သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတလောင်း ယှဉ်ပြိုင်သူတွေရဲ့ နိုင်ငံကူးလက်မှတ်ဆိုင်ရာ သတင်း အချက်အလက်တွေ ခိုးကြည့်ခံရ


အမေရိကန်ပြည်ထောင်စုမှာ သမ္မတလောင်းအဖြစ် ယှဉ်ပြိုင်နေတဲ့သူ သုံးယောက်စလုံးရဲ့ နိုင်ငံကူး လက်မှတ်ဆိုင်ရာ သတင်းအချက် အလက်တွေကို ကန်ထရိုက်စနစ်နဲ့ ယာယီခန့်ထားတဲ့ ဝန်ထမ်း တချို့က ခိုးကြည့်ခဲ့တဲ့အကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက သောကြာနေ့မှာ ဝန်ခံ ပြောဆိုပါတယ်။ ဒီကိစ္စကို အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနအနေနဲ့ အပြည့်အ၀ စစ်ဆေးပါ့မယ်လို့ ကတိပေးပြီး ဒီလို မတရားတဲ့ နည်းလမ်းနဲ့ မှတ်တမ်းတွေ ကြည့်ခဲ့မိတာတွေအတွက် တောင်းပန်ခဲ့ပါတယ်။ ဝါ ရှင်တန်ကနေ ဗီအိုအေ အမျိုးသား သတင်းထောက် ဂျင်မဲလွန်း (Jim Malone) သတင်းပေးပို့ထားတာကို ဦးသိန်းထိုက်ဦးက တင်ပြထားပါတယ်။

သမ္မတလောင်းအတွက် ယှဉ်ပြိုင်သူ ဘားရက်ခ် အိုဘားမား (Barack Obama) ရဲ့ နိုင်ငံကူးလက်မှတ်ဆိုင်ရာ မှတ်တမ်းဖိုင်တွေကို ဒီနှစ် ဇန္နဝါရီလ နောက်ပိုင်း သုံးကြိမ် တရားမဝင် ကြည့်တာကို ခံခဲ့ရတယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ပထမ ကြေညာပါတယ်။ ဒီလို ကြည့်တာနဲ့ ဆက်စပ်ပြီး ကန်ထရိုက်စနစ်နဲ့ ယာယီခန့်ထားတဲ့
ဝန်ထမ်း နှစ်ယောက်ကို ရာထူးက ဖယ်ရှားလိုက်ပြီး တတိယ တစ်ယောက်ကို ပြင်းပြင်းထန်ထန် သတိပေးခဲ့ပါတယ်။

နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက သမ္မတလောင်းအတွက် ယှဉ်ပြိုင်နေတဲ့ ဟယ်လ်လာရီ ကလင်တန် (Hillary Clinton) ရဲ့ နိုင်ငံကူး လက်မှတ်ဆိုင်ရာ မှတ်တမ်းဖိုင်တွေလည်း ပြီးခဲ့တဲ့နှစ်က မတရားနည်းလမ်းနဲ့ ကြည့်တာကို ခံခဲ့ရတယ်လို့ နောက်ပိုင်းမှာ ဝန်ခံခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စု အိုရီဂွန်ပြည်နယ်မှာ မဲဆွယ်စည်းရုံးနေတဲ့အချိန် အိုဘားမားက သူ့အနေနဲ့ ဒီကိစ္စနဲ့ပတ်သက်ပြီး ကွန်ဂရက်စ်လွှတ်တော်က ပြည့်ပြည့်စုံစုံ စိစစ်စစ်ဆေးမယ်လို့ မျှော်လင့်တဲ့ အကြောင်း သတင်းထောက်တွေကို ပြောဆိုပါတယ်။

“အမေရိကန်ပြည်သူတွေအနေနဲ့ အစိုးရ ဘယ်အဆင့်ကိုပဲဖြစ်ဖြစ် ဆက်သွယ် ဆောင်ရွက်တဲ့အခါ ယုံကြည်တာက - ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို ထုတ်ဖော်ပြောဆိုရတယ်ဆိုရင် ဒီအချက်အလက်တွေက ဒါ ကိုယ်ရေးကိုယ်တာနဲ့သာ ပတ်သက်တယ်၊ လူတွေသိအောင် ထုတ်ဖေါ်တာ မဟုတ်ဘူး ဆိုတာကို ယုံကြည်ထားကြပါတယ်။”

အထက်လွှတ်တော်အမတ် အိုဘားမားရဲ့ ဖိုင်ကို ရယူခဲ့တဲ့ ယာယီစာချုပ်နဲ့ လုပ်ကိုင်တဲ့ ဝန်ထမ်းဟာ ရစ်ပါဗလစ်ကန်ပါတီက သမ္မတလောင်း အထက် လွှတ်တော်အမတ် ဂျွန်မက်ကိန်း (John McCain) ရဲ့ ဖိုင်ကိုလည်း မတရား နည်းလမ်းနဲ့ ကြည့်ရှုခဲ့တယ်လို့ ယုံကြည်ရတဲ့အကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ရွှန် မက်ကောမက် (Sean McCormack) က ပြောပါတယ်။

ဂျွန် မက်ကိန်းဟာ ပြင်သစ်နိုင်ငံကို ရောက်နေပါတယ်။ ဒီ ကိစ္စနဲ့ပတ်သက်လို့ တောင်းပန်ဖို့ လိုတဲ့အကြောင်းနဲ့ အပြည့်အ၀ စစ်ဆေးဖို့ တောင်းဆိုပါတယ်။

အမေရိကန်ပြည်ထောင်စုဟာ လူတိုင်းလူတိုင်းရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို မပေါက်ကြားအောင် တန်ဘိုးထားတဲ့နိုင်ငံပါ။ ဒီကိစ္စကို မှန်မှန်ကန်ကန် အရေးယူ ဖြေရှင်းသင့်ပါတယ်လို့ ပြောဆိုသွားပါတယ်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ကွန်ဒိုလီဇာရိုက်စ် (Condoleezza Rice) ကတော့ ဆီးနိတ် လွှတ်တော်အမတ် အိုးဘားမား အပါအဝင် သမ္မတလောင်း အတွက် ယှဉ်ပြိုင်သူ သုံးယောက်စလုံးကို တယ်လီဖုံးဆက်ပြီး သူ့အနေနဲ့ စိတ်မကောင်း ဖြစ်မိတဲ့အကြောင်း ပြောဆိုခဲ့တယ်လို့ ပြောပါတယ်။

“တကယ်လို့ ကျမသာ ကျမနဲ့ ပတ်သက်တဲ့ နိုင်ငံကူးလက်မှတ် ကိုယ်ရေးကိုယ်တာ ဖိုင်တွေ အကြည့်ခံရမယ်ဆိုရင် ကျမ တော်တော်လေးကို စိတ်အနှောင်အယှက် ဖြစ်မိတယ်လို့ ကျမ ပြောခဲ့ပါတယ်။ ဒါကြောင့် ဒီကိစ္စကို အပေါ်ကနေ ကြီးကြပ်ပြီး နှိုက်နှိုက်ချွတ်ချွတ် စစ်ဆေးမယ်လို့ ပြောထားခဲ့ပါတယ်။”

ဒီလို အရှုတ်အထွေးတွေ ပေါ်နေချိန်မှာပဲ အထက်လွှတ်တော်အမတ် အိုးဘားမားကို အရင်က ယှဉ်ပြိုင်ဘက်တစ်ဦးဖြစ်တဲ့ နယူးမက္ကဆီကို (New Mexico) ပြည်နယ် လွှတ်တော်အမေတ် ဘီလ် ရစ်ချတ်ဆင်န် (Bill Richardson) က ထောက်ခံတဲ့အကြောင်း ပေါ့တ်လန် (Portland) မြို့ လူထု စည်းဝေးပွဲအတွင်းမှာ ပြောဆိုလိုက်ပါတယ်။ ဒါကတော့ အထက် လွှတ်တော်အမတ် အိုဘားမားအတွက် ဂုဏ်ယူစရာတစ်ခု ဖြစ်ခဲ့ပါတယ်။

လာမယ့် ဧပြီလ ၂၂ ရက် ပန်ဆယ်လ်ဗေးနီးယား (Pennsylvania) ပြည်နယ်မှာ သမ္မတလောင်း ရွေးချယ်ပွဲ ကျင်းပတဲ့အခါမှာတော့ ဟယ်လာရီ ကလင်တန် အနေနဲ့ အထက်လွှတ်တော်အမတ် အိုဘားမားအတွက်ပဲ ကိုယ်စားလှယ်လောင်းတွေ ပိုရနေတာကို ဟန့်တားပြီး ဟယ်လာရီဘက်က အနိုင်ရလိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။ အခုအချိန်အထိ ဒီမိုကရက်ပါတီအတွင်း သမ္မတလောင်း အတွက် ကိုယ်စားလှယ် အရေအတွက် အများစုကို ဘားရက်ခ် အိုဘားမားက ပိုပြီး အသာစီးက ရနေပါတယ်။ ဒါပေမယ့်လည်း ဒီမိုကရက်ပါတီအတွင်း သတ်မှတ်ထားတဲ့ အထူး ကိုယ်စားလှယ် လောင်း အရေအတွက် ထောက်ခံမှု ဘယ်သူမှ ပြည့်မှီအောင် မရဘူးဆိုရင် ဘယ်သူ့ကို သမ္မတလောင်းအဖြစ် ရွေးချယ်မယ်ဆိုတာကို သြဂတ်စ်လ ဒီမိုကရက် ပါတီ ညီလာခံ မတိုင်ခင်မှာ ဆုံးဖြတ်နိုင်မှာ မဟုတ်ပါဘူး။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG