သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အကျပ်အတည်းမျိုးစုံကြောင့် မြန်မာနိုင်ငံမှာ မတည်ငြိမ်မှုတိုးနိုင်


ရန်ကုန်မြို့ ရွှေတိဂုံဘုရားပေါ်မှာ ကိုယ့်ကိုယ်ကို မီးရှို့သတ်သေပြီး ဆန္ဒပြဖို့ ကြိုးပမ်းခဲ့
တာဟာ မြန်မာနိုင်ငံက ဆိုးရွားလာနေတဲ့ အခြေအနေတွေရဲ့ ရောင်ပြန်ဟပ်မှုတခုလို့
လူ့အခွင့်အရေး လှုပ်ရှားနေသူတွေက ရှုမြင်ကြပါတယ်။ ဒီလိုသာ အခြေအနေတွေ ဆက်ဆိုးနေဦးမယ်ဆိုရင် နောက်ထပ် ဒီလို မတည်မငြိမ်မှုတွေ ဖြစ်လာနိုင်လိမ့်မယ်
ဆိုပြီးတော့လည်း သတိပေးလိုက်ပါတယ်။ အကြောင်းစုံကို ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။

တပေါင်းလပြည့်နေ့က ရွှေတိဂုံဘုရားပေါ်မှာ အမျိုးသားတဦး ကိုယ့်ကိုယ်ကို မီးရှို့ပြီး
ဆန္ဒပြဖို့ ကြိုးပမ်းခဲ့တာဟာ မြန်မာနိုင်ငံထဲက လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး အခြေ
အနေတွေ တနေ့တခြား ဆိုးရွားလာနေတာက ထွက်ပေါ်လာတဲ့ နောက်ဆက်တွဲ အဖြစ် အပျက်တခုအဖြစ် လူ့အခွင့်အရေးလှုပ်ရှားသူတွေက သုံးသပ်ပြောဆိုကြတာပါ။ အခု
ဖြစ်ပျက်ခဲ့တဲ့ မီးရှို့ဆန္ဒပြဖို့ ကြိုးပမ်းမှုဟာ ဘယ်လိုအကြောင်းတွေကြောင့် ဖြစ်ရတယ်
ဆိုတာ တိတိကျကျ မသိရပေမယ့် ဒါဟာ အထွေထွေအကျပ်အတည်းတွေအပေါ်မှာ စိတ်ပျက်လက်ပျက် ဖြစ်နေကြတာကို ပြသနေတာကတော့ ထင်ရှားတယ်လို့ အာရှ
လူ့အခွင့်အရေးကော်မရှင် (AHRC) က ပြောဆိုလိုက်ပါတယ်။

“ဒီကိစ္စတခုထဲကိုပဲ သီးသန့်ကြည့်ကြည့် မကြည့်ကြည့်၊ စိတ်ပျက်လက်ပျက် ဖြစ်နေတာ
တွေ နေရာတိုင်းမှာ အကြီးအကျယ် ရှိနေတယ်ဆိုတာ တွေ့နိုင်ပါတယ်။ လူတွေ မဖြစ်
မနေ ရင်ဆိုင်နေရတဲ့ နေထိုင်စားသောက်ရတဲ့ အခြေအနေတွေဟာ လုံးဝကို အခြေ အနေဆိုးနေတာပါ။ ပြီးခဲ့တဲ့ သြဂုတ်၊ စက်တင်ဘာ အဖြစ်အပျက်တွေဆိုရင်ရော ဘယ်လိုပြောမလဲဗျာ။ ဒါတွေဟာ ရုတ်တရက် ကုန်ဈေးနှုန်းတွေ တိုးမြှင့်လိုက်တာကို
လူတွေက တုံ့ပြန်ခဲ့ကြတာပဲလေ။ လူတွေအနေနဲ့ ဒီလို စိတ်ပျက်စရာ အခြေအနေမျိုး
ကို ရောက်နေတာ ကြာပါပြီ။”

အာရှလူ့အခွင့်အရေးကော်မရှင် ပြောခွင့်ရပုဂ္ဂိုလ်က ပြောပြသွားခဲ့တာပါ။ လူမှုရေး၊
စီးပွားရေး၊ နိုင်ငံရေး အကျပ်အတည်းတွေအောက်က မြန်မာပြည်သူတွေအတွက် ဒီလို ထွက်ပေါက်ရှာလာနိုင်တဲ့အဖြစ်မျိုး ထွက်ပေါ်လာတာဟာ သိပ်တော့မဆန်းတဲ့အဖြစ်လို့
လည်း လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများကွန်ယက် (HRDP) အဖွဲ့က ဦးမြင့်အေး
က ဆိုပါတယ်။

“ကျနော်တို့က လူ့အခွင့်အရေးအရ လူတယောက်က ပြည့်စုံဖူလုံတဲ့ စားဝတ်နေရေး
အခြေအနေ ရှိရမယ်ဆိုတဲ့ အပိုဒ်ကရှိတယ်လေ။ ဒီ စားဝတ်နေရေး ပြေလည်ရေးဆိုပေ
မယ့် ကျနော်တို့ဆီမှာ စီးပွားရေးတွေကလည်း မကောင်းတော့ ရာဇဝတ်မှုတွေ၊
ဖောက်ထွင်းမှုတွေ၊ လုယက်မှုတွေ၊ ခါးပိုက်နှိုက်မှုတွေ၊ ခိုးမှုတွေ၊ အဲဒါတွေက ပေါလာ
မှာပဲ။ ထောင်တွေမှာ လူတွေ ကျပ်လာမှာပဲ၊ ဒါ ထုံးစံပဲ။ အဲဒီလိုထွက်ပေါက်မျိုးမှ ရှာလို့ မတွေ့နိုင်ဘူးဆိုရင်၊ ပိတ်လှောင်နေတဲ့ လူမှုဘဝထဲမှာဆိုရင် ကြုံရာထွက်ပေါက်တခု
အနေနဲ့ ဒါမျိုးကိုလည်း လုပ်နိုင်တယ်။ မကျေနပ်ချက်ကို အကြောင်းပြုပြီး အသက်ကို
လည်း စွန့်ရဲတဲ့အနေအထားမှာ ရောက်တာတွေလည်း ရှိပါတယ်။”

ဒီလိုအခြေအနေတွေကို ရှောင်လွှဲနိုင်ဖို့ကတော့ အထွေထွေ အကျပ်အတည်းတွေကနေ
သက်သာရာ သက်သာကြောင်း လူထုအတွက် ဆောင်ရွက်ပေးဖို့ လိုတယ်လို့လည်း
ဦးမြင့်အေးက ဆိုပါတယ်။

“လူမှုဘ၀ မွန်းကျပ်မှုတခုပေါ့ဗျာ။ အဲဒီမှာ ပုံမှန်ဖြစ်နိုင်တဲ့ စီးပွားရေးစနစ်တခု တည် ဆောက်နိုင်ရမယ်။ ပြည့်စုံလုံလောက်တဲ့ အခြေအနေတခုကို ဖန်တီးပေးနိုင်ရမယ်။ နိုင်ငံရေးအကျပ်အတည်းတွေ၊ လူမှုရေးအကျပ်အတည်းတွေ၊ စီးပွားရေးအကျပ်
အတည်းတွေ အားလုံးအတွက် ကျနော်တို့ လူ့အဖွဲ့အစည်းကနေ စီမံခန့်ခွဲနိုင်ရမယ်လို့ ကျနော်တော့ထင်တယ်။”

မြန်မာနိုင်ငံထဲက လူ့အခွင့်အရေး ကြိုးပမ်းသူတဦးဖြစ်တဲ့ ဦးမြင့်အေး ဖြစ်ပါတယ်။
ဒီလိုအခြေအနေကောင်းတွေ မဖန်တီးပေးနိုင်ဘဲ လက်ရှိအခြေအနေတွေအတိုင်းသာ ဆက်လက်ရှိနေဦးမယ်ဆိုရင် ရှေ့လျှောက် ပြဿနာတွေနဲ့ ဆက်ပြီး ရင်ဆိုင်သွားရဖု့ိ
သာ ရှိတယ်လို့လည်း အာရှလူ့အခွင့်အရေးကော်မရှင် (AHRC) က သတိပေးထားတာ
ပါ။

“ဒီလိုပုံစံနဲ့သာ ဆက်သွားနေလို့ကတော့ဗျာ၊ နောက်ထပ် လူတွေဘက်က ပြောင်ပြောင်
တင်းတင်း တုံ့ပြန်မှုတွေ ထပ်ပြီးပေါ်လာဦးမှာပါပဲ။ ဒီလိုမျိုးတွေဖြစ်ဖို့ကို ဦးတည်နေပါ
တယ်။ အခြေအနေကို လူတွေက သည်းညည်းမခံနိုင်တော့ဘူးလေ။ နောက်တဆင့် တက်သွားမယ်ဆိုရင်တော့ လူတွေက အသက်ကိုတောင် ထိခိုက်ခံနိုင်တဲ့ အခြေအနေ
ထိ ရောက်ကုန်ကြမှာပဲ။ ဘာကြောင့်လဲဆိုတော့ သူတို့အနေနဲ့ ဘာမှ ဆုံးရှုံးစရာမရှိဘူး
လို့ ယူဆကြလို့ပါပဲ။”

မြန်မာစစ်အစိုးရဘက်ကတော့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အခြေအနေတွေဟာ
ဘက်ပေါင်းစုံက တိုးတက်လာနေတယ်ဆိုပြီး အစိုးရသတင်းမီဒီယာတွေမှာ ဖော်ပြနေ
တာပါ။ ဒါပေမယ့်လည်း ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူး
ကိုယ်စားလှယ် ပေါ်လို ဆာဂျီယို ပီညဲရိုးကိုယ်တိုင် မကြာသေးခင်က ကုလသမဂ္ဂမှာ
တင်သွင်းတဲ့ အစီရင်ခံစာထဲမှာ စီးပွားရေးမပြေလည်မှုပြဿနာ အပါအဝင် မြန်မာ
နိုင်ငံမှာ အထွေထွေအကျပ်အတည်းတွေ ရှိနေတယ်ဆိုတာကို ထောက်ပြပြောဆိုထား
တာပါ။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG