သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဇင်ဘာဘွေမဲပေးပွဲ ပြီးဆုံး၊ အကြမ်းဖက်မှုတချို့ ရှိခဲ့


ဇင်ဘာဘွေနိုင်ငံမှာ လက်ရှိသမ္မတ ရောဘတ် မူဂါဘီ (Robert Mugabe) ရဲ့ ကံကြမ္မာကို အဆုံးအဖြတ်ပေးတဲ့ မဲပေးပွဲ ပြီးဆုံးသွားပါပြီ။ မဲဆန္ဒပေးမှုတွေဟာ အများအားဖြင့် ငြိမ်းငြိမ်းချမ်းချမ်း ရှိခဲပေမယ့် ကျေးလက်ဒေသက မဲဆန္ဒရှင် တချို့က မဲရုံတွေကို ဖျက်ဆီးခဲ့ကြပြီး ဒီအကြမ်းဖက်မှု တွေကြောင့် လူတဦး သေဆုံးခဲ့ရတယ်လို့ ဇင်ဘာဘွေနိုင်ငံ မြို့တော် ဟာရဲရ် (Harare) ကနေ ဗီအိုအေ သတင်းထောက် ပီတာ သော်နီကရော်ဖ်တ် (Peta Thornycroft) နဲ့ လန်ဒန်မြို့က ဗီအိုအေ သတင်းထောက် တန်ဒိုင်း မာဖိုစာ (Tandai Maphosa) တို့ သတင်း ပေးပို့ထားတာကို ဒေါ်ညိုညိုလွင်က တင်ပြထားပါတယ်။

ဟာရဲရ်မြို့တော်က မဲဆန္ဒရှင်တွေက စနေနေ့ မနက် မဲရုံတွေ မဖွင့်မီ စောစောပိုင်းကတည်းက မဲပေးဖို့အတွက် တန်းစီ စောင့်ဆိုင်းနေကြပါတယ်။ လွန်ခဲ့တဲ့ ၂၀၀၂ ခုနှစ် ရွေးကောက်ပွဲ ကာလတုန်းက တချို့ မဲဆန္ဒရှင်တွေ မဲမပေးခဲ့ရတာကိုလည်း ပြန်ပြောင်း သတိရနေကြပါတယ်။

သမ္မတ လွှတ်တော်အမတ်တွေနဲ့ ဒေသဆိုင်ရာ အုပ်ချုပ်မှုကောင်စီ အဖွဲ့ဝင်တွေကို ရွေးချယ်ဖို့ အတွက် ဒီတကြိမ်ဟာ ပထမဆုံး မဲပေးကြရတာ ဖြစ်ပါတယ်။ အတိုက်အခံ ခေါင်းဆောင်လောင်းတွေ ဖြစ်တဲ့ Movement for Democratic Change အဖွဲ့က မော်ဂန် စာဗန်ဂရိုင်း (Morgan Tsvangirai ) နဲ့ တသီးပုဂ္ဂလ ယှဉ်ပြိုင်သူ ဆင်ဘာ မာကိုနီ (Simba Makoni) ဟာ ၁၉၈၀ ခုနှစ်ကထဲက ၂၈ နှစ်ကြာ တိုင်းပြည်အာဏာကို စွဲကိုင်အုပ်ချုပ်ခဲ့တဲ့ လက်ရှိ သမ္မတ ရောဘတ် မူဂါဘီကို စိန်ခေါ် ယှဉ်ပြိုင်ခဲ့ကြပါတယ်။

ဟာရယ်ရီမြို့ ဆင်ခြေဖုံး ရပ်ကွက်တခုဖြစ်တဲ့ အမ်ဘာရေး (Mbare) မှာ နေထိုင်တဲ့ မဲဆန္ဒရှင်တဦးက ပြီးခဲတဲ့တကြိမ် သမ္မတ ရွေးကောက်ပွဲ ကာလတုန်းက တနေ့လုံး ကြာအောင် တန်းစီပြီး မဲပေးခဲ့ရတဲ့ အကြောင်းကို ပြန်သတိ ရမိကြောင်းနဲ့ ခုတော့ အဲဒီတုန်းကထက် ပိုပြီး အဆင်ပြေ လွယ်ကူ လာတယ်လို့ ပြောဆိုပါတယ်။

“၂၀၀၂ ခုနှစ်တုန်းက ဒီမှာ မဲရုံတခုပဲ ရှိပါတယ်၊ မနက် ၆ နာရီခွဲကနေ ထပြီး မဲပေးဖို့ တန်းစီတာ ညနေ ၄ နာရီကျမှ မဲပေးရတယ်။”

ဒီတကြိမ်မှာတော့ မိနစ် ၉၀ အတွင်း မဲပေးနိုင်ခဲ့တယ်လို့လည်း သူက ဆက်ပြော ပြခဲ့ပါတယ်။

အမ်ဘာရေးက တချို့ မဲဆန္ဒရှင်တွေက သူတို့ရဲ့ သားသမီးတွေ အနာဂတ် ဘ၀ ကောင်းမွန်ဖို့နဲ့ ဆင်းရဲမှုတွေကနေ လွတ်မြောက်နိုင်ဖို့အတွက် အပြောင်းအလဲ ဖြစ်လာအောင် မဲပေးကြတာလို့ ပြောဆိုကြပါတယ်။ ဇင်ဘာဘွေ နိုင်ငံသားတွေဟာ ငွေကြေးဖောင်းပွမှု ရာခိုင်နှုန်း ၁၀၀,၀၀၀ အထိ မြင့်မားလာတဲ့ အခြေအနေတွေကို ခံစားနေကြရပါတယ်။

“ကျမတို့ အပြောင်းအလဲကို စောင့်မျှော်နေကြပါတယ်။ ဆရာတွေ မရှိဘူး။ မနက်စာအတွက် အစားအစာတွေ မရှိဘူး။”

လွတ်လပ်တဲ့ ဇင်ဘာဘွေ ရွေးကောက်ပွဲ ထောက်ပံ့မှု ကွန်ယက်အဖွဲ့က မဲပေးမှုတွေ ကောင်းကောင်း မွန်မွန် ရှိခဲတယ်လို့ ပြောဆိုခဲ့ပါတယ်။ ဒါပေမယ့် တချို့ ကျေးလက် ဒေသတွေမှာတော့ လူဦးရေရဲ့ ၆၀ % လောက်သာ မဲပေးတာကို တွေခဲ့ရတယ်လို့ လေ့လာ စောင့်ကြည့်သူတချို့က ပြောပါတယ်။ စနေနေ့က ရွေးကောက်ပွဲကို လေ့လာ သုံးသပ်တဲ့အခါ ၁၅ % ကျော် လောက် မဲပေးမှု မရှိခဲဘူးလို့ ဆိုပါတယ်။

အတိုက်အခံတွေဖက်က သမ္မတ ရောဘတ် မူဂါဘီ ဟာ အကွက်ဆင်မှုတွေ လုပ်လိမ့်မယ်လို့ ပြောဆိုခဲ့ပေမယ့် သမ္မတ ရောဘတ် မူဂါဘီ က သူရဲ့ အသိစိတ်က ဒီလို လိမ်လည်တာတွေ လုပ်ဖို့ အခွင့်မပေးပါဘူးလို့ ပြန်လည် ပြောဆိုခဲ့ပါတယ်။

ဇင်ဘာဘွေနိုင်ငံရဲ့ ဥပဒေအရ နိုင်ငံပြင်ပမှာ ရောက်ရှိနေတဲ့ နိုင်ငံသားတွေကို မဲပေးဖို့ ခွင့်မပြုပါဘူး။ ဒါပေမယ့်လည်း ရွေးကောက်ပွဲ ကျင်းပတဲ့နေ့မှာ တခြား တိုင်းပြည်မှာ ရောက်နေတဲ့ ဇင်ဘာဘွေ နိုင်ငံသားတွေဟာ သူတို့ရဲ့ သွေးစည်း ညီညွတ်မှုကို ပြတဲ့အနေနဲ့ မဲပေးမှု ပုံသဏ္ဍန်တွေ ဟန်ပြ ဖန်တီးခဲ့ကြပါတယ်။ လန်ဒန်မြို့က ဇင်ဘာဘွေ သံရုံးရှေ့မှာ မဲရုံ ပုံသဏ္ဍန် ဆောက်လုပ် ထားကြပါတယ်။

“အတိုက်အခံဖက်က အနိုင်ရလိမ့်မယ်ဆိုတာ အားလုံးက သိပါတယ်၊ ဒါပေမယ့် တရားဝင်မှာတော့ ရောဘတ် မူဂါဘီ အနိုင်ရသွားမှာပါ။ မူဂါဘီ အနေနဲ့ အကွက်ဆင်မှုတွေ လုပ်မှာပါ။ ဒါကြောင့် ကျနော်တော့ စိုးရိမ်မိပါတယ်။ လိမ်လည်ပြီး ရွေးကောက်ပွဲ အနိုင်ရအောင် သူတို့ လုပ်ပေမယ့် MDC ကတော့ အမြဲ နိုင်နေမယ်လို့ ကျနော် အတိအကျ ယုံကြည်ပါတယ်။”

စနေနေ့က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲအတွင်း ဘူလာဝါရိုမြို့က လက်ရှိ ပါတီရဲ့ လွတ်တော် ကိုယ်စားလှယ်လောင်း တဦးရဲ့ အိမ်မှာ ဗုံးပေါက်ကွဲခဲ့တာကလွဲလို့ မဲဆန္ဒပေးမှုတွေဟာ ငြိမ်းငြိမ်းချမ်းချမ်း ရှိခဲတယ်လို့ ရဲတွေက ပြောဆိုပါတယ်။

XS
SM
MD
LG