သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယဆန် ပြည်ပတင်ပို့မှု ကန့်သတ်


မြန်မာနိုင်ငံရဲ့ အိမ်နီးချင်း အိန္ဒိယနိုင်ငံမှာ
တော့ တရှိန်ထိုးတက်လာနေတဲ့ ဆန်ဈေး
တွေ ကျဆင်းအောင်နဲ့ သန်းတထောင်ကျော်
ရှိတဲ့ အိန္ဒိယပြည်သူတွေအတွက် ဆန်ဖူဖူ
လုံလုံရှိဖို့ရည်ရွယ်ပြီး နိုင်ငံခြားတင်ပို့တဲ့ ဆန်
ပမာဏကို အစိုးရက ကန့်သတ်လိုက်ပါတယ်။ ငွေကြေးဖောင်းပွမှုပြဿနာနဲ့ စားသောက် ကုန်ဈေးတွေတက်နေတဲ့ ပြဿနာကို
ဖြေရှင်းနိုင်ဖို့ အိန္ဒိယအစိုးရက ကြိုးစားတာ
ဖြစ်ပါတယ်။ ဒီအကြောင်း ဗွီအိုအေသတင်း
ထောက် အာရာနာ ပက်စ်ရီချာ (Anjana
Pasricha) သတင်းပေးပို့ထားတာကို မစုမြတ်က တင်ပြပေးထားပါတယ်။

အာရှနိုင်ငံအများစုရဲ့ အဓိကစားကုန်ဖြစ်တဲ့ ဆန်ဈေးနှုန်းဟာ ပြီးခဲ့တဲ့သုံးလအတွင်း နိုင်ငံတကာဈေးကွက်မှာ နှစ်ဆနီးပါးတက်လာခဲ့ပါတယ်။ ကမ္ဘာတဝန်းမှာ ဆန်ရှားပါးမှု
ပြဿနာတွေ ရှိလာနိုင်တဲ့အခြေအနေကြောင့် နိုင်ငံခြားကို ဆန်တင်ပို့မှု အိန္ဒိယက ကန့်သတ်ချက်တွေလုပ်တာဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။ အိန္ဒိယ
က တင်ပို့နေတဲ့ ဈေးအကြီးဆုံး ဆန်အမျိုးအစားကလွဲပြီး ကျန်တဲ့ဆန်အမျိုးအစား
အားလုံးရဲ့ အနိမ့်ဆုံးဈေးနှုန်းကို အိန္ဒိယကုန်သွယ်ရေးဝန်ကြီးဌာနက သိသိသာသာ
ကြီးကို မြှင့်တင်ခဲ့ပါတယ်။

ပြည်တွင်းဈေးကွက်မှာ ဆန်ဈေးတည်ငြိမ်သွားအောင် အိန္ဒိယအစိုးရက ပြည်တွင်း
ဖြန့်ဖြူးမှုကို တိုးမြှင့်ချင်တာဖြစ်တယ်လို့ နယူးဒေလီမှာအခြေစိုက်တဲ့ ဇီဝနည်းပညာနဲ့ စားနပ်ရိက္ခာဖူလုံရေးဆိုင်ရာအဖွဲ့က စိုက်ပျိုးရေးဆိုင်ရာ ကျွမ်းကျင်သူ ဒဗင်ဒါ ရှာမာ
(Devender Sharma) က သုံးသပ်ပါတယ်။

“အိန္ဒိယအစိုးရက အခုလို ဘာကြောင့်လုပ်လိုက်သလဲဆိုတာ ရှင်းပါတယ်။ ကမ္ဘာတဝန်း
မှာ ဆန်တင်ပို့ကြတဲ့အနေအထားကို ကြည့်လိုက်ရင် ဗီယက်နမ်ဆိုရင် ဆန်တင်ပို့မှုကို တားမြစ်ထားတယ်။ ထိုင်းနိုင်ငံက ဆန်တင်ပို့တဲ့ပမာဏကို ကန့်သတ်ထားတယ်။ ဒီလိုအခြေအနေမျိုးမှာ အိန္ဒိယကသာ ဆန်တင်ပို့မှုကို ဒီအတိုင်း ခွင့်ပြုထားမယ်ဆိုရင် ဖွံ့ဖြိုးဆဲနိုင်ငံတော်တော်များများက အလုအယက် ဝယ်ကြမှာပဲလေ။ ဒါပေမယ့် အိန္ဒိယ
အစိုးရက ပြည်တွင်းဖြန့်ဖြူးမှု လောက်ငဖူလုံအောင် ဦးစားပေးလုပ်ချင်ပုံ ရပါတယ်။”

အိန္ဒိယနိုင်ငံဟာ ကမ္ဘာပေါ်မှာ ဒုတိယဆန်ထုတ်လုပ်မှု အများဆုံးနိုင်ငံဖြစ်သလို ကမ္ဘာ
ပေါ်မှာ အဓိကဆန်တင်ပို့နေတဲ့ နိုင်ငံတခုလည်းဖြစ်ပါတယ်။ ကမ္ဘာတဝန်းမှာ အခြေခံ စားသောက်ကုန်ဈေးတွေ တက်နေသလိုပဲ အိန္ဒိယမှာလည်း ဆန်၊ ဂျုံ၊ ပဲနီလေး စတဲ့ အဓိကစားကုန်ဈေးတွေ တရှိန်ထိုးတက်နေပါတယ်။ ငွေကြေးဖောင်းပွမှုကလည်း ပြီးခဲ့တဲ့သီတင်းပတ်က ၆.၇ နီးပါး တက်သွားပါတယ်။ ဒါဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ အမြင့်ဆုံးပမာဏ ဖြစ်ပါတယ်။

ငွေကြေးဖောင်းပွရခြင်းရဲ့ အဓိကအကြောင်းတရပ်ကတော့ စားသောက်ကုန်ဈေးတွေ
ထိန်းမနိုင် သိမ်းမရ တက်နေလို့ပဲဖြစ်ပါတယ်။ ဒါကြောင့် အိန္ဒိယအစိုးရက ဈေးတွေ
ကျဆင်းအောင် သူတို့ဘက်က အတတ်နိုင်ဆုံးလုပ်ပါမယ်ဆိုပြီး ကတိပြုထားတာဖြစ်
တယ်လို့ နယူးဒေလီမြို့မှာရှိတဲ့ ဗွီအိုအေသတင်းထောက် အာရာနာ ပက်စ်ရီချာက
ပြောပါတယ်။

အိန္ဒိယအစိုးရက စားသုံးဆီတင်ပို့မှုကိုလည်း ပိတ်ပင်ထားခဲ့ပြီးဖြစ်သလို စားသောက်
ကုန်တချို့ရဲ့ တင်သွင်းခွန်တွေကို လျှော့ချပေးခဲ့ပါတယ်။ အိန္ဒိယလူဦးရေရဲ့ သုံးပုံနှစ်ပုံ
ဟာ ဆင်းရဲကြတာမို့ အစားအသောက်ဈေးနှုန်းကိစ္စဟာ အိန္ဒိယမှာ နိုင်ငံရေးအရ
အင်မတန်မှ အတိမ်းအစောင်းမခံနိုင်တဲ့ကိစ္စတခု ဖြစ်ပါတယ်။

ရှေ့နှစ်ကြရင်လည်း ရွေးကောက်ပွဲလုပ်ဖို့ စီစဉ်ထားတာမို့ ကုန်ဈေးနှုန်းတက်လို့ မကျေ
နပ်ကြတဲ့ မဲဆန္ဒရှင်တွေဆီက မဲမရမှာကိုလည်း အစိုးရက စိုးရိမ်ပါတယ်။ အရှေ့တောင် အာရှနိုင်ငံတချို့မှာလည်း ကုန်ဈေးနှုန်းတက်နေတဲ့ ပြဿနာတွေကို ရင်ဆိုင်နေကြ
ရပါတယ်။

အိန္ဒိယရဲ့ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာဆိုရင်လည်း ပြီးခဲ့တဲ့နှစ်တုန်းက ဆိုင်က လုန်းမုန်တိုင်းဒဏ်ကြောင့် စပါးခင်းတဝက်လောက် ပျက်ဆီးခဲ့ရပြီးနောက် ဆန်ဈေး
တွေ ခေါင်ခိုက်နေပါတယ်။

လာမယ့်နှစ်တွေအတွင်းမှာ စားသောက်ကုန်ဈေးတွေ ဆက်ပြီး သိသိသာသာ တက်ဖို့ ရှိတယ်ဆိုတာကို ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ကြီးကလည်း သတိပေးထားတာရှိပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG