သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒလိုင်းလားမား၏ အကြမ်းမဖက် မူဝါဒကို မျိုးဆက်သစ် တိဘက်လူငယ်များ ဘဝင်မကျ


တိဘက်ဒေသရဲ့မျိုးဆက်သစ်လူငယ်တွေဟာအကြမ်းမဖက်ရေးလမ်းစဉ်ကို ငြီးငွေ့ပြီးတော့ ပိုမို လှုပ်ရှား တက်ကြွတဲ့ လမ်းကြောင်းကို လိုလားနေကြပါတယ်။ တိဘက်ဒေသ လာဆာမြို့တော်မှာ မကြာသေးခင်က ဖြစ်ပွါးခဲ့တဲ့ မငြိမ်မသက် ဖြစ်မှုတွေဟာ လာမယ့် သြဂုတ်လကျရင် အိုလံပစ်ပွဲတော် လက်ခံကျင်းပမယ့် တရုတ် အာဏာပိုင်တွေအတွက် ရတက်မအေးဖွယ်ရာ ဖြစ်ခဲ့ရချိန်မှာ တိဘက် လူငယ်တွေဘက်က ပိုမိုတက်ကြွတဲ့လမ်း ကြောင်းကို မှန်းမျှော်လာကြတာ ဖြစ်ပါတယ်။ ဗွီအိုအေ သတင်းထောက် ဘရီရာလာဘ လိတ်ရဲ့ သတင်းကို ဦးကျော်ဇံသာက တင်ပြထားပါတယ်။

မတ်လ ၁၀ရက်နေ့ဟာ တိဘက်ဒေသကို တရုတ် လူမျိုးတွေ အုပ်စိုးမှုအပေါ် ဒလိုင်းလားမား ဦးဆောင် ဆင်နွဲခဲ့တဲ့ ပုန်ကန်ထကြွမှု ကျဆုံးခဲ့ရသော ၅၉ကြိမ်မြောက် နှစ်ပါတ်လည်နေ့ ဖြစ်ပါတယ်။ ဒါဟာ လာဆာမြို့တော်မှာ မကြာခင်က ဖြစ်ပွါးခဲ့ရတဲ့ မငြိမ်မသက်မှုစ တင်ရတဲ့ အကြောင်းအရင်း လည်း ဖြစ်ပါတယ်။ အစတုန်းကငြိမ်းချမ်းနေတဲ့ကန့်ကွက်ဆန္ဒ ပြမှုအများစုဟာ နှစ်၂၀နီးပါးအတွင်း အပြင်းထန်ဆုံး အကြမ်းဖက်မှုတွေအဖြစ် ကူးပြောင်း သွားခဲ့တာဟာ အဲဒီမတ်လ၁၄ရက်နေ့မှာ ဖြစ်ပါတယ်။ ဆန္ဒပြသူတွေဟာ ဟန်လို့ခေါ်တဲ့ တရုတ်လူမျိုးတွေ ဟွီးလို့ခေါ်တဲ့ တရုတ် မူဆလင်တွေနဲ့ ပါတ်သက်နေတဲ့ အဆောက်အဦးတွေကို မီးတင်ရှို့ခဲ့ ကြပါတယ်။ ဒီလို မငြိမ်မသက်မှုတွေဟာ တရုတ် နိုင်ငံနောက်ပိုင်း တိဘက် နေထိုင်ရာ ကျန်ဒေသတွေကိုပါ ပြန့်နှံ့ခဲ့ပါတယ်။ အဝေးရောက် တိဘက် အဖွဲ့အစည်းတွေကတော့ အခြေအနေတွေ ဒီလို အကြမ်းဖက်တဲ့ ပုံစံ ဖြစ်သွားရတာဟာ ဆန္ဒပြသမား တွေအပေါ် တရုတ် ရဲတွေကစတင် အကြမ်းဖက်ခဲ့တဲ့အတွက် ဖြစ်တယ်လို့ ဆိုကြပါတယ်။ တရုတ် ရဲတွေရဲ့လက်ချက်နဲ့ အနည်းဆုံး လူပေါင်း၁၄၀လောက် သေဆုံးခဲ့ရတယ်လို့ လည်းဆိုကြပါတယ်။ တရုတ် ရဲတွေကတော့ သေဆုံးသူဟာ ၂၀လောက်ပဲရှိခဲ့တာပါတဲ့။ တရုတ် အစိုးရက ဒီအကြမ်းဖက်မှု တွေနဲ့ ပါတ်သက်ပြီး အဝေးရောက် တိဘက်ဘာသာရေး ခေါင်းဆောင် ဘုန်းတော်ကြီးဒလိုင်းလားမား ထောက်ခံသူတွေကို အပြစ်ဖို့နေပါလေရဲ့။ ဒလိုင်းလားမားကတော့ ဒီစွပ်ဆွဲချက်တွေကို ငြင်းဆန် ပါတယ်။ ဒလိုင်းလားမားဟာ တိဘက်ဒေသအနေနဲ့ နိုင်ငံရေးအရ လွတ်လပ်ခွင့် ပိုမို ရရှိရေးကို မျှော်လင့်နေပါတယ်။ ဒါပေမယ့် များသောအားဖြင့် အိန္ဒိယနိုင်ငံမှာ အခြေစိုက်တဲ့ အဝေး ရောက် တိဘက်လူမျိုး အများစုကတော့ ဒလိုင်းလားမားရဲ့ ဝါဒအပေါ် ပို၍ပို၍ဘဝင်မကျ ဖြစ်လာနေ ကြပါတယ်။ ဒလိုင်းလားမားအနေနဲ့ လှုပ်ရှားမှုရဲ့ ရည်ရွယ်ချက်ကို တိဘက်လွတ်လပ်ရေးမှသည် တရုတ်လက်အောက်မှာပဲ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရေးရရှိရေး အဖြစ်၂၀၀၁ခုနှစ်က ပြောင်းလဲ ခဲ့တာနဲ့ ပါတ်သက်ပြီးတော့လည်း အဝေးရောက်များကမကျေနပ်ကြပါဘူး။ တိဘက် လူငယ်ပိုင်း လှုပ်ရှား သူတွေက Free Tibet ဆိုပြီးတော့ တိဘက်လွတ်မြောက် ရေးကိုတောင်း ဆိုနေကြဆဲပါ။ တရုတ် နိုင်ငံဟာ တိဘက်ကို ထိန်းချုပ် အုပ်စိုးလာခဲ့တာ ၁၉၅၁ခုနှစ်ထဲက ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ တပါတ် တုန်းက နိုင်ငံခြား သတင်းထောက်တချို့ကို တရုတ် အာဏာပိုင်တွေ ဦးဆောင်ပြီး လာဆာမြို့တော် ကို ခေါ်ယူပြသနေတုန်းမှာပဲ တိဘက်ဘုန်းတော်ကြီးအပါး ၃၀ လောက်ဟာ အဲဒီ သတင်းထောက်တွေ ရှေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။ အဲဒါ ဂျိုဟန်ဘုန်းကြီး ကျောင်းမှာဖြစ်ခဲ့တာပါ။

ဆန္ဒပြ သံဃာအများအပြားဟာ မိမိတို့အနေနဲံ့ ပြီးခဲ့တဲ့အကြမ်း ဖက်မှုတွေမှာ မပါဝင်ခဲ့ကြဘူးလို့ သတင်းထောက်တွေကိုပြောရင်း တချို့ဆိုရင် မျက်ရည် မဆယ်နိုင် ဖြစ်ခဲ့ကြပါတယ်။ တိဘက်မှာ ဘာသာရေး လွတ်လပ်ခွင့်မရှိဘူးလို့ ဆိုကြပါ တယ်။ ဖြစ်ပျက်ခဲ့တာနဲ့ ပါတ်သက်ပြီး တရုတ်အစိုးရရဲ့ ထုတ်ပြန် ပြောကြားချက်တွေဟာ မမှန်ကန်ဘူးလို့လည်း ထောက်ပြခဲ့ကြပါတယ်။ ဒီဘုန်းတော်ကြီး တွေဟာ ကမ္ဘာ့အမြင်ကို အလွဲလွဲအမှားမှားဖြစ်အောင်တမင်လုပ်နေတာဖြစ်တယ်လို့ တိဘက်မှာ ရှိတဲ့ တရုတ် အစိုးရ အရာရှိကြီးတဦးက သောကြာနေ့တုန်းကပြောဆိုခဲ့ပါတယ်။ ဒီဘုန်းတော်ကြီး တွေကိုအပြစ်ပေးဖို့တော့မပြောပါဘူး။ ဒါပေမယ့် ဂျိုဟန်းဘုန်းကြီးကျောင်းက သံဃာ ၁၁၇ ပါးကို ကျောင်းပြင်ထွက်ခွင့်မပေးဘူးလို့ဆိုပါတယ်။အဲဒီအထဲကသံဃာတချို့ကို မကြာခင်ကဖြစ်ပါွးခဲ့တဲ့ လာဆာအကြမ်းဖက်မှုတွေနဲ့ပါတ်သက်ပြီး စစ်ဆေးနေပါတယ်။ ဒီမငြိမ်မသက်မှုတွေဟာ အထူးသဖြင့် သြဂုတ်လမှာကျင်းပမယ့် ဘေကျင်းအိုလံပစ်ကို ဦးတည်ပြီးလုပ်နေကြတာလို့တရုတ်အရာရှိတွေက ပြောကြပါတယ်။ တိဘက်အခြေအ နေဟာ နိုင်ငံတကာဝေဖန်ပြောဆိုစရာတွေဖြစ်ခဲ့ရပြီး အိုလံပစ်ဖွင့်ပွဲအခမ်းအနားတွေကို သပိတ်မှောက်ကြဖို့လည်း ပြောလာနေကြပါတယ်။ အမေရိကန် သမ္မတဘုရှ်ကတော့ တိအဘက်အခြေအနေကိုစိုးရိမ်မကင်းဖြစ်ရပေမယ့် အိုလံပစ် အခမ်းအနားကို တက်ရောက်ဖို့တော့ စီစဉ်ထားပါလေရဲ့။ တဘက်မှာလည်း တိဘက်ကိစ္စမှာ ထိန်းထိန်းသိမ်း သိမ်း လုပ်ကြဖို့ သြစတေးလျှ ဝန်ကြီးချုပ်သစ် ကယ်လ်ဗင်ရပ်ဒ်နဲ့ အိမ်ဖြူမှာတွေ့ပြီး ပြောခဲ့ကြပါသေးတယ်။ မစ္စတာရပ်ဒ်က တိဘက်မှာလူ့အခွင့်အရေးချိုးဖေါက်မှုတွေရှိနေ တာထင်ရှားတယ်၊ တရုတ်အစိုးရဟာ ဒလိုင်းလားမား ဒါမှမဟုတ် သူ့ရဲ့ကိုယ်စားလှယ် တွေနဲ့တွေ့ဆုံဆွေးနွေးသင့်တယ်လို့ ဆိုခဲ့ပါတယ်။ မစ္စတာဘုရှ်ကလည်း ဒလိုင်းလားမားရဲ့ ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဆွေးနွေးခြင်းဟာ တရုတ်နိုင်ငံ အတွက်အကျိုးရှိမယ်လို့ တရုတ်သမ္မတ ဟူဂျင်တောင်းကို ဗုဒ္ဓဟူးနေ့က တယ်လီဖုန်းဆက်ပြီး ပြောကြားခဲ့ပါတယ်။

ဒီကိစ္စတွေဟာ ရှေ့လာမယ့်လတွေမှာ ပိုပြီးအရေးကြီး လာပါလိမ့်မယ်။ ဒီဘေဂျင်းအိုလံပစ်ဟာ တိဘက်အရေးကို ကမ္ဘာက ပိုမို အာရုံစူးစိုက်လာအောင်လုပ်နိုင်တဲ့ နောက်ဆုံး အခွင့်အရေးလို့လည်း တိဘက် လူငယ်မျိုးဆက်သစ်တွေက တွက်ထားကြပါသတဲ့ခင်ဗျား။

XS
SM
MD
LG