သုံးရလွယ်ကူစေသည့် Link များ

အိန္ဒိယနဲ့မြန်မာ ဆိပ်ကမ်းတည်ဆောက်ရေး၊ လမ်းဖောက်ရေး သဘောတူ


မြန်မာစစ်အစိုးရ ဒုတိယအကြီးအကဲ ဒုဗိုလ်ချုပ်မှူးကြီးမောင်အေးဟာ လာမယ့်အပတ်ထဲ အိန္ဒိယနိုင်ငံကို ရောက်လာဖို့ ရှိနေပြီး၊ ဒီခရီးစဉ်အတွင်း စစ်အစိုးရအနေနဲ့ အမေရိကန်ဒေါ်လာ ၁၃၅ သန်း ထပ်လောင်းရရှိနိုင်မယ့် သဘောတူညီချက် စာချုပ်တရပ်ကို နှစ်ဖက်အကြား လက်မှတ်ရေးထိုးကြမှာ ဖြစ်ပါတယ်။ ဒီငွေထဲက အများစုကိုတော့ ဆိပ်ကမ်း ပြန်လည်မွမ်းမံဖို့အတွက် အသုံးပြုမှာပါ။

စစ်တွေဆိပ်ကမ်းတိုးချဲ့ရေး၊ ကုလားတန်မြစ်ရေကြောင်း မွမ်းမံရေးနဲ့ အိန္ဒိယနယ်စပ် အထိ ၁၁၇ ကီလိုမီတာရှည်လျားတဲ့ လမ်းဖောက်လုပ်ဖို့ အစီအစဉ်တွေက အိန္ဒိယရဲ့ ကုန်းပတ်လည်ဝန်းရံနေတဲ့ အရှေ့မြောက်ပိုင်းပြည်နယ်တွေ အနေနဲ့ ပင်လယ်ထွက်ပေါက် ရရှိအောင် အထောက်အကူဖြစ်စေမှာဖြစ်ပါတယ်။

အိန္ဒိယနဲ့ မြန်မာ နှစ်နိုင်ငံကြားမှာ အခုလို ဆိပ်ကမ်း တည်ဆောက်နိုင်ဖို့အတွက်ကို ၅ နှစ်ကျော်ကြာ - ၆ ကြိမ်တိတိ ဆွေးနွေးပြောဆိုခဲ့ကြပြီးတဲ့နောက် ပြီးခဲ့တဲ့ ကြာသပတေးနေ့ကမှ အိန္ဒိယအစိုးရက ဒီသဘောတူညီမှုကို အတည်ပြုလိုက်တာပါ။

အိန္ဒိယနိုင်ငံရဲ့ ပြည်တွင်းရေကြောင်းအာဏာပိုင်တွေကနေ ကြီးကြပ်ပေးမယ့် ဒီစီမံကိန်းဟာ - မီဇိုးရန်းပြည်နယ်နဲ့ တခြား ကုန်းပတ် လည်ဝန်းရံနေတဲ့ အရှေ့မြောက်ပိုင်း ၆ ပြည်နယ်တွေ တနည်းအားဖြင့် ညီအမ ၇ ဖော်လို့လည်း လူသိများတဲ့ ဒီပြည်နယ်တွေ အနေနဲ့ ပင်လယ်ပြင်ကို ထွက်ပေါက်ရစေဖို့အတွက် အကြီးအကျယ် အထောက်အပံ့ဖြစ်စေမှာဖြစ်ပါတယ်။

အခုလို အိန္ဒိယနဲ့ မြန်မာစစ်အစိုးရအကြား ဆိပ်ကမ်းတည်ဆောက်ဖို့ သဘောတူညီချက်တွေ ရသွားပေမဲ့လို့ ဒီစီမံကိန်း ဟာ အိန္ဒိယနိုင်ငံအတွက် ရည်ရွယ်မထားတဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေနဲ့ ကြုံရလိမ့်မယ်လို့ Alt-ASEAN လို့ခေါ်တဲ့ စင်ပြိုင်အာဆီယံအဖွဲ့ရဲ့ ညှိနှိုင်းဆောင်ရွက်ရေးမှူး မစ် ဒက်ဘီ စတောဟတ် က သတိပေးလိုက်ပါတယ်။

သူတို့တွေ အနေနဲ့ ဒီဆိပ်ကမ်းဖွင့်လှစ်လိုက်တာ၊ မီဇိုးရမ်း ပြည်နယ်နဲ့ တိုက်ရိုက်လမ်းဖောက် လိုက်တာတွေဟာ ဖွံ့ဖြိုးတိုးတက်မှုအတွက် မျှော်လင့်ချက်သက်သက်နဲ့ လုပ်တာမဟုတ်ဘူးဆိုတာ အိန္ဒိယနိုင်ငံက သဘောပေါက်ထားရပါလိမ့်မယ်။ တကယ်တော့ မြန်မာပြည်မှာ စစ်အစိုးရက လူ့အခွင့်အရေးချိုးဖောက်တဲ့အခါ ဒါမှမဟုတ်ရင်လည်း မြန်မာပြည်မှာ ပြဿနာ ကြီးကြီးမားမားတခု ပေါ်ပေါက်တဲ့အခါတွေမှာ ဒါဟာ လူတွေ ထွက်ပြေးရ ပိုပြီးလွယ်ကူအောင်သာ ဖြစ်စေပါလိမ့်မယ်။

Alt-ASEAN အဖွဲ့ရဲ့ ညှိနှိုင်းဆောင်ရွက်ရေးမှူး မစ် ဒက်ဘီ စတောဟတ် ပြောဆိုခဲ့တာပါ။ အခုလောလောဆယ်မှာလည့်း မြန်မာနိုင်ငံသား ဒုက္ခသည်ပေါင်း ထောင်သောင်းချီပြီး အိန္ဒိယနိုင်ငံမှာ ခိုလှုံနေတယ်လို့ တွက်ဆထားကြတာပါ။

ဒါပေမယ့်လည်း အိန္ဒိယနိုင်ငံရဲ့ အရှေ့မြောက်ဒေသကို ကုန်ပစ္စည်းတွေတင်ပို့ဖို့ရာမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကတဆင့် ဖြတ်သန်းသွားလာခွင့်ရဖို့ အခက်အခဲ ရှိနေတာကြောင့်အခုသဘော တူညီချက်ဟာ အိန္ဒိယနိုင်ငံအတွက်တော့ သေရေးရှင်ရေးတမျှ အရေးပါတဲ့ ကိစ္စလည်း ဖြစ်နေတာပါ။ အခုအိန္ဒိယ-မြန်မာ့ ဆိပ်ကမ်းတည်ဆောက်ရေးစီမံကိန်း ပြီးစီးဖို့ကတော့ ၅ နှစ်လောက် ကြာလိမ့်မယ်လို့လည်း မျှော်လင့် ထားတာပါ။ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေးကတော့ - လာမယ့် ဧပြီလ ၄ ရက်နေ့မှာ အိန္ဒိယနိုင်ငံ ရောက်ရှိမှာဖြစ်ပြီးတော့ ၃ ရက် ကြာ နေထိုင်မှာဖြစ်ပါတယ်။

မြန်မာစစ်အစိုးရနဲ့ ဆက်ဆံရာမှာ အိန္ဒိယအစိုးရအနေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေထက် စီးပွားရေးအကျိုးအမြတ်တွေကိုသာ ရှေ့တန်းတင်နေတဲ့အတွက် နိုင်ငံတကာရဲ့ ဝေဖန် မှုတွေကိုလည်း အိန္ဒိယအစိုးရက ရင်ဆိုင်နေရတာပါ။ မြန်မာနိုင်ငံက နိုင်ငံရေးနဲ့ လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်လာဖို့ တွန်းအားပေးဆောင်ရွက်ရာမှာ ပိတ်ဆို့ဒဏ်ခတ် အရေးယူမှုတွေထက် စကားပြောဆိုမှုတွေကသာ အကောင်းဆုံးနည်းလို့ ပြောဆိုနေတာပါ။ ကမ္ဘာပေါ်မှာ အဆင်းရဲဆုံးနဲ့ အဂတိလိုက်စားမှု အဆိုးရွားဆုံး နိုင်ငံတခုဖြစ်တယ်လို့ သတ်မှတ်ခံနေရတဲ့ မြန်မာနိုင်ငံအပေါ် သံတမန်ရေး၊ စီးပွားရေးအရ သြဇာညောင်းဖို့ အိန္ဒိယနိုင်ငံ အနေနဲ့ တရုတ်နိုင်ငံနဲ့ ယှဉ်ပြိုင်မှုကလည်း တနေ့တခြားတိုးပွားလာနေတာ ဖြစ်ပါတယ်ရှင်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG