သုံးရလွယ်ကူစေသည့် Link များ

မြန်မာ့ ဒီမိုကရေစီ လှုပ်ရှားသူ နောက်တဦး ရိုက်နှက်ခံရ၊ ဒဏ်ရာပြင်းထန်


ရန်ကုန်မှာ အတိုက်အခံလှုပ်ရှားသူတဦး မနေ့ညက ရန်ငြိုးမရှိဘဲ အရိုက်ခံရ ပြန်ပါတယ်။ ဒါဆိုရင် အခုအပတ်အတွင်း ရန်ကုန်မှာ အတိုက်အခံ လှုပ်ရှားသူ ၃ ဦးမြောက် အကြမ်းဖက် တိုက်ခိုက်ခံရတာ ဖြစ်ပါတယ်။ ရဲဖက် နယ်မြေ အာဏာပိုင်တွေက ဒီအမှုကို လက်ခံထားပေမယ်လို့ အခုအချိန်အထိ အခုလို တိုက်ခိုက်မှုတွေမှာ ဘယ်သူဘယ်ဝါတွေ ပါဝင်ပတ်သက်တယ် ဆိုတာတော့ မရှင်းလင်းပါဘူး။ အခု မနေ့က ဖြစ်သွားတဲ့ကိစ္စ စုံစမ်းမေးမြန်းထားတာကို ကိုသားညွန့်ဦးက တင်ပြထားပါတယ်။

အခု မနေ့ညပိုင်းမှာ အကြမ်းဖက် တိုက်ခိုက်ခံရသူကတော့ လှိုင်သာယာ မြို့နယ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင် ဗဟို လူမှုအထောက်အကူပြု အဖွဲ့ဝင် ဦးတင်ယု ဖြစ်ပါတယ်။ သူဟာ ဟိုးကတည်းက အဖွဲ့ချုပ်ရဲ့ လူမှုရေး လုပ်ငန်းတွေမှာ ပါဝင်ခဲ့သလို လှိုင်သာယာ မြို့နယ်အတွင်း နယ်မြေ အာဏာပိုင်တွေရဲ့ နယ်မြေလူထုအပေါ် မမှန်မကန် လုပ်မှုတွေကို ကူညီ တိုင်ကြားပေးသူ ဖြစ်ပါတယ်။ ဒီမမှန်မကန် အကြောင်းရပ်တွေနဲ့ ဖြစ်ခဲ့တာတွေနဲ့ ပတ်သက်လို့ ကျနော်တို့ သတင်းဌာနတွေက မေးမြန်းရင်လည်း ဖြေကြားပေးလေ့ ရှိသူ ဖြစ်ပါတယ်။ မနေ့ညပိုင်းက အရိုက်ခံရတဲ့ အရှိန်ကြောင့် အခု မျက်လုံးတဖက် အမြင်အာရုံ ထိခိုက်နေပြီး မျက်နှာနဲ့ ဦးခေါင်းပိုင်းမှာ အချက် ၂၀ လောက် ချုပ်ထားရတယ်လို့ သိရပါတယ်။ ရန်ကုန်ဆေးရုံကြီးက အခုပဲ ဆင်းလာတဲ့ ဦးတင်ယုကို ဆက်သွယ် မေးမြန်းကြည့်ပါတယ်။

“နေ ၂ နာရီလောက်က ကျနော်တို့ မိသားစု စားဖို့အတွက် ဈေးသွားတာပေါ့။ ကားစောင့်နေတဲ့ အချိန်မှာပေါ့ ဆိုင်ကယ်နဲ့ပေါ့ လူ ၂ ယောက်၊ ဆိုင်ကယ်နောက်က အင်္ကျီလက်ရှည် အ၀ါနဲ့ ကောင်လေးက ဆင်းလာတယ်၊ အသက် ၂၆၊ ၂၈ လောက် ရှိမှာပေါ့။ ကျနော်ကလည်း အဲဒီမှာ မတ်တက်ရပ်နေတော့ ကျနော့်ကို ကျော်သွားတာပေါ့။ ကျနော်လည်း သတိထားနေတာ။ အဲဒီမှာ ကျနော်ကလည်း ညောင်းလို့ဆိုပြီးတော့ ထိုင်းလည်း ထိုင်လိုက်ရော သူက နောက်ပြန် ဆုတ်လာပြီးတော့ ကျနော့်ကို ကျော်သွားပြီးတော့မှ နောက်ကနေ ကျနော်တို့ အိမ်က သေသေချာချာ လုပ်ထားတဲ့ ၂-ပတ်လည် ပျဉ်းကတိုးတုတ်နဲ့ စောင်းနဲ့ရိုက်တာပေါ့။”

ဟုတ်ကဲ့။ ရိုက်တာ ဘယ်နှစ်ယောက်လဲ ခင်ဗျ။ -

“ရိုက်တာက တစ်ယောက်၊ ဆိုင်ကယ်နဲ့ စောင့်နေတဲ့ကောင်က ဆက်သွယ်ရေးစက် သူ့ခါးကြားမှာ ချိတ်ထားတယ်။ ကျနော့်ကို ရိုက်လည်း ရိုက်ပြီးတော့ သမီးကနေပြီးတော့ “သူခိုးသူခိုး” လို့လည်း အော်ရော၊ ကျနော် သူခိုးမဟုတ်ပါဘူးလို့ ပြေးလည်းပြေးရော ဆိုင်ကယ်နဲ့ကောင်က နောက်က စက်နိုးပြီးတော့ အောင်မင်းအောင် (၁) လမ်း ထိပ်လည်းရောက်ရော အဲဒီကောင်ကို နောက်ကနေ တင်ပြီးတော့ မောင်းပြေးသွားတာ။ ရန်ကုန်ဆေးရုံကို သွားလည်း သွားလိုက်ရော ကျနော့်ကို ချုပ်ရိုး ၂၀ လောက် ချုပ်ရတယ်။ ညာဖက် မျက်စိအောက်က တည့်တည့်မှာပေါ့။”

အခုဟာက မျက်နှာကို ထိသွားတာလား။ -

“ဟုတ်ကဲ့ခင်ဗျ။ နဖူးမှာက ၁ ချက်၊ မျက်စိအောက်မှာက ကျနော်က အတွင်းကနေပြီးတော့ ၁၀ ချက်ကျော်ကျော် အားလုံး အချက် ၂၀ ကျော်တယ်ပေါ့။ ညာဖက်မျက်စိက လုံးဝ မမြင်ရဘူး။”

ဘယ်လိုဖြစ်လို့ နောက်ကနေ ရိုက်တာက မျက်နှာကို ထိသွားတာလဲခင်ဗျ။ -

“ကျနော်က နောက်ကို လှည့်အကြည့်နဲ့ဆိုတော့လေ အဲဒီမှာ ရိုက်မိသွားတာ။ မျက်စိကတော့ ဘယ်လိုဖြစ်လို့လဲ ဆိုတာတော့ မခန့်မှန်းနိုင်တော့ဘူးပေါ့ဗျာ။ မျက်စိက အခု လုံးဝကို မမြင်ရတော့တာ။ ဆေးရုံက ပြောလိုက်တာကတော့ အတွင်းက သွေးယိုပေါက်တွေက ယိုထွက်တယ်လို့ ပြောတယ်။ သွေးတွေ ယိုထွက်လာတဲ့ အတွက်ကြောင့် မျက်စိက လုံးဝ မမြင်ရတော့ဘူး။ မဲနေတာကိုး။”

ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ သက်ဆိုင်ရာ ရဲစခန်း အာဏာပိုင်တွေကို သွားတိုင်တော့ရော သူတို့က ဘာပြောလဲခင်ဗျ။ -

“သူတို့ကတော့ ရေးမှတ်ထားပြီးတော့၊ စခန်းမှူး ကိုယ်တိုင်ပါပဲ ကျနော့်ကို ကောင်းကောင်းမွန်မွန် ဆက်ဆံတယ်၊ သူတို့ ဆက်လက် စုံစမ်းပေးပါမယ်လို့ ပြောတာပေါ့။ ဆက်သွယ်ရေးဖုန်း ကိုင်တယ်ဆိုတာကလည်း သူတို့ အဖွဲ့တွေပဲ ရှိတယ်လေ။”

ဟုတ်ကဲ့။ အဲဒီ စက်သွယ်ရေးဖုန်း ကိုင်ထားတယ်ဆိုတာကို ရဲစခန်းကို ပြောပြသေးလား ဦးတင်ယုတို့က။ -

“ပြောပြတယ်။ သူတို့က ရေးမှတ်ထားလိုက်တယ်။ ဒီလို မဖြစ်ခင် ၃ ရက်လောက်မှာပေါ့ဗျာ။ ကျနော်တို့ အပိုင်နယ်ထိန်းပေါ့၊ မင်းအောင်ကနေပြီးတော့။ ကျနော့် အိမ်ရှေ့မှာ ည ၂ နာရီလောက်ကြီးကို လာပြီးတော့ ဆိုင်ကယ်နဲ့ လာစောင့်ကြည့်နေတယ်။ နောက် အဲဒီအချိန်မှာ ကျနော် ဈေးသွားတဲ့အခါကျတော့ လမ်းထိပ်လည်းကျရော သူ့လူ ၃ ယောက်က ထိုင်စောင့်နေတယ်။ ကားဂိတ်မှာတော့ လူက ၁၄ ယောက် ၁၅ ယောက် ဖြစ်လာတဲ့အခါကျတော့ ကျနော် မရိုက်ခံလိုက်ရဘူး အဲဒီနေ့က။”

အရင် ဒီမတိုင်ခင်ကတည်းက ဦးတင်ယုကို စောင့်ကြည့်နေတဲ့ပုံစံမျိုးတော့ ရှိတာပေါ့။ -

“လိုက်စောင့်ကြည့်ပြီးတော့ ကျနော့်ကို လုပ်ကြံနေတာပေါ့ဗျာ။ သူ လာတဲ့နေ့က စပြီး စောင့်ကြည့်ပြီးတော့ ဒီနေ့ဆိုမှ ၃ ရက်ပဲ ကွာတယ်။ ကျနော် အရိုက်ခံရတယ်။ ရိုက်တဲ့နေရာမှာ ဆက်သွယ်ရေးဖုန်းပါတဲ့ ဆိုင်ကယ်သမား ကနေပြီးတော့ ရိုက်တဲ့ကောင်ကို ဆိုင်ကယ်နောက်က တင်လာတာ။”

ဦးတင်ယုမှာ တခြား ရန်ငြိုးရန်စရော ရှိလားခင်ဗျ။ -

“ကျနော့်မှာ ဒီလို ရပ်ကွပ်ထဲမှာဆို တစ်ယောက်မှကို မရှိခဲ့တာ။”

ဦးတင်ယုက အသက် ဘယ်လောက် ရှိပြီလဲခင်ဗျ အခု။ -

“အသက် ၅၀ ရှိပါပြီခင်ဗျ။”

ဟုတ်ကဲ့။ ဦးတင်ယု အခုလို အရိုက်ခံရတာကို ဘာလို့ထင်လဲခင်ဗျ။ ဘာအကြောင်းကြောင့်လို့ ထင်လဲခင်ဗျ။ -

“အဲ - သူတို့ စိတ်ထဲမှာတော့ သူတို့ဒီမှာ အခု ဆန္ဒခံယူပွဲလုပ်ဖို့ စိုးရိမ်တာတွေ ဖြစ်နေပြီးတော့ ကျနော်တို့ကို အငြိုးအတေးတွေနဲ့ မလုပ်နိုင်အောင် ဆိုပြီးတော့ နိုင်ငံရေးသမားတွေကို လိုက်နှိပ်ကွက်နေတာပဲ။”

အခုလိုမျိုးပေါ့ နိုင်ငံရေးလုပ်တဲ့သူတွေကို ခြိမ်းခြောက်တာ၊ ချောင်းပြီးတော့ ရိုက်တာ အခု ဆက်တိုက်ဆိုသလို ဖြစ်လာတာ ဦးတင်ယုဆို ဒီအပတ်အတွင်းမှာကို ၃ ယောက်မြောက် ဖြစ်သွားပါပြီ။ အဲဒီတော့ ဦးတင်ယုအနေနဲ့ ဘယ်လို ခံစားမိလဲ။ ထိတ်လန့်မိလား။ -

“ကျနော့်အနေနဲ့ကတော့ လုံးဝ မထိတ်လန့်မိဘူးလေ။ မထိတ်လန့်မိဘူး ဆိုတာက သူတို့ဖက်က ဒါမျိုး ဥပဒေမဲ့ပေါ့ဗျာ။ ရိုက်မယ်ဆိုတာကို သိတယ်။ သတ်မယ်ဆိုတာလည်း သိတယ်။ ဖမ်းမယ်ဆိုတာလည်း သိတယ်။ ကျနော်တို့ အနေနဲ့ကလည်း တွေ့ဆုံဆွေးနွေးရေးနဲ့ ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရေးအတွက်ပဲ တောင်းတာ၊ သူတို့ဆီကနေ အာဏာတောင်းနေတာ မဟုတ်ဘူး။ အဲဒါတွေကို သူတို့ကနေပြီးတော့ ဒီလို နှိပ်ကွက်လို့လည်း ပြီးသွားမှာမှ မဟုတ်တာ။”

အခုလို အတိုက်အခံလှုပ်ရှားသူတွေ အကြမ်းဖက် တိုက်ခိုက်ခံရတဲ့ ကိစ္စတွေမှာ အာဏာပိုင်အချို့ ပါဝင်ပတ်သက်နိုင်ချေ ရှိတယ်လို့ ခံရသူတွေဖက်ကတော့ ယူဆနေပါတယ်။ မနှစ်တုန်းက စက်တင်ဘာလှုပ်ရှားမှု မတိုင်ခင် လောင်စာဆီ ဈေးနှုန်း ကျဆင်းရေး လမ်းလျှောက် ဆန္ဒပြပွဲတွေမှာတော့ အရပ်ဝတ် စွမ်းအားရှင်တွေနဲ့ ကြံ့ခိုင်ရေးအဖွဲ့ဝင်တွေက လှုပ်ရှားသူတွေကို အကြမ်းဖက် ရိုက်နှက် ဖမ်းဆီးမှုတွေ ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် အဲဒီတုန်းကလည်း အရပ်သား စွမ်းအားရှင်တွေရဲ့ ဒီအကြမ်းဖက် ဖမ်းဆီးမှုတွေ တိုက်ခိုက်မှုတွေဟာ ဥပဒေစိုးမိုးမှုကို ထိခိုက်စေတယ်လို့ အတိုက်အခံတွေဖက်က ပြောဆိုပေမယ်လို့ စစ်အာဏာပိုင်တွေဖက်က အရေးယူတာ မလုပ်ခဲ့တဲ့အပြင် ဒါဟာ တာဝန်သိ ပြည်သူတွေ ဖြစ်တယ်လို့ပဲ အစိုးရ သတင်းစာ မီဒီယာတွေမှာ ဖော်ပြတာ တွေ့ရပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG