သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သတင်းစာဆရာကြီး ကြေးမုံဦးသောင်း ကွယ်လွန်


မြန်မာနိုင်ငံရဲ့ ရှားရှားပါးပါး သမ္ဘာရင့် စာနယ်ဇင်းသမား၊ သတင်းစာဆရာကြီး တဦးဖြစ်တဲ့ ကြေးမုံဦးသောင်းဟာ အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါ ပြည်နယ်၊ ဖို့လော်ရာဒေး မြို့မှာ မနေ့ည ၁၀ နာရီက ကွယ်လွန်သွားခဲ့ပါတယ်။ ကွယ်လွန်ချိန်အထိ ဆရာကြီးဟာ ခေတ်ပြိုင်ဂျာနယ်ရဲ့ အယ်ဒီတာချုပ်နဲ့ မြန်မာ့သတင်းသမဂ္ဂရဲ့ နာယကအဖြစ်လည်း ဆောင်ရွက်နေပါတယ်။ ဆရာကြီး ကွယ်လွန်ခဲ့တဲ့သတင်းကို ဦးတင်မောင်သန်းက တင်ပြထားပါတယ်။

ကွယ်လွန်တဲ့အချိန်မှာ ဆရာဦးသောင်းက အသက် ၈၂ နှစ်ရှိပါပြီ။ ဖလော်ရီဒါ အမေရိကန် စင်တာ ဆေးရုံကြီးမှာ နမိုးနီးယား၊ အဆုတ်ရောင် ရောဂါနဲ့ မတ်လ ၁၀ ရက်နေ့ကတည်းက တက်ရောက် ကုသနေခဲ့တာ၊ ဒါပေမယ့် ကုသမှု မအောင်မြင်ခဲ့ဘဲ ကွယ်လွန်သွားခဲ့ရတာပါ။ ဆရာ ကွယ်လွန်ခဲ့တဲ့ သတင်းကို ကြားရတဲ့အခါ ဆရာ ဒဂုန်တာရာက အခုလို ဝမ်းနည်းကြေကွဲစကား ပြောခဲ့ပါတယ်။

“ကိုသောင်း ဆုံးသွားတယ်ကြားလို့ ကျနော် စိတ်မကောင်းဘူးဗျာ၊ ဘာပဲဖြစ်ဖြစ် သူ တိုင်းပြည်ကြီးကို ပြည်သူတွေရဲ့ အကျိုးကို၊ ပြည်သူတွေရဲ့ အကျိုးကို ဆောင်ရွက်တဲ့ သူတယောက်အဖြစ်နဲ့ ကျနော်ကတော့ သူ့ကို ခင်မင်မိပါတယ်။ စွဲလမ်းချစ်ခင် မိပါတယ်ဗျာ။ ကိုသောင်းက ကျနော့်ထက်တောင် ငယ်တယ်ဗျ။ ၉ နှစ် ငယ်တယ်ဗျ။ ကျနော် မှတ်မိသလောက်တော့ ကိုသောင်း ဆုံးသွားတဲ့ အတွက် ကျနော်တို့ ဒီမိုကရေစီ အရေးတော်ပုံပဲ ပြောကြပါစို့မှာ တကယ် စွမ်းစွမ်းတမံနဲ့ ထိထိရောက်ရောက် လူတယောက် ဆုံးပါးသွားရလေခြင်း ဆိုပြီးတော့ ကျနော်ကတော့ နှမြောတသ မိပါတယ်။”

အောင်ဗလ နာမည်ခံ၊ ဆရာ ဦးသောင်းကို ညောင်ဦးမြို့မှာ ၁၉၂၆ ခုနှစ်က မွေးဖွားခဲ့ပါတယ်။ အသက် ၂၁ နှစ်အရွယ်မှာ ဗမာ့ခေတ်သတင်းစာရဲ့ သတင်းထောက်အဖြစ် လုပ်ကိုင်ခဲ့ပြီး၊ အသက် ၂၅ နှစ်ရောက်တော့ ဆရာက အယ်ဒီတာချုပ် ဖြစ်ခဲ့ပါပြီ။ အသက် ၃၁ နှစ်အရွယ်မှာ ကြေးမုံ သတင်းစာကို ကိုယ်ပိုင် ထုတ်လိုက်တဲ့အခါ ရောင်းရအကောင်းဆုံး ဖြစ်ခဲ့ပါတယ်။ ဗွီအိုအေ မြန်မာပိုင်း အစီအစဉ်ရဲ့ အနုပညာ မိုးကောင်းကင်ကဏ္ဍမှာ စာနယ်ဇင်းနဲ့ စာပေဘဝကို ဆရာက အခုလို ပြောပြခဲ့ပါတယ်။

“ကျနော်က စာပေလောကကို ဝင်စတုန်းက ရသစာပေတွေကို ရေးပြီး ဝင်ခဲ့ပါတယ်။ ၁၉၄၇ ခုနှစ် ဇန်နဝါရီလဆန်းက ဂျာနယ်ကျော်မှာ “ဆီးသီးကြွေချိန်” ဆိုတဲ့ ဝတ္ထုဟာဆိုရင် ကျနော် ပထမဆုံး ပုံနှိပ်ခံရတဲ့ ဝတ္ထုပါ။”

၁၉၆၂ ခုနှစ် နောက်ပိုင်း မြန်မာနိုင်ငံက စာနယ်ဇင်းသမားတွေဟာ ရှေးက ပြန်ခဲ့တဲ့ လက်ရာတွေကို ကြည့်ပြီး အမြင်သင် သင်ခဲ့ကြရတာပါ။ ဒီလို သင်ခဲ့ရတဲ့အထဲမှာ လျှပ်တပြက် ဂျာနယ် အယ်ဒီတာချုပ် မြတ်ခိုင်လည်း တစ်ယောက်အပါအဝင် ဖြစ်ပါတယ်။ ဦးမြတ်ခိုင်က -

“စိတ်မကောင်းဘူးပေါ့ဗျာ၊ ဘာလို့လဲဆိုတော့ ကျနော်တို့ ဗမာ့ခေတ် ကတည်းက ပေါ့နော်၊ သူ့လက်သူ့ခြေ လေ့လာခဲ့ရတယ်။ သူ့ကို အောင်ဗလ အနေနဲ့ သူ့ကို လေးစားပါတယ်။ နောက် ကြေးမုံ ဦးသောင်းအနေနဲ့ သူ့ကို လေးစားပါတယ်။ အဲလို အရည်အချင်း ရှိတဲ့သူတစ်ယောက်အတွက် ကျနော်တို့က နှမြောစရာပေါ့၊ သူ့စာတွေကို ကျနော်တို့က ရှာဖတ်နေရတုန်းပါပဲ။”

၁၉၆၂ ခုနှစ် စစ်တပ်က အာဏာသိမ်း တက်လာတဲ့ အခါမှာတော့ ဆရာ့ သတင်းစာဟာ ပြည်သူပိုင် အသိမ်းခံခဲ့ရပြီး ၁၉၆၃ မှာတော့ တရားစစ်ဆေးခြင်း မရှိဘဲ ထောင်သွင်း အကျဉ်းချ ခံခဲ့ရပါတယ်။ အဲဒီအချိန် ဆရာနဲ့ ထောင်ထဲမှာ ဆုံခဲ့ရသူကတော့ ကဗျာဆရာကြီး ဒဂုန်တာရာပါပဲ၊ ဆရာ ဒဂုန်တာရာက အခုလို ထောင်တွင်းက အတွေ့အကြုံကို ပြန်ပြောပြပါတယ်။

“၁၉၆၃ မှာ ကျနော်တို့ အဖမ်းခံရတယ်။ လူ ၁,၀၀၀ လောက် အဖမ်းခံရတယ် ထင်တယ်။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပျက်သွားတော့။ အဲဒီမှာ ကိုသောင်းနဲ့ ထောင်ထဲမှာ တွေ့ရတယ်။ တွေ့တုန်းကတော့ တစ်ခန်းစီပေါ့၊ ကျနော်ကတော့ အဆောင် (၄)၊ သူက အောက်ထပ်။ ကျနော့်ကို သူ ပေးတယ်ဗျ၊ သူ ပါလာတဲ့ မုန့်လေးတွေ ပေးတယ်။ ပိုရင်းနှီးသွားတယ် အဲဒီမှာ စပြီးတော့၊ ခင်မင်မှုကလည်း ပိုပြီးတော့ ခိုင်မာသွားတယ်လို့ ပြောရမှာပေါ့။ ထောင်က လွတ်လာတော့ ၁၉၆၇၊ ဖေဖော်ဝါရီ လထဲမှာ လွတ်လာတော့ ကာတစ်စီးတည်းဗျ။ ကျနော်ကလည်း လွတ်မှန်းလည်း မသိဘူး။ သူက ထောင်မှူးက ခေါ်လိုက်တာပေါ့ဗျာ။ လာခေါ်တော့ အဲဒီမှာ ကိုသောင်း သွားတွေ့တယ်။ ကျနော်တို့ကို လိုက်ပို့တာပေါ့။ အဲဒီမှာ ကိုသောင်းပါတယ်၊ အိမ် အတူတူသွားကြတာ။ သူ့ အိမ်က တံခါး ပိတ်ထားတယ်ဗျ။ ကျနော်မှတ်မိသလောက်။ ကျနော် စိတ်မကောင်း ဖြစ်သွားတယ်။ ဆိုတော့ သူ့ကို ထားခဲ့ရတယ်ပေါ့။ ကျနော်တို့က သူ့ အရင် အပို့ရတာကိုး၊ ကျနော် မှတ်မိတယ် သူ့ရုပ်ပုံလွှာလေးက။ အဲဒီ ဆွဲအိတ်ပေါ်မှာ ထိုင်ပြီး ကျန်ရစ်ခဲ့တယ်။ တံခါးပိတ်ထားတော့ “အော် - သူတို့အိမ်သားတွေ အပြင်ကို ထွက်သွားတာနဲ့ တူတယ်” လို့ ပြောပြီး ကျနော်တို့ ထွက်သွားတာပေါ့။ ကျနော် စိတ်မကောင်းဖြစ်သွားတာက တယောက်တည်း ထိုင်ကျန်ရစ်ခဲ့လို့၊ အိမ်က တံခါးပိတ်ထားတာကိုး။”

ထောင်က လွတ်လာပြီးတဲ့နောက် ဆရာ့ကို ပြန်ကြားရေး ဝန်ကြီးဌာနမှာ ဆရာ့ကို အရာရှိအဖြစ် ခန့်ထားခဲ့ပါတယ်။ ဒါပေမယ့် ဆရာ့ ရေးသားချက်တွေကြောင့် နိုင်ငံကူးလက်မှတ် ထုတ်မပေးခဲ့တာ ၁၀ နှစ် ကြာခဲ့ပါတယ်။ ပြည်ပထွက်ခွင့်ရတဲ့အခါ ဆရာက ရီဒါးဒိုင်ဂျက် မဂ္ဂဇင်းမှာ သူ့ရဲ့ ထောင် ၃ နှစ် အတွေ့အကြုံ ရေးခဲ့တာကြောင့် မြန်မာပြည် ပြန်ခွင့်မရတော့ဘဲ ပြည်ပမှာပဲ စာနယ်ဇင်း အလုပ်တွေကို ကွယ်လွန်တဲ့တိုင် ဆက်လုပ်ခဲ့ရတာပါ။ ကွယ်လွန်ချိန်မှာ ဆရာက မြန်မာ့သတင်း သမဂ္ဂရဲ့ နာယက အနေနဲ့ ဆောင်ရွက်နေဆဲ ဖြစ်ပါတယ်။ မြန်မာ့သတင်း သမဂ္ဂ ဥက္ကဌ ဦးမောင်မောင်မြင့်က ဆရာ ကွယ်လွန်သွားတဲ့အတွက် မြန်မာ့ စာနယ်ဇင်းလောက ဆုံးရှုံးရပုံကို အခုလို ပြောပြပါတယ်။

“ဆရာကြီး ကြေးမုံဦးသောင်းဟာ ကျနော်တို့ သတင်းသမဂ္ဂရဲ့ ဥက္ကဌလည်း တချိန်က ဖြစ်ခဲ့တယ်၊ နောက် အခုချိန်ထိလည်း နာယကအနေနဲ့ ဖြစ်ခဲ့တဲ့ ပုဂ္ဂိုလ်တဦးလည်း ဖြစ်ပါတယ်။ အဲဒီအတွက်ကြောင့် ကျနော်တို့ မြန်မာသတင်းသမဂ္ဂ အနေနဲ့ ဆရာကြီး ကြေးမုံဦးသောင်း ကွယ်လွန်သွားတဲ့ ကိစ္စအပေါ်မှာ အင်မတန်မှ ဝမ်းနည်းမိပါတယ်။ အင်မတန်မှ ကြေကွဲမိပါတယ်။ နောက်ပြီး ကျနော်တို့ မြန်မာသတင်းစာ လောကအတွက် ကြည့်မယ်ဆိုလို့ရှိရင် ဆရာကြီး ကြေးမုံဦးသောင်းဟာ မကြာသေးခင်ကမှ ဒီ စာရေးသက်၊ သတင်းစာသက် ၆၀ ပြည့်သွားတဲ့ အင်မတန်မှ သမ္ဘာရင့်တဲ့ ပုဂ္ဂိုလ်တဦး ဖြစ်သလို ၁၉၃၉ ခုနှစ်ကတည်းက စာရေးခဲ့တယ်၊ ၁၉၄၇ ခုနှစ် ကတည်းက စပြီးတော့ သတင်းစာအလုပ်ကို သူလုပ်ခဲ့တယ်။ အင်္ဂလိပ်ခေတ် ပါလီမန် ဒီမိုကရေစီခေတ်၊ အခု စစ်အစိုးရခေတ်ထိ ဖြတ်သန်းခဲ့ရတဲ့ သတင်းစာဆရာကြီးလည်း ဖြစ်ပါတယ်။ အင်မတန်မှ သမ္ဘာရင့်တဲ့ ပုဂ္ဂိုလ်တဦးလည်း ဖြစ်ပါတယ်။ သတင်းရေးတဲ့ သဏ္ဍာန်၊ သတင်းတွေမှာ ပြောတယ် ဆိုတဲ့ဟန်တွေဟာ အင်မတန်မှ စူးရှထက်မြောက်သလောက် ဆရာကြီး ကြေးမုံဦးသောင်းဟာ လူပုဂ္ဂိုလ်အားဖြင့် အင်မတန်မှ နှလုံးသား နူးညံ့တဲ့ပုဂ္ဂိလ် တဦးလည်း ဖြစ်ပါတယ်။ နောက်ပြီးတော့ ဒီသတင်းသမား မှန်သမျှ ကြီးသည် ငယ်သည်မစေ ခင်ဗျားနဲ့ ကျနော်နဲ့ ပြောသွားခဲ့တဲ့ပုဂ္ဂိုလ်ပါ။ ပြောမယ်ဆိုလို့ရှိရင်တော့ သူ့ရဲ့ သတင်းစာလုပ်ငန်း အပေါ်မှာလည်း အင်မတန် တန်ဖိုးထားတဲ့ ပုဂ္ဂိုလ်တဦး ဖြစ်သလို သတင်းသမားတွေ အပေါ်မှာလည်းပဲ၊ အင်မတန်မှ တန်ဖိုးထားတဲ့သူ၊ သစ္စာရှိတဲ့ ပုဂ္ဂိုလ်ကြီး တဦးလည်း ဖြစ်ပါတယ်။ ဒါကြောင့် သူ့ရဲ့ ကွယ်လွန်မှုအတွက်ကို ကျနော်တို့ အတွက်ရော၊ တိုင်းပြည်အတွက်ရော ၊ သတင်းစာလောက တခုလုံးအတွက်ပါ ဆုံးရှုံးမှု တခုအနေနဲ့ ကျနော်တို့ မြင်ပါတယ်ခင်ဗျာ။”

ဆရာရဲ့ စာနယ်ဇင်းအလုပ်တွေနဲ့ ဒီမိုကရေစီအရေး လှုပ်ရှားမှုတွေအတွက် International Press Institute က ၂၀၀၇ ခုနှစ် မေလမှာ World Press Freedom Hero အဖြစ် ချီးကျုးဂုဏ်ပြုခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG