သုံးရလွယ်ကူစေသည့် Link များ

တရုတ်အစိုးရရဲ့ တိဘက်ဆန္ဒပြ နှိပ်ကွပ်မှုကို အမေရိကန် အောက်လွှတ်တော် ဥက္ကဌ ရှုတ်ချ


အမေရိကန် အောက်လွှတ်တော် ဥက္ကဋ္ဌ နန်စီ ပလိုစီ (Nancy Pelosi) က တိဘက် ဆန္ဒပြ ကန့်ကွက်သူများကို တရုတ်အစိုးရရဲ့ နှိမ်နှင်းမှုအတွက် ကမ္ဘာက ရှုတ်ချကြဖို့ ဆော်သြလိုက်ပြီး ဒီပဋိပက္ခဟာ ကမ္ဘာ့အသိတရား စိတ်ဓါတ်ကို အကဲစမ်းခဲ့တယ်လို့ ပြောကြားပါတယ်။ အဓိက အမေရိကန် ဥပဒေပြု ကိုယ်စားလှယ်က အဝေးရောက် တိဘက်အစိုးရ ဋ္ဌာနေဖြစ်တဲ့ အိန္ဒိယနိုင်ငံ မြောက်ပိုင်း ဒရမ်းဆလားမြို့မှာ ဒီကနေ့ တိဘက် ဘုန်းတော်ကြီး ဒလိုင်းလားမားနဲ့ တွေ့ဆုံခဲ့စဉ် ပြောကြားတာ ဖြစ်ပါတယ်။

မစ္စ ပလိုစီဟာ - တိဘက်မှာ တရုတ်အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့ပြီး နောက်ပိုင်းမှာ ဘုန်းတော်ကြီး ဒလိုင်းလားမားနဲ့ တွေ့ဆုံတဲ့ ပထမဆုံးသော အထင်ကရ နိုင်ငံတကာ ပုဂ္ဂိုလ်တစ်ဦး ဖြစ်ပါတယ်။

တရုတ်အာဏာပိုင်တွေက တိဘက်ဟာ ပြည်တွင်းရေးကိစ္စ ဖြစ်တယ်လို့ အစောတလျင် တုံ့ပြန်ခဲ့ပါတယ်။ အိန္ဒိယနိုင်ငံဆိုင်ရာ တရုတ်သံအမတ် ဇန်ရမ်း က ဘယ်နိုင်ငံ ဘယ်အဖွဲ့အစည်း ဒါမှမဟုတ် ဘယ်ပုဂ္ဂိုလ်ကမှ တာဝန်မဲ့စကားများ မပြောဆိုသင့်ဘူးလို့ ပြောကြားပါတယ်။

တရုတ် လူ့အခွင့်အရေး မှတ်တမ်းကို ပြင်းပြင်းထန်ထန် ဝေဖန်သူ မစ္စ ပလိုစီက မငြိမ်သက်မှုကို နိုင်ငံတကာက စုံစမ်းစစ်ဆေးမှု ပြုလုပ်ဖို့လည်း နိုးဆော်ခဲ့ပါတယ်။

အဝေးရောက် တိဘက်အစိုးရ အခြေစိုက် အိန္ဒိယနိုင်ငံ မြောက်ပိုင်း ဒရမ်ဆလာမြို့ကို ရောက်ရှိလာတဲ့ မစ္စ ပလိုစီ ကို ထောင်နဲ့ချီတဲ့ တိဘက်လူမျိုးတွေက ကြိုဆိုနုတ်ဆက် ခဲ့ကြပါတယ်။ ကိုယ့်တိုင်းပြည် ရေမြေပေါ်က အမှန်တရားရဲ့ လင်းရောင်ခြည် ဖယ်ရှားခြင်းကို ခံခဲ့ရတဲ့ တိဘက်လူမျိုးတို့ရဲ့ ၀မ်းနည်း ကျေကွဲဖွယ်ကာလမှာ မိမိအနေနဲ့ လာရောက် အားပေး နှစ်သိမ့်တာ ဖြစ်တယ်လို့ မစ္စ ပလိုစီက ပြောကြားလိုက်ပါတယ်။

မနေ့က နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ၂၆ ဦးတို့က တိဘက်အရေးနဲ့ပတ်သက်ပြီး ကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့တာမှာ တိဘက်က ဆန္ဒပြသူတွေအပေါ် တရုတ်အစိုးရရဲ့ ဖြိုခွင်းနှိပ်ကွပ်မှုကို ပြစ်တင်ရှုတ်ချလိုက်ပြီးတော့ တရုတ်အနေနဲ့ ဘုန်းတော်ကြီး ဒလိုင်းလားမားနဲ့ တွေ့ဆုံဆွေနွေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

တိဘက် ပဋိပက္ခကို တရုတ်သမ္မတ ဟူကျင်းတောင်နဲ့ တွေ့ဆုံဆွေးနွေးဖို့ သူ့အနေနဲ့ အဆင်သင့်ပါပဲလို့ ဘုန်းတော်ကြီး ဒလိုင်းလားမားက မနေ့က ပြောကြားခဲ့ပါတယ်။ တိဘက်ရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး လမ်းညွှန်မှုတွေကို တရုတ်က ထောက်ပြမယ့် တွေ့ဆုံဆွေးနွေးမှုမျိုးမှာ သူ့အနေနဲ့ ပါဝင် ဆွေးနွေးမယ်လို့လည်း ဒလိုင်းလားမားက ဆိုပါတယ်။ ကြိုတင်စည်းကမ်း သတ်မှတ်ချက်တွေ ထားရှိပြီး တရုတ်အစိုးရအနေနဲ့ ဘုန်းတော်ကြီး ဒလိုင်းလားမားနဲ့ တွေ့ဆုံဆွေးနွေးဖို့ ဆန္ဒရှိကြောင်း ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ တရုတ်ဝန်ကြီးချုပ် ၀န်ကျားပေါင်က ဗြိတိသျှ ၀န်ကြီးချုပ် ဂေါ်ဒန်ဘရောင်းနဲ့ တယ်လီဖုန်း ဆက်သွယ်မှုမှာ ပြောဆိုခဲ့ပါတယ်။ ဒီသတင်းမီဒီယာတချို့မှာ ဖော်ပြနေသလို ၀န်ကြီးချုပ်ရဲ့ ပြောကြားချက်ဟာ တရုတ်ရဲ့ တိဘက်ဆိုင်ရာ မူဝါဒ ပြောင်းလဲမှု ဖြစ်တယ်ဆိုတာ မဟုတ်ဘူးလို့ တရုတ် နိုင်ငံခြားရေးဝန်ကြီး ဋ္ဌာနက ပြောဆိုပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG