သုံးရလွယ်ကူစေသည့် Link များ

အိန္ဒိယနဲ့ မြန်မာ ဆိပ်ကမ်းတည်ဆောက်ရေး သဘောတူ လက်မှတ်ရေးထိုး


မြန်မာစစ်အစိုးရနဲ့ အိန္ဒိယတို့အကြား အမေရိကန် ဒေါ်လာ ၁၂၀ သန်းတန်တဲ့ ကုလားတန်မြစ် စီမံကိန်းကို ဧပြီလ ၂ရက်နေ့မှာ သဘောတူ လက်မှတ်ထိုး လိုက်ပါတယ်။ အဲဒီ ကုလားတန် စီမံကိန်းကို အိန္ဒိယနိုင်ငံက ငွေကြေးအားဖြင့် ကူညီမှာဖြစ်ပြီး၊ ရခိုင်ပြည်နယ်မှာရှိတဲ့ စစ်တွေ ဆိပ်ကမ်းကို ဖွံ့ဖြိုးအောင်၊ ကုလားတန်မြစ် တလျှောက် ရေလမ်းနဲ့ အဝေးပြေးကားလမ်းမတွေကို အဆင့်မြင့်အောင် အကောင်အထည်ဖော် တည်ဆောက်သွားမယ့် စီမံကိန်းဖြစ်ပါတယ်။ ဒီစီမံကိန်းကြောင့် အိန္ဒိယရဲ့ အရှေ့မြောက်ဒေသတွေနဲ့ မြန်မာနိုင်ငံတို့အကြားမှာတော့ လမ်းပန်း ဆက်သွယ်ရေးတွေ၊ ကူးသန်းရောင်းဝယ်ရေးတွေ၊ တယ်လီဖုန်း ဆက်သွယ်ရေးတွေအပါအ၀င် တခြား သတင်းနည်း ပညာတွေပါ တိုးတက်သွားစေမယ့် အကျိုးရလာဒ်တွေ ဖြစ်ပေါ်စေနိုင်ပေမယ့် မြန်မာနဲ့ အိန္ဒိယ အစိုးရတွေက ပြောပေမယ့် ဒေသခံ လူ့အခွင့်အရေး လှုပ်ရှားသူတွေကတော့ ဒီစီမံကိန်းတွေဟာ ဒေသခံလူထုရဲ့ ဆန္ဒတွေပေါ် အခြေမခံဘူးလို့ ဆိုပါတယ်။

ဒီသဘောတူ စာချုပ်ဟာ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးရဲ့ အိန္ဒိယနိုင်ငံ ငါးရက်တာ ခရီးစဉ်မှာ ရေးထိုးခဲ့တာ ဖြစ်ပါတယ်။ အဲဒီခရီးစဉ်မှာ ဒုဗိုလ်ချုပ်မှူးကြီး မောင်အေးက အိန္ဒိယ သမ္မတ၊ ဒု သမ္မတ နဲ့ ၀န်ကြီးချုပ်တို့ကို တွေ့ဆုံခဲ့ပါတယ်။ အိန္ဒိယနိုင်ငံခြားရေးဌာနရဲ့ သတင်းထုတ်ပြန်ချက် အရဆိုရင် အိန္ဒိယရဲ့ အရှေ့မြောက်ပိုင်း မြန်မာပြည်နယ်စပ်မှာ ပုံမှန် ကူးသန်းရောင်းဝယ်ရေးတွေ လုပ်နိုင်ဖို့ အတွက် နယ်စပ် ဂိတ်စခန်းတွေကို ဖွင့်လှစ်ပေးထားဖို့ ခြေလှမ်းသစ်တွေကိုလည်း ဒုဗိုလ်ချုပ်မှူးကြီး မောင်အေးက အိန္ဒိယ ၀န်ကြီးချုပ် မန်းမိုဟန်ဆင်းနဲ့ သဘောတူခဲ့ကြပါတယ်။

အိန္ဒိယနဲ့ မြန်မာဆက်ဆံရေးဟာ စစ်အစိုးရတက်လာတဲ့ ၁၉၈၈နောက်ပိုင်းမှာ အိန္ဒိယအစိုးရက မြန်မာ့ ဒီမိုကရေစီအရေးအတွက် ပိုပြီး အားပေးထောက်ခံခဲ့တာမို့ တင်းမာခဲ့ရဘူးပေမယ့် နောက်ပိုင်းမှာ စီးပွားရေးနဲ့ အရှေ့မြောက်နယ်စပ်ဒေသလုံခြုံရေးကို အခြေပြီး အိန္ဒိယအစိုးရဟာ မြန်မာစစ်အစိုးရနဲ့ ပိုမို နီးနီးစပ်စပ် ဆက်ဆံလာခဲ့ပါတယ်။ ၂၀၀၀ခုနှစ်နောက်ပိုင်းမှာတော့ မြန်မာနိုင်ငံကနေ စွမ်းအင်အရင်းအမြစ်ရရှိရေးမှာ တရုတ်နိုင်ငံနဲ့ပါ ပြိုင်ဆိုင်လာရတာမို့ အိန္ဒိယနိုင်ငံ ဟာ မြန်မာစစ်အစိုးရနဲ့ ပိုပြီး ဆက်ဆံရေး ပြေလည်ဖို့ အားထုတ်လာပါတယ်။ တဖက်မှာတော့ အိန္ဒိယအစိုးရဟာ မြန်မာစစ်အစိုးရကို အမျိုးသားပြန်လည်သင့်မြတ်ရေး ဖော်ဆောင်ဖို့ တိုက်တွန်းနေတယ်လို့ဆိုပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG