးရဝန်ကြီးတွေ၊ အခြေခံံဥပဒေမူကြမ်း လူထုဆန္ဒခံယူပွဲ ကျင်းပရေးကော်မရှင်၊ အခြေခံဥပဒေ ရေးဆွဲရေး ကော်မတီ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အပါအဝင် နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံခဲ့သလို ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း နှစ်ကြိမ်တိုင် တွေ့ဆုံခဲ့တာတွေကို ထောက်ပြပြီး ဒါတွေဟာ အပြုသဘောဆောင်တဲ့ တိုးတက်မှုတွေ ဖြစ်တယ်လို့ စင်္ကာပူဘက်က ဆိုပါတယ်။ တချိန်ထဲမှာပဲ အားလုံးပါဝင်တဲ့ နိုင်ငံရေးလုပ်ငန်းစဉ်တစ်ခု ပေါ်ပေါက်ဖို့ရာ လုပ်စရာတွေ အများကြီး ရှိသေးတယ် ဆိုတာကိုလည်း အသိအမှတ်ပြုထားပါတယ်။

စင်္ကာပူနိုင်ငံဟာ မြန်မာစစ်အစိုးရနဲ့ စီးပွားဆက်ဆံရေး နီးနီးကပ်ကပ် လုပ်ဆောင်တာတွေ အတွက်ရော၊ စစ်လက်နက်ပစ္စည်းတွေ ရောင်းချပေးနေတဲ့ အဓိကနိုင်ငံ တစ်ခုအနေနဲ့ရော မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူတွေက အစဉ်တစိုက် ဝေဖန် ကန့်ကွက်တာကို ခံနေရတဲ့ နိုင်ငံတစ်ခုပါ။

မြန်မာစစ်အစိုးရနဲ့နီးစပ်ပြီး စစ်အစိုးရအတွက် ဘဏ္ဍာငွေကြေးဆိုင်ရာ အဓိက အထောက်အပံ့ ပြုနေလို့ အမေရိကန်ပြည်ထောင်စုက ဒဏ်ခတ် ပိတ်ဆို့ အရေးယူမှုတွေ လုပ်ခဲ့တဲ့ စီးပွားရေး လုပ်ငန်းရှင်တွေဟာလည်း စင်္ကာပူနိုင်ငံမှာ အခြေစိုက်ပြီး လုပ်ကိုင်နေကြတာများပါတယ်။

အဖွဲ့ဝင်နိုင်ငံတွေရဲ့ ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ရေးဆိုတဲ့ အာဆီယံ အဖွဲ့က ကိုင်စွဲထားတဲ့မူကို စင်္ကာပူနိုင်ငံကလည်း လက်ခံကျင့်သုံးပေမယ့် ပြီးခဲ့တဲ့နှစ် စက်တင်ဘာလက ဖြစ်ခဲ့ပြီး ခုအခါမှာတော့ ရွှေဝါရောင် တော်လှန်ရေးလို့ ထင်ရှားတဲ့ ဆန္ဒပြပွဲတွေကို စစ်အစိုးရက အကြမ်းဖက် နှိမ်နင်းခဲ့တဲ့အပေါ် စင်္ကာပူအစိုးရက ဝေဖန် ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် စင်္ကာပူနိုင်ငံရဲ့ ဝါရင့် နိုင်ငံရေးခေါင်းဆောင် မစ္စတာလီကွမ်ယုကလည်း မြန်မာစစ်အစိုးရ ခေါင်းဆောင်တွေဟာ စီးပွားရေး စီမံခန့်ခွဲရာမှာ ညံ့ဖျင်းတဲ့ အတွက် အာဏာကို အကန့်အသတ်မရှိ ထိန်းချုပ်ထားဖို့ရာ မဖြစ်နိုင်ပါဘူးလို့ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလကပဲ ဝေဖန်ပြောဆိုခဲ့ဖူးပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG