သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွှေဝါရောင်လှုပ်ရှားမှုနောက်ပိုင်း မြန်မာ့လူ့အခွင့်အရေး အခြေအနေ တိုးတက်မှုမရှိ


တရုတ်နိုင်ငံက သြဂုတ်လမှာ နွေရာသီ အိုလံပစ်တော်ကျင်းပဖို့ ပြင်ဆင်နေတဲ့အချိန်မှာပဲ တိဘက်က ဆန္ဒပြသူတွေကို အကြမ်းဖက် နှိမ်နှင်းခဲ့တာနဲ့ အထွေထွေလူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် နိုင်ငံတကာရဲ့ ပြစ်တင် ဝေဖန်မှုတွေကို ခံနေရပါတယ်။ တရုတ်နိုင်ငံရဲ့ စီးပွားရေးအရ တိုးတက်မှုတွေဟာ လူ့အခွင့်အရေးချိုးဖောက်မှုတွေက လွမ်းမိုးနေတဲ့အကြောင်း ဗုဒ္ဒဟူးနေ့က ထုတ်ပြန်တဲ့ ဗြိတိသျှနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ နှစ်စဉ် လူ့အခွင့်အရေး အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။ ဗြိတိသျှနိုင်ငံခြားရေးဝန်ကြီး David Miliband ဒီအစီရင်ခံစာကို ထုတ်ပြန်တဲ့ အခမ်းအနားကို သွားရောက်ခဲ့တဲ့ ဗွီအိုအေ သတင်းထောက် Tendai Maphosa ရဲ့ သတင်းပေး ပို့ချက်ကို ဦးဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

လူ့အခွင့်အရေး အစီရင်ခံစာက တကမ္ဘာလုံးအတွက် ထုတ်ပြန်တာပါ။ ဗြိတိန်နိုင်ငံကို ရောက်နေတဲ့ ရွေ့ပြောင်း နေထိုင်သူတွေအကြားက အဓမ္မ အိမ်ထောင်ပြုမှုကိစ္စတွေကအစ၊ မြန်မာ၊ အာဖဂန်နစ္စတန်၊ အီရန်နဲ့ တရုတ်ပြည်တို့က လူ့အခွင့်အရေးချိုးဖောက်မှုတွေ ပါဝင်ပါတယ်။

တရုတ်နိုင်ငံဟာ စီးပွားရေးပိုင်းဆိုင်ရာမှာ တိုးတက်မှုတွေ ရှိခဲ့ပေမယ့် လူ့အခွင့်အရေးဖက်မှာတော့ လုပ်ဆောင်စရာတွေ အများကြီး ကျန်နေသေးတယ်လို့ အစီရင်ခံစာ ထုတ်ပြန်တဲ့အခမ်းအနားမှာ ဗြိတိသျှနိုင်ငံခြားရေးဝန်ကြီး David Miliband က ပြောပါတယ်။

“ တရုတ်နိုင်ငံဟာ လူ့သမိုင်းမှာ မကြုံဘူးတဲ့ အတိုင်းအတာနဲ့ သူ့ပြည်သူ အများစုကို ဆင်းရဲတွင်းက ကယ်ထုတ်နိုင်ခဲ့ပြီး တိုးတက်မှုပိုင်းမှာ စံပြအဖြစ် လုပ်ပြနိုင်ခဲ့ပါတယ်၊ ဒါပေမယ့် အဲဒီ စီးပွားရေး တိုးတက်မှုနဲ့ ညီမျှတဲ့ တခြား နိုင်ငံရေးနဲ့ လူမှုရေးဘက်မှာပါ တိုးတက်မှုရှိအောင် အားချင်း လုပ်ဆောင်ဖို့ လိုပါတယ်။ သူတို့ အဲဒီလို အောင်မြင်မှုရှိလာဖို့က ကျနော်တို့အားလုံးရဲ့ အကျိုးနဲ့လည်း ဆိုင်တဲ့အတွက် တရုတ်နိုင်ငံမှာ ထူးခြား တိုးတက်တဲ့ လူ့အခွင့်အရေးတွေ ဖြစ်ပေါ်လာဖို့ ကျနော်တို့က ပွင့်ပွင့်လင်းလင်းပဲ တိုက်ရိုက် ပြောဆိုရပါလိမ့်မယ်။ ”

ဒါပေမယ့် တရုတ်နိုင်ငံထဲက အခြေအနေတွေကို ကန့်ကွက်တဲ့အနေနဲ့ ဘေဂျင်းအိုလံပစ်ကို သပိတ်မှောက် လိုက်ယုံနဲ့ တရုတ်နိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေတွေကို တိုးတက် ကောင်းမွန် လာမှာ မဟုတ်ဘူးလို့ မစ္စတာ မီလီဘန့်ဒ်က ပြောပါတယ်။

အာဖဂန်နစ္စတန်နိုင်ငံနဲ့ ပတ်သက်လို့ကတော့ အာဖဂန်အစိုးရအပါအဝင် လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်၊ အမျိုးသမီး အခွင့်အရေးနဲ့ တရားဥပဒေစံနစ်တွေကို တိုးတက်ကောင်းမွန်အောင် လုပ်ဆောင်ဖို့လိုတယ်လို့ အစီရင်ခံစာထဲမှာ ထောက်ပြထားပါတယ်။

မြန်မာနိုင်ငံမှာလည်း လူ့အခွင့်အရေး အခြေအနေတွေဟာ တနေ့တခြား ဆိုးရွားလာနေတဲ့အကြောင်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း အစိုးရဆန့်ကျင်ရေး လူထု လှုပ်ရှားမှုကြီးကို စစ်အစိုးရက အကြမ်းဖက် ဖြိုခွင်းခဲ့တဲ့ ကိစ္စကို ကြည့်ခြင်းအားဖြင့် မြန်မာနိုင်ငံရဲ့ အခြေအနေဟာ မျှော်လင့် အားရစရာမရှိဘူးလို့ အစီရင်ခံစာမှာ ထောက်ပြထားပါတယ်။

မနှစ်က လွတ်လပ်စွာ ဖော်ထုတ် ပြောဆိုခွင့်ကို ထပ်မံ ထိန်းချုပ်ခဲ့တဲ့အတွက် အီရန်နိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေကလည်း ပိုဆိုးလာတယ်လို့ အစီရင်ခံစာက ဆိုပါတယ်။ ဒါ့အပြင် အမေရိကန်အစိုးရက ဖွင့်ထားတဲ့ ကျူးဘားနိုင်ငံက Guantanamo အကျဉ်းစခန်း အကြောင်းလည်း ဖော်ပြထားပြီး လူ့အခွင့်အရေး ချိုးဖောက်မှုနဲ့ ပတ်သက်ရင် ကမ္ဘာမှာ ခြောက်ပြစ်ကင်း သဲလည်းစင်တဲ့ နိုင်ငံဆိုတာ မရှိဘူးလို့ ဖော်ပြထားပါတယ်။

အမေရိကန်ပြည်ထောင်စုကို အကြမ်းဖက်သမားတွေက ၂၀၀၁ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့မှာ ဝင်ရောက် တိုက်ခိုက်ခဲ့ပြီးတဲ့နောက်ပိုင်းနဲ့ အဲဒီနောက်မှာ ဗြိတိန်အပါအဝင် တခြားနိုင်ငံတွေမှာ ဖြစ်ပေါ်ခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေက ကမ္ဘာတဝှမ်း အသိဉာဏ်ပိုင်းဆိုင်ရာမှာ ပြောင်းလဲ လာခဲ့တယ်လို့ မစ္စတာ မီလီဘန့်ဒ်က ဆက်ပြောပါတယ်။ ဒါပေမယ့် အကြမ်းဖက်မှုတွေကို တိုက်ခိုက် ရာမှာ လူ့အခွင့်အရေးကို ဘေးဖယ်ထားရမယ်ဆိုတဲ့ အယူအဆကို သူ့အနေနဲ့ သဘောမတူဘူးလို့ မစ္စတာ မီလီဘန့်ဒ်က ပြောပါတယ်။

“ ဒါကြောင့်လည်း၊ ဥပမာ - ညှဉ်းပန်းနှိပ်စက်တာတွေကို မထောက်ခံဖို့ ကျနော်တို့ ပေါ်လစီ ချမှတ် ထားပါတယ်။ ဒါကြောင့် ပြည်တွင်း ပြည်ပမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ မရှိအောင် ကျနော်တို့အနေနဲ့ စွဲစွဲ မြဲမြဲ လုပ်ကိုင်သွားဖို့ လိုအပ်ပါတယ်။ ”

အခု ဗြိတိန်နိုင်ငံက ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ မြန်မာ၊ တရုတ်၊ အီရတ်၊ ဇင်ဘာဘွေ၊ မြောက် ကိုရီးယား၊ ရုရှားအစရှိတဲ့ နိုင်ငံတွေကို အဓိက မီးမောင်းထိုး တင်ပြထားတဲ့အပြင် ပြဿနာဖြစ်နေတဲ့ တိဘက်၊ ဆူဒန်၊ ပါကစ္စတန်နဲ့ နီပေါလ် စတဲ့နိုင်ငံတွေက လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး စိုးရိမ်ဖွယ်ကောင်းတဲ့ နိုင်ငံပေါင်း ၂၁ နိုင်ငံကို ဖော်ပြထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG