သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံတကာ ဝေဖန်မှုအပေါ် ပြည်တွင်းမီဒီယာဖြင့် မြန်မာစစ်အစိုးရ တန်ပြန်မည်


မြန်မာစစ်အာဏာပိုင်တွေကပြည်ပနိုင်ငံကြီးတချို့မှာပြောဆိုနေကြတာတွေဟာမမှန်တဲ့ သတင်း တွေဖြစ်သလို ဒါတွေကိုမြန်မာ့မီဒီယာတွေကနေတန်ပြန်လုပ်ဆောင်မယ်လို့ ပြောဆိုပါတယ်။ လာမယ့်မေလအတွင်း ပြုလုပ်ပေးမယ်ဆိုတဲ့လူထုဆန္ဒခံယူပွဲရဲ့ အခြေအနေတွေအကြောင်း သတင်း ပိတ်ပင်နိုင်ဖို့ကိုလည်း ကြိုးပမ်းပြင်ဆင်နေတယ်လို့ နိုင်ငံတကာ သတင်းလွတ်လပ်ခွင့် အဖွဲ့က ပြောဆိုပါတယ်။ မသင်းသီရိကတင်ပြပေးထားပါတယ်။

ပြည်ပနိုင်ငံကြီးတချို့က မမှန်တဲ့ သတင်း အချက်အလက်တွေနဲ့ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးကို ဖျက်ဆီးနေတယ် ။ ဒါ့ကြောင့် တပ်မတော်နဲ့ ပြည်သူ တစိတ်တဝမ်းထဲ ရှိတယ်ဆိုတာကို ပြသဖို့ မီဒီယာနဲ့ ထိထိရောက်ရောက် တန်ပြန်လုပ်ဆောင်သွားမယ်လို့ စစ်ရေးချုပ ်ဗိုလ်ချုပ်မြင့်မောင်က ပြောဆိုခဲ့တာကို ဒီကနေ့ထုတ် မြန်မာ့အလင်း သတင်းစာမှာ ဖော်ပြထားတာပါ။

စစ်အစိုးရက ကျင်းပပေးမယ်ဆိုတဲ့ မေလလူထုဆန္ဒ ခံယူပွဲမလုပ်ခင် သတင်းသမားတွေပေါ် တင်းတင်းကြပ်ကြပ်စောင့်ကြည့်နေတာမို့ ပြည်တွင်းက စာနယ်ဇင်း သတင်းသမားတွေအတွက် စိုးရိမ်စရာ ဖြစ်တယ်လို့ ပြည်ပအခြေစိုက် မြန်မာ့ သတင်းသမဂ္ဂအဖွဲ့ရဲ့ ဥက္ကဋ္ဌ ဦးမောင်မောင်မြင့်က ပြောပါတယ်။

“မီဒီယာတွေကိုတော့စစ်အစိုးရကအရင်တုန်းကထက်ပိုပြီးတော့ တင်းကျပ်ထားတာကို တွေ့ရ ပါတယ်။ နောက်တခုက မီဒီယာတွေကိုသူတို့အလိုကျ သူတို့ပြောစေချင်တဲ့ စကားမျိုးကို ပြောခိုင်းဖို့ လာမယ့်မေလ လူထုဆန္ဒခံယူပွဲနဲ့ပါတ်သက်ပြီးတော့ သူတို့စိတ်မချတဲ့ သတင်းစာသမားပေါင်း အယောက်သုံးဆယ် ကျော်ကျော်လောက်ကို စစ်အစိုးရက စောင့်ကြည့်ဖို့ဆိုပြီး စာရင်း ထုတ်ပြန် ထားတယ်ဆိုတဲ့ သတင်းမျိုးတွေ ကျွန်တော်တို့ ကြားရပါတယ်။ ဒါဟာ ပြောမယ်ဆိုရင် အင်မတန်မှ စိုးရိမ်ဖို့ကောင်းတဲ့ သတင်းမျိုးပါ။ သတင်းသမားတွေဆိုတာ သတင်းကို အမှန်အတိုင်း သတင်းပ့ို ရင်းနဲ့ အစိုးရမကြိုက်တဲ့ သတင်းမျိုးလဲ ပါသွားနိုင်ပါတယ်။ အဲဒီ သတင်းမျိုးပါသွားလို့မှ သတင်း သမားဟာ အရေးယူခံရတယ်ဆိုလို့ရှိရင် ဒါဟာ သတင်းလွတ်လပ်ခွင့်ကို ပြောင်ပြောင်တင်း တင်း ချိုးဖောက်တယ်လို့ ကျွန်တော်တို့ ယူဆပါတယ်။”

အထူးသဖြင့် မြန်မာ့နိုင်ငံရေး လောကမှာလဲ စစ်ခေါင်းဆောင်တွေနဲ့ ပတ်သက် သူတွေရယ် စစ်အစိုးရ အလိုကျ ရေးသားသူတွေလောက်သာ အခွင့်အရေးရှိတယ်လို့ စာနယ်ဇင်း အသိုင်းအဝိုင်း ကြားမှာ ပြောဆိုနေတာပါ။ ပြီးခဲ့တဲ့နှစ် ရွှေဝါရောင် လှုပ်ရှားမှုတွေအကြောင်း သတင်း စီးဆင်းမှု အခြေအနေတွေကို ကြည့်ပြီးတော့ အာဏာပိုင်တွေက သတင်းပိတ်ပင်နိုင်ဖို့ ကြိုတင် ပြင်ဆင် နေတာမို့ နိုင်ငံတကာ သတင်းသမားတွေရော ပြည်တွင်းက သတင်းသမားတွေပါ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ သတင်းတွေကို ရယူဖို့ ခက်ခဲနိုင်တယ်လို့ ဦးမောင်မောင်မြင့်က ပြောပါတယ်။

“စစ်အစိုးရအနေနဲ့ကတော့ သတင်းထုတ်ပြန်တဲ့ လမ်းကြောင်း မှန်သမျှကို သူတို့က ထိန်းချုပ်ထား တာကို တွေ့ရပါတယ်။ ပြီးခဲ့တဲ့ တော်လှန်ရေးနေ့တုန်းကဆို သူတို့က ခါတိုင်းဆို နိုင်ငံခြား သတင်း ထောက်တွေကို ဖိတ်လေ့ရှိပေမယ့် ဒီနှစ်မှာ ဖိတ်တာကို မတွေ့ရပါဘူး။ အဲဒီအပြင်ကို ပြည်တွင်းကနေ ဖိတ်တဲ့သတင်းသမားတွေကိုလည်း အမျိုးမျိုး ကန့်သတ်ချုပ်ချယ်ပြီးတော့ သတင်း သမား လေးငါးယောက်လောက်ပဲ ကင်မရာသယ်ဆောင်ခွင့်ရှိတယ်။ ကျန်တဲ့ သတင်းသမား တွေကတော့ စာရွက်နဲ့ ဘောပင်ကိုပဲ သယ်ပြီး သတင်းပိုရတဲ့ အနေအထားရှိတယ်။ အဲဒီလို ပုံစံမျိုးသာ ဆက်သွားနေမယ်ဆိုရင်တော့ မေလ ရွေးကောက်ပွဲဟာ အမှန်တကယ် လွတ်လွတ် လပ်လပ်နဲ့ သတင်းပို့နိုင်မယ့် အနေအထားရှိမယ်လို့ ကျွန်တော်တို့ မမြင်ပါဘူး။ အထူးသဖြင့် နိုင်ငံခြား သတင်းထောက်တွေကို သူတို့တွေ ချုပ်ခြယ်မှုတွေ လုပ်မယ်ဆိုလို့ရှိရင် အဲဒီသဘောမျိုး ဖြစ်လာလိမ့်မယ်လို့ ကျွန်တော်ထင်တယ်။ နောက်တပိုင်းကလည်း ပြီးခဲ့တဲ့ စက်တင်ဘာတုန်း ကဆိုရင် ဒီပုံမှန်သတင်းထောက်တွေ အပြင် လူထု သတင်းထောက်လို့ ကျွန်တော်တို့ ပြောကြတဲ့ ဘလောက်ဂါတွေရဲ့ စွမ်းဆောင်မှုက အများကြီးပါပါတယ်။ ဘလောက်ဂါ တွေရဲ့ စွမ်းဆောင်မှုတွေ ကို ကြည့်မယ်ဆိုရင်လည်း သူတို့အနေနဲ့က ဒီအင်တာနက်ကို အများကြီး အားထားရပါတယ်။ အင်တာနက်မရှိလို့ရှိရင် သူတို့အနေနဲ့က နိုင်ငံတကာကို သတင်းပို့ဖို့ မဖြစ်နိုင် ပါဘူး။ နောက်ပြီး လက်ကိုင်ဖုန်းတွေနဲ့ ပတ်သက်လို့ရှိရင် ဒီဟာတွေကို စစ်အစိုးရက ထိန်းချုပ် ထားတာဖြစ်တဲ့ အတွက် ကြောင့် အခုလာမယ့် မေလ လူထုဆန္ဒခံယူပွဲမှာ စစ်အစိုးရက သတင်းကို လုံးဝဥဿုံနီးပါး အမှောင် ချထားလိမ့်မယ်။ အဲဒီအတိုင်းပဲ ဖြစ်လာနိုင်မယ်လို့ ကျွန်တော်စိုးရိမ်ပါတယ်။ ”

မြန်မာ့သတင်းသမဂ္ဂက ဦးမောင်မောင်မြင့် ဖြစ်ပါတယ်။

စက်တင်ဘာလှုပ်ရှားမှတွေ နောက်ပိုင်း မြန်မာစစ် အကြီးအကဲကို လှောင်ပြောင်တဲ့ ကဗျာ ရေးသား မှုကြောင့် ဆိုပြီး ကဗျာဆရာ ကိုစောေ၀ အဖမ်းခံခဲ့ရသလို အင်တာနက် ဘလော့ကာသမား ကိုနေဖုန်းလတ်ကိုလည်း အာဏာပိုင်တွေက ဖမ်းခဲ့ပါတယ်။ နောက်တခါ မြန်မာ နေရှင်းသတင်း ဂျာနယ်က အယ်တီတာ ကိုသက်ဇင်နဲ့ မန်နေဂျာ ဦးစိန်ဝင်းမောင်တို့ကိုလည်း ဖမ်းထားသလို စာပေ စီစစ်ရေးမူနဲ့ မကိုက်ညီပဲ ထုတ်ဝေခဲ့ ဂျာနယ်တွေကိုလည်း အရေးယူပိတ်ပင်တာတွေကို ဒီနှစ်တွေထဲ ပိုတွေ့လာရတယ်လို့ နိုင်ငံတကာ သတင်းလွပ်လပ်ခွင့် အဖွဲ့တွေကလည်း ပြောပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG