သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သတင်းထောက်တွေလာတုန်း ကန့်ကွက်တဲ့ ဘုန်းကြီးတွေကို အပြစ်မပေးဟု တရုတ်ကပြော


ကြာသပတေးနေ့ လာဆာမြို့တော်မှာ အစိုးရက ကြီးမှူးတဲ့ သတင်းထောက်တွေ လာရောက် ကြစဉ်အတွင်း ဆန္ဒပြခဲ့ကြတဲ့ တိဘက် ဘုန်းကြီးတွေကို အပြစ်မပေးဘူးလို့ တိဘက်မှာ ရှိတဲ့ အဆင့်မြင့် အရာရှိတဦးက ပြောကြားပါတယ်။

သတင်းထောက်တွေကို တရုတ် အရာရှိတွေက လိုက်လံ ပြသနေတုန်း ဂျောင်ဟိုင်းကျောင်းကနေ ဘုန်းကြီးအပါး ၃၀ လောက် ထွက်လာခဲ့ပြီး ဘာသာရေး လွတ်လပ်မှု မရှိတဲ့ အကြောင်း မကျေမနပ် ပြောဆိုခဲ့ကြပါတယ်။ မကြာမီက တရုတ် ဆန့်ကျင်ရေး ကန့်ကွက်မှုတွေကို အဝေးရောက် တိဘက် ဘာသာရေး ခေါင်းဆောင် ဒလိုင်းလန်းမားကနေ နောက်ကွယ်ကနေ စီမံခဲ့တယ်လို့ ပီကင်းရဲ့ စွပ်စွဲချက် တွေကိုလည်း ဘုန်းကြီးတွေက ငြင်းဆိုခဲ့ကြပါတယ်။

တရုတ် ထိန်းချုပ်တဲ့ တိဘက် အစိုးရရဲ့ ဒုဥက္ကဌ ဘေမာချီလင်းက ကမ္ဘာ့ သဘောထား အထင်အမြင်များ မှားစေအောင် ဘုန်းကြီးတွေက လုပ်ဖို့ ကြိုးစားတာလို့ ပြောကြားပါတယ်။ ဒီအတောအတွင်း ဒီကနေ့ တရုတ်အစိုးရ ကြီးမှူးတဲ့ လာဆာမြို့ခရီးမှာ ပီကင်းမြို့ရှိ အမေရိကန် သံရုံးက အရာရှိတဦး သွားရောက်ပါလိမ့်မယ်။ ဒီနောက် နီပေါနိုင်ငံမြို့တော် ကတ္တမန်ဒူမှာ ဒီကနေ့ ကုလသမဂ္ဂခြံဝန်း တံတိုင်းများအပေါ် ဒါဇင်ထက်မနည်း တိဘက် ထောက်ခံသူများ ကျော်တက် ခဲ့ကြတယ်လို့ မျက်မြင်များက ပြောပါတယ်။

တိဘက်လွတ်မြောက်ရေး ဆိုင်းဘုတ်များ ကိုင်ဆောင်တဲ့ ကန့်ကွက်သူတွေနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ အရာရှိတွေက ဘယ်လိုမှ ပြောဆိုခြင်း မရှိပါဘူး။ ဆန္ဒပြသူတွေကို ထိန်းသိမ်းဖို့ ခြံဝင်းထဲ အာဏာပိုင်များ မဝင်ရောက်ခဲ့ပေမယ့် ခြံဝန်း ပြင်ပမှာ ရဲက ဒါဇင်နဲ့ချီ ကန့်ကွက်သူများကို ဖမ်းဆီးခဲ့ပါတယ်။ အဝေးရောက် တိဘက်လူမျိုးတွေက နေ့စဉ်နေ့တိုင်းလိုလို ကတ္တမန်ဒူမြို့ရှိ တရုတ် သံရုံးရှေ့မှောက်မှာ ငြိမ်းချမ်းစွာ ဆန္ဒပြနေကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG