သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်အစိုးရ ဆက်ကပ်မယ့်ဘွဲ့ လက်မခံရေး ပြည်ပရောက်သံဃာများ ဆော်သြ


ပြည်တွင်းမှာရှိတဲ့ သံဃာတော်တွေအနေနဲ့ စစ်အာဏာပိုင်တွေဘက်ကနေပြီးတော့ ရက်ရက်စက်စက် နှိမ်နှင်းနေတဲ့အတွက် ပွင့်ပွင့်လင်းလင်းမပြောနိုင်ကြပေမဲ့ ပြည်ပမှာ
ရောက်နေတဲ့ သံဃာတော်တွေကတော့ သာသနာတော်ကို ညှိုးနွမ်းအောင် လုပ်နေကြ
တဲ့သူတွေရဲ့ ချီးမြှောက်မှုကို ထေရ်ကြီးဝါကြီး ဆရာတော်ကြီးတွေအနေနဲ့ မခံယူကြဖို့ တိုက်တွန်းနေကြတာပါ။

သာသနာ့ဥသျှောင် ထိုင်းဌာနခွဲရဲ့ ဒုတိယဥက္ကဋ္ဌဆရာတော်လည်းဖြစ်၊ စက်တင်ဘာ
လှုပ်ရှားမှုမှာပါခဲ့တဲ့ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ ဂန့်ဂေါ်တောကျောင်း ဆရာ တော်လည်းဖြစ်တဲ့ ဦးပညာသာမိက ပြည်တွင်းက ဆရာတော်ကြီးတွေကို အခုလို
ပန်ကြားပါတယ်။

“နဝတ စစ်အစိုးရဟာ တဖက်မှာ သာသနာတွင်းမှာရှိတဲ့ သာသနာပြု သံဃာတော်တွေကို ဖမ်းဆီးတယ်၊ ထောင်ချတယ်၊ သတ်ဖြတ်နေပြီးတော့ တဖက်မှာ သူတို့ရဲ့ သွေးစွန်းနေတဲ့ လက်တွေနဲ့ သံဃာတော်တွေကို ဘွဲ့ပေးတယ်ဆိုတာ ဘယ်လိုမှ လက်ခံစရာ မရှိဘူး။ နအဖ စစ်အစိုးရ ကိုယ်တိုင်က ပြည်သူက တင်မြှောက်ထားတဲ့ အစိုးရမှ မဟုတ်ဘဲ။ သူတို့က မတရားသဖြင့် အာဏာကို ယူထားတဲ့ အစိုးရဆိုတော့ ရှင်းရှင်းပြောရရင် သူတော်ကောင်းကို သူမိုက်က ချီးမြှောက်တာ ဘယ်လိုမှ ဘုံမမြောက်နိုင်ပါဘူး။ ဒါကြောင့်မို့လို့ ပြည်တွင်းမှာ ရှိကြတဲ့ ဆရာတော် သံဃာတော်များနဲ့ လူပုဂ္ဂိုလ်အနေဖြင့် ဒီဘွဲ့တွေကို တက်မယူကြပါနဲ့လို့။ ဖမ်းဆီးခံထားရတဲ့ သံဃာတော်တွေ ပြည်ပကို ထွက်ပြီးနေကြရတဲ့ သံဃာတော်တွေ၊ အသက်ပေးထားရတဲ့ သံဃာတော်တွေအတွက်ကို မေတ္တာရပ်ခံနေတာပါ။”

ဘင်္ဂလားဒေရှ့်နိုင်ငံကို ရောက်နေတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့ကိုယ်စားလှယ် အဖွဲ့က အတွင်းရေးမှူး ဦးထာဝရကလည်း အခု သံဃာတော် အပါး ၁၂၀၀ ကျော်နဲ့၊ သီလရှင်အပါး (၃၀)ကျော်ကို ဖမ်းဆီးထားပြီး အလုပ်ကြမ်းနဲ့ လုပ်ခိုင်းနေတဲ့ စစ်အစိုးရ ကပ်လှူမဲ့ ဘွဲ့တံဆိပ်တော်တွေကို မမက်မောသင့်ပါဘူးလို့ မိန့်ကြားပါတယ်။ ဒါ့အပြင် နယူးဇီလန် နိုင်ငံကို ရောက်နေတဲ့ သံဃာဥသျှောင်ဌာနခွဲက ဆရာတော် ဦးသြဘာသကလည်း

“နဝတ၊ နအဖက ဆက်ကပ်လှူဒါန်းနေတဲ့ ဘွဲ့တံဆပ်တွေကို သံဃာများအနေဖြင့် အားလုံးကနေပြီး ပတ္တနိက္ကုဇ္ဇနကံ သပိတ်မှောက်ထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ မခံယူကြဖို့ ဦးဇင်းတို့ နယူးဇီးလန် နိုင်ငံကနေပြီးတော့ သာသနမောလိဌာနခွဲအနေနဲ့ ပြတ်ပြတ်သားသားကန့်ကွက်တယ်။ ဆရာတော်ကြီးများအနေနဲ့လည်း သာသနာကို ပျက်စီးရာ ပျက်စီးကြောင်း၊ သံဃာတော်တွေကို ညှဉ်းပန်းနှိပ်စက်နေတဲ့ သူတွေ ဆက်ကပ်နေတဲ့ ဒီ ဘွဲ့တံဆိပ်တော်တွေကို လက်ခံယူခြင်းအားဖြင့်၊ ငါတို့ဟာ သာသနာမျက်နှာကို ကြည့်ရာမရောက်ဘူး။ သံဃာ့မျက်နှာကိုကြည့်ရမရောက်ဘူးလို့ အောက်မေ့သင့်ပါတယ်။ ဦးဇင်းတို့ သာသနာရဲ့အပေါ်မှာ ပျက်စီးရာ ပျက်စီးကြောင်းအလုပ်တွေပဲလို့ ဦးဇင်းတို့ ခံစားမိပါတယ်။”

အခုလို ဒီဘွဲ့တံဆိပ်ကပ်ပြီး လာဘ်ပေးတဲ့ သဘောမျိုးလုပ်နေတာဟာ သံဃာတော်တွေကို အချင်းချင်း ကွဲပြားအောင် လုပ်နေတာမို့ ဒီဘွဲ့တွေကို လက်မခံသင့်တာပါလို့လည်း ပြည်ပရောက်သံဃာတွေကမိန့်ကြားကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG