သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တကိုယ်တော် ဆန္ဒပြသူ ဦးအုန်းသန်းကို တသက်တကျွန်း ပြစ်ဒဏ်ပေး


ရန်ကုန်မြို့က တကိုယ်တော် ဆန္ဒပြသူလို့ ထင်ရှားတဲ့ ဦးအုန်းသန်း ကို မြန်မာစစ်အစိုးရရဲ့ တရားရုံးတခုကနေ တသက်တကျွန်း ပြစ်ဒဏ်ချမှတ်လိုက်တာပါ။ အသက် ၆၂ နှစ်အရွယ်ရှိ ဦးအုန်းသန်း ကိုပြီးခဲ့တဲ့နှစ် သြဂုတ်လ ၂၃ ရက်နေ့က ရန်ကုန်မြိုကက အမေရိကန်သံရုံးရှေ့မှာ ဆန္ဒပြခဲ့တဲ့နောက်ပိုင်း အာဏာပိုင်တွေက ဖမ်းဆီးခဲ့တာ ဖြစ်ပြီးတော့ အဲဒီနောက် အစိုးရကို အကြည်ညိုပျက်စေမှု ဥပဒေပုဒ်မ ၁၀၄ (က) နဲ့ အခုနောက်ဆုံး တသက်တကျွန်း ပြစ်ဒဏ်ပေးခံခဲ့ ရတာပါ။ မြန်မာစစ်အစိုးရရဲ့ တရားရုံးကနေ ဦးအုန်းသန်း ကို အခုလို စီရင်ချက် ချမှတ်လိုက်တဲ့အကြောင်း ရန်ကုန်မြို့က ရှေ့နေကြီး ဦးအောင်သိန်း ကပြောပြရာမှာတော့ -

"ကျနော်တို့က ဒီနေ့အင်းစိန်ထောင်သီးသန့် တရားရုံးမှာ ထုတ်တဲ့ တောင်ဒဂုံမြို့နယ် အမှုကိစ္စ အတွက်သွားတာ၊ ကိုအုန်းသန်းကို အနောက်ပိုင်းခရိုင်တရားရုံးကနေ သီးသန့်ရုံးမှာဒီနေ့ အမိန့်ချ တယ်ပေါ့လေ၊သူ့ကိုအမိန့်ချလိုက်တာက ဒဏ်ငွေတစ်ထောင်နဲ့ ထောင်ဒဏ်တသက်တကျွန်းပေါ့ဗျာ၊ ပုဒ်မ ၁၂၄ (က) ကျုးလွန်တယ်ပေါ့၊ နိုင်ငံတော်အစိုးရကို အကြည်ညိုပျက်စေတာ ပေါ်ပေါက်တယ်လို့ သူ့ကိုအမိန့်ချလိုက်တယ်၊ ကိုအုန်းသန်းကတော့ င်္ဒီအမိန့်အတွက်ကို တည်တည်ငြိမ်ငြိမ်ပါပဲ၊ သူတကိုယ်တော်ဆန္ဒပြတဲ့ကိစ္စကိုလည်း တရားရုံးရဲ့ စီရင်ချက်ထဲမှာ ဖော်ပြထားတယ်ပေါ့နော်၊ သူတကိုယ်တော် အမေရိကန်သံရုံးရှေ့မှာ ဆန္ဒပြတဲ့ ကိစ္စ တွေပေါ့နော်၊ သူ့တောင်းဆိုချက်တွေပါ စီရင်ချက်မှာ ကျနော်တို့ကြားရတာပဲ၊"

နိုင်ငံရေးလှုပ်ရှားမှုတွေကြောင့် အာဏာပိုင်တွေရဲ့ ဖမ်းဆီးတာကို ခံထားရပြီး တရားစွဲဆို အရေးယူခံရမယ့်အရေးနဲ့ ရင်ဆိုင်နေရသူတွေအတွက် ဥပဒေကြောင်းအရ လိုက်ပါ အကူအညီပေး နေတဲ့ ရန်ကုန်မြို့က ရှေ့နေကြီး ဦးအောင်သိန်း ပါ။ အခုလို ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ပြသခဲ့သူ ဦးအုန်းသန်း ကို တသက်တကျွန်းပြစ်ဒဏ်ချမှတ်လိုက်တာမျိုးဟာ ကိုလိုနီခေတ်ကတောင် မရှိတဲ့ အဖြစ်မျိုးလို့ ရှေ့နေကြီး ဦးအောင်သိန်းက ဆိုပါသေးတယ်။

"အဲဒီပုဒ်မ ၁၂၄(က)ကို သခင်လေးမောင်နဲ့ အစိုးရမင်းဆိုတဲ့ အဂ်လိပ်အမှုပါ၊ ၁၉၃၉မှာ ချခဲ့တဲ့ စီရင်ထုံးတခုရှိတယ်၊ သခင်လေးမောင်က ရေနံမြေအလုပ်သမားတွေ အခွင့်အရေးတွေနဲ့ ဖိနှိပ် ခံရတယ်ဆိုတာ ပြောတာဟာ ဖြင့်ရင် ၁၂၄ (က)ရဲ့ ရှင်းလင်းချက် တစ်နဲ့ နှစ်မှာ ကင်းလွတ်ခွင့်နဲ့ဝင်တယ်။ သို့ပေမယ့် အလုပ်သမားတွေကို ကျွန်သပေါက်လို သဘောထား တာဖြင့်ရင် မမှန်မှုမရှိဘူး၊ ကျွန်သပေါက်လိုသေဘောထားတာဖြင့်ရင် အလုပ်သမားတွေနစ်နာတယ်။ ကျွန်သဘောက်လို သဘောထားတယ်ဆိုတဲ့ သဘောအတိုင်းအတာအရ သူတို့ဟာ ဆက်သုံးလိုက်တဲ့အတွက် အဲဒီ စကားလုံးဟာ အစိုးရကို အကြည်အညိုပျက်တယ်လို့ ပြောတယ်၊ အဲဒီမှာသူ့ကို အင်္ဂလိပ်လက်ထက် ကတောင် ထောင်ဒဏ် ၉လပဲချတယ်ဗျ၊"

ဦးအုန်းသန်း အခုလို တသက်တကျွန်းစီရင်ချက် ချခံလိုက်ရတဲ့အပေါ် အဆင့်ဆင့် အယူခံသွားရာမှာ ဥပဒေကြောင်းအရ လျှောက်လဲပေးဖို့ ရှေ့နေကြီး ဦးအောင်သိန်း က ဦးအုန်းသန်း ကိုယ်စား ဆောင် ရွက်သွားဖို့ ရှိပါတယ်။ အခု တသက်တကျွန်း ချမှတ်ခံခဲ့ရတဲ့ ဦးအုန်းသန်းလိုပဲ အလားတူ ပုဒ်မတွေနဲ့ ရင်ဆိုင်နေရသူတွေ အကျဉ်းထောင်တွေထဲမှာ အများအပြား ရှိနေတယ်လို့လည်း ဦးအောင်သိန်း ကပြောပါတယ်။ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီးဖြစ်တဲ့ (Amnesty International) အဖွဲ့ကြီးကလည်း စက်တင်ဘာ သံဃာတော်တွေ ဦးဆောင်တဲ့ လူထုလှုပ်ရှားမှုတွေကစလို့ မြန်မာ စစ်အစိုးရရဲ့ လူမသိသူမသိ တရားခွင်တွေကနေ ထောင်ဒဏ်ပြစ်ဒဏ်တွေ ချမှတ်ခဲ့တာ သံဃာတော် ၇ ပါး အပါအဝင် အနည်းဆုံး လူပေါင်း ၄၀ လောက် အထိရှိခဲ့တယ်လို့ ဒီတပတ်ထဲမှာပဲ ပြောဆိုထား တာလည်း ရှိပါတယ်ခင်ဗျာ။

XS
SM
MD
LG