သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်အစိုးရ ဖွဲ့စည်းပုံဥပဒေကို အသိအမှတ်မပြုရေး အမေရိကန်လွှတ်တော် အဆိုပြု


မြန်မာစစ်အစိုးရက ရေးဆွဲအတည်ပြုဖို့ စီစဉ်နေတဲ့ အခြေခံဥပဒေမူကြမ်းကို နိုင်ငံ
တကာ အတိုင်းအတာနဲ့ ဆန့်ကျင်ကြဖို့၊ မြန်မာ့အရေးကို ကုလသမဂ္ဂ လုံခြုံရေး
ကောင်စီက အရေးယူကိုင်တွယ်ဖို့ အမေရိကန်ပြည်ထောင်စုက ဆုံးဖြတ်ချက်တရပ်
ချမှတ်ရေး လွှတ်တော်အမတ်တွေက သမ္မတဘုရှ် အစိုးရကို တိုက်တွန်းနေပါတယ်။ ဒီလိုဆုံးဖြတ်ချက်တွေ အတည်ဖြစ်လာခဲ့ရင် မြန်မာ့အရေးအတွက် ဘယ်လိုအကျိုး
ဆက်တွေ ရှိလာနိုင်သလဲဆိုတဲ့အပေါ် အမေရိကန်ပြည်ထောင်စုအခြေစိုက် မြန်မာ့
အရေး လှုပ်ရှားမှုနေတဲ့ US Campaign for Burma အဖွဲ့ကို ဆက်သွယ်မေးမြန်းထား
တဲ့ ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။

မြန်မာစစ်အစိုးရက လာမယ့်မေလထဲမှာ လူထုဆန္ဒခံယူပွဲတရပ် ကျင်းပပြီး အတည်ပြု
ဖို့ စီစဉ်နေတဲ့ အခြေခံဥပဒေမူကြမ်းဟာ သက်ဆိုင်သူတွေ ပါဝင်ခွင့်မရ၊ တရားမျှတမှု
တွေလည်း မရှိတာကြောင့် ဒါကို နိုင်ငံတကာအသိုင်းအဝိုင်းက လက်မခံ ကန့်ကွက်နိုင်
ဖို့ ဆုံးဖြတ်ချက်တရပ် ချမှတ်နိုင်ရေး အမေရိကန်ပြည်ထောင်စုမှာ သြဇာအရှိန်အဝါ
ကြီးမားသူ လွှတ်တော်အမတ်တွေက ကြိုးပမ်းနေတာပါ။ နယူးဂျာစီပြည်နယ် ဒီမို
ကရက်ပါတီအမတ် မစ္စတာ ရပ်ရှ်ဟော့လ်တ် (Rush Holt)၊ ကယ်လီဖိုးနီးယားပြည်နယ် ဒီမိုကရက်ပါတီအမတ် မစ္စတာ ဟောင်းဝပ်တ် ဘားမန်း (Howard Berman) နဲ့
ဖလော်ရီဒါပြည်နယ် ရီပတ်ဘလစ်ကန် အမျိုးသမီးအမတ် မစ္စအယ်လီယာနား ရို့စ်
လက်တီနန် (Ileana Ros-Lehtinen) တို့ ဦးဆောင်တင်သွင်းခဲ့တဲ့ ဒီအဆိုနဲ့ပတ်သက်လို့ အမေရိကန်ပြည်ထောင်စုမှာ အခြေစိုက်ပြီး မြန်မာ့အရေးလှုပ်ရှားနေတဲ့ US Campaign
for Burma အဖွဲ့က မူဝါဒရေးရာ ဒါရိုက်တာ ကိုအောင်ဒင်က အခုလို ပြောပြပါတယ်။

“အခု အမေရိကန်ပြည်ထောင်စုရဲ့ ကွန်ဂရက်စ်လွှတ်တော်အမတ်တွေက မြန်မာ့အရေး
ကို သေသေချာချာ လေ့လာသုံးသပ်နေကြတယ်။ နအဖရေးဆွဲထားတဲ့ ဖွဲ့စည်းပုံ
အခြေခံံဥပဒေက ပြည်သူလူထုရဲ့ဆန္ဒကို ကိုယ်စားမပြုဘူး၊ ပြည်သူလူထုက ရွေးချယ် တင်မြှောက်ထားတဲ့ ကိုယ်စားလှယ်တွေလည်း ပါဝင်ရေးဆွဲခြင်းမပြုရဘူး၊ စစ်အာဏာ
ရှင်စနစ် တည်မြဲရေးကိုပဲ ရည်ရွယ်ပြီး ဒီဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲထားတာဖြစ်
တယ်၊ ပြီးတော့ ဒီဖွဲ့စည်းပုံကို နအဖက အတင်းအဓမ္မ အတည်ပြုဖို့ကြိုးစားနေတယ်
ဆိုတာလည်း သူတို့သိတယ်။

“ပြည်တွင်းမှာလည်း ၈၈ မျိုးဆက်ကျောင်းသားများ၊ လွှတ်တော်ကိုယ်စားလှယ်များ
အပါအဝင် ဒီမိုကရေစီအင်အားစုတွေက ဒီဖွဲ့စည်းပုံအခြေခံဥပဒေကို နအဖက လူထု ဆန္ဒခံယူပွဲကျင်းပပြီး အတည်ပြုဖို့ ကြိုးစားမယ်ဆိုရင် လူထုကို ကန့်ကွက်မဲပေးကြဖို့ စည်းရုံးလှုံ့ဆော်နေတာလည်း သူတို့သိတယ်။ ဒါကြောင့် ပြည်တွင်းက ဒီမိုကရေစီ
အင်အားစုများကို ထောက်ခံပံ့ပိုးတဲ့အနေနဲ့ ဒီဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ပြုလာ
ခဲ့လို့ရှိရင် နိုင်ငံတကာကရော အမေရိကန်အစိုးရကပါ အသိအမှတ်မပြုကြဖို့ တောင်း
ဆိုတဲ့ ဥပဒေမူကြမ်းတရပ်ကို သောကြာနေ့က အမေရိကန်ပြည်ထောင်စု အောက်
လွှတ်တော်မှာ တင်သွင်းလိုက်တာပါ။”

အောက်လွှတ်တော် ဆုံးဖြတ်ချက်ကို ရေးသားခဲ့သူ နယူးဂျာစီပြည်နယ် ဒီမိုကရက်ပါတီ
အမတ် မစ္စတာရပ်ရှ်ဟော့လ်တ်ကလည်း မြန်မာပြည်သူတွေဟာ လူ့အခွင့်အရေးနဲ့ လွတ်မြောက်ရေးတွေ ရရှိခံစားနိုင်ဖို့ သန္နိဋ္ဌာန်တွေ ချမှတ်ထားတယ်၊ သူတို့တတွေရဲ့
ရဲရင့်တဲ့ စွမ်းဆောင်ချက်တွေအတွက် ပံ့ပိုးကူညီမှုတွေ ရသင့်တယ်ဆိုပြီးတော့လည်း ပြောဆိုထားတာပါ။ အခုဆုံးဖြတ်ချက်ကလည်း မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီရေး ကြိုးပမ်းမှုတွေအတွက် အတူရပ်တည်နေတယ်ဆိုတဲ့ သတင်းစကားကို ဆောင်ကြဉ်း နိုင်လိမ့်မယ်လို့လည်း မစ္စတာရပ်ရှ်ဟော့လ်တ်က ပြောခဲ့ပါသေးတယ်။ ဒီလို မြန်မာ့ဒီမို ကရေစီရေးအတွက် အမေရိကန်လွှတ်တော်အမတ်တွေရဲ့ ပံ့ပိုးကူညီမှုတွေအပေါ်
မြန်မာ့အရေး လှုပ်ရှားသူတွေကလည်း အားတက်နေကြတာပါ။

“ဒါကတော့ အမေရိကန်ပြည်ထောင်စု အောက်လွှတ်တော်၊ အထက်လွှတ်တော်တင်
မကဘူး၊ နိုင်ငံတကာမှာရှိတဲ့ အစိုးရတွေ၊ ပါလီမန်တွေ ကိုယ်၌ကိုက နအဖ စစ်အုပ်စု
ကို ပြင်းပြင်းထန်ထန် သတိပေးဖို့လိုတယ်။ ဒီတဖက်သတ်လုပ်ငန်းတွေ ရပ်တန်းကရပ်၊ တဖက်သတ်ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို အခုလို အတင်းအဓမ္မ အတည်
ပြုမယ်ဆိုရင် ဒီဖွဲ့စည်းပုံအခြေခံဥပဒေကို ငါတို့အစိုးရတွေ၊ ငါတို့ပါလီမန်တွေက အသိ
အမှတ်မပြုဘူး။ ဘာလို့လဲဆိုတော့ ဒီဖွဲ့စည်းပုံက လူထုဆန္ဒကို ကိုယ်စားမပြုလို့။
တိုင်းပြည်ရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ တိုင်းရင်းသားလူမျိုးစုများအရေး စသဖြင့် ပြဿနာတွေအားလုံးကိုလည်း ဖြေရှင်းနိုင်စွမ်းမရှိလို့။ အဲတော့ ငါတို့တွေကတော့ မင်း တဖက်သတ်ရေးဆွဲတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်မပြုဘူးဆိုတာမျိုးကို နိုင်ငံ
တကာ အစိုးရတွေ၊ နိုင်ငံတကာ ပါလီမန်တွေက ပြင်းပြင်းထန်ထန် အော်ဟစ်
ကြွေးကြော်ပြီး နအဖကို ဖိအားပေးဖို့လိုပါတယ်။

“အခု အမေရိကန်ပြည်ထောင်စု ကွန်ဂရက်စ်လွှတ်တော်အမတ်များရဲ့ ဆောင်ရွက်ချက်
ဟာ အင်မတန်မှ လေးစားစရာကောင်းတယ်။ ကျနော်တို့ မြန်မာ့ဒီမိုကရေစီရေး
လှုပ်ရှားသူများနဲ့ တသားတည်းဖြစ်နေတဲ့အတွက် ကျနော်တို့က ကြိုဆိုတယ်၊ ထောက်
ခံတယ်။ အလားတူပဲ အခြားအခြားသော နိုင်ငံတွေမှာရှိတဲ့ လွှတ်တော်ကိုယ်စားလှယ်
တွေကလည်း ဒီလိုလှုပ်ရှားမှုတွေ ဆောင်ရွက်ပြီး သက်ဆိုင်ရာအစိုးရတွေကို ဖိအား
ပေးကြဖို့ မျှော်လင့်ပါတယ်။”

အခုဆုံးဖြတ်ချက်က ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေနဲ့ မြန်မာစစ်အစိုးရရဲ့ အခြေခံ
ဥပဒေကို လက်မခံ အသိအမှတ်မပြုရေး၊ နောက် မြန်မာစစ်အစိုးရဘက်က လိုက်နာ
ဆောင်ရွက်ရမယ့် ဆုံးဖြတ်ချက်တရပ် လုံခြုံရေးကောင်စီကချမှတ်ဖို့ သမ္မတဘုရှ်
ကိုယ်တိုင် တိုက်တွန်းဖို့လည်း တောင်းဆိုလိုက်ပါတယ်။ အခုဆုံးဖြတ်ချက်ကို သမ္မတ
ဘုရှ် အစိုးရက လက်ခံအတည်ပြုမယ်ဆိုရင် မြန်မာ့အရေးအတွက် အကျိုးသက်ရောက်
မှုတွေက ဘယ်အတိုင်းအတာအထိ ရှိလာနိုင်မှာပါလဲ။ ကိုအောင်ဒင်ကတော့ …

“ဆုံးဖြတ်ချက်ကျရင် အမေရိကန်ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်များရဲ့
သဘောထားက ဒီလိုဆိုတာမျိုးကို နိုင်ငံတကာ လွှတ်တော်ကိုယ်စားလှယ်များနဲ့ နိုင်ငံ
တကာ အစိုးရများ သိရှိမယ်၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကလည်း သဘောပေါက်
နားလည်မယ်။ အမေရိကန်သမ္မတအတွက်ကျတော့ သူ့ရဲ့ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြား
ရေးရာ ပေါ်လစီမှာ ကွန်ဂရက်စ်လွှတ်တော်ရဲ့ လမ်းညွှန်ချက်တရပ်အဖြစ် တည်ရှိပြီး
တော့ သမ္မတက လွှတ်တော်ကိုယ်စားလှယ်များရဲ့ဆန္ဒကို ဆက်ပြီး အကောင်အထည်
ဖော်သွားရမယ်။”

အမေရိကန်ပြည်ထောင်စုမှာ အခြေစိုက်ပြီး မြန်မာ့အရေးလှုပ်ရှားနေတဲ့ US
Campaign for Burma အဖွဲ့က မူဝါဒရေးရာ ဒါရိုက်တာ ကိုအောင်ဒင် ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG