သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဇင်ဘာဘွေ ရွေးကောက်ပွဲ အဖြေအတိအကျ မထွက်နိုင်သေး


ဇင်ဘာဘွေ အာဏာရ ဇန်နူး-ပီအက်ဖ် ZANU-PF ပါတီ နိုင်ငံရေး ဦးဆောင်အဖွဲ့က တကယ်လို့ ရွေးကောက်ပွဲကို နောက်ဆုံး အဆုံးသတ်ပြိုင်ပွဲ ဆက်ပြီး ကျင်းပဖို့ လိုအပ်မယ်ဆိုရင် သမ္မတ ရောဘတ် မူဂါဘီကို (Robert Mugabe) ကို သမ္မတလောင်းအဖြစ် အမည်စာရင်း တင်မယ်လို့ ပြောဆိုထားပါတယ်။ စနေနေ့က ကျင်းပခဲ့တဲ့ သမ္မတ ရွေးကောက်ပွဲ ရလဒ်ကို စောင့်စားနေခဲ့တဲ့ ၆ ရက်မြောက်နေ့မှာ အခုလို သမ္မတ မူဂါဘီကို ထောက်ခံ အဆို တင်သွင်းမယ်လို့ ဇင်ဘာဘွေ ဇန်နူး-ပီအက်ဖ် (ZANU-PF) ပါတီက ကြေညာတာ ဖြစ်ပါတယ်။ ဟယ်ရာရီ (Harare) ကနေ ပီတာ သွန်နီခရော့်ဖ် (Peta Thornycroft) သတင်းပေးပို့ ထားတာကို ဦးသိန်းထိုက်ဦး တင်ပြထားပါတယ်။

စနေနေ့က ကျင်းပခဲ့တဲ့ သမ္မတ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ အတည်ပြု ရှင်းလင်းတဲ့ မဲရေတွက်တာတွေ မစရသေးဘူးလို့ အတိုက်အခံ ခေါင်းဆောင် မော်ဂန် ရှန်ဂရိုင်း (Morgan Tsvangirai) က နိုင်ငံခြား သံတမန်တွေကို ပြောပါတယ်။ မဲအရေအတွက် ၂ သန်းကျော်ကို သူ့ရဲ့ ဒီမိုကရေစီ ပြောင်းလဲရေး လှုပ်ရှားမှု ပါတီ (MDC) က သေသေချာချာ ပြန်လည် စစ်ဆေးမယ်လို့လည်း ပြောပါတယ်။ ဒီလို စစ်ဆေးဖို့အတွက် အနည်းဆုံး ၃ ရက်လောက်တော့ ကြာနိုင်ပြီး လာမယ့် အဂါၤနေ့ မတိုင်ခင်အထိတော့ ရလဒ် တစုံတရာ ထွက်လာမယ့် သဘောမျိုး မရှိဘူးလို့လည်း မော်ဂန် မျှော်လင့်ထားပါတယ်။

မော်ဂန် ရှန်ဂရိုင်းက သူ့အနေနဲ့ သမ္မတ ရွေးကောက်ပွဲမှာ မဲအားလုံးရဲ့ ၅၀ % ကျော် အနိုင်ရတယ်လို့ ယုံကြည်နေဆဲ ဖြစ်တဲ့အကြောင်း နိုင်ငံခြား သတင်းထောက်တွေကို ပြောပါတယ်။ ဒါပေမယ့်လည်း မစ္စတာ မူဂါဘီ အနေနဲ့ ရှုံးနိမ့်တယ် ဆိုတာကို လက်ခံဖို့ထက် နောက်ဆုံး အဆုံးသတ် ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်ဖို့ ပိုပြီး လိုလားလိမ့်မယ်လို့လည်း သူက ပြောပါတယ်။

ဗုဒ္ဓဟူးနေ့က ဇင်ဘာဘွေ ရွေးကောက်ပွဲ ကော်မရှင်က ပါလီမန် ရွေးကောက်ပွဲ ရလဒ်ကို ကြေညာတဲ့ အချိန်မှာ သမ္မတ မူဂါဘီရဲ့ ဇန်နူး-ပီအက်ဖ် ပါတီဟာ အမျိုးသားလွှတ်တော်မှာ ကပ်ပြီး ရှုံးနိမ့်ခဲ့ပါတယ်။ အထက်လွှတ်တော်မှာတော့ မဲအရေအတွက် အတူတူ သဘောမျိုး ပြနေပါတယ်။

လောလောဆယ် ဟယ်ရာရီ မြို့တော်ရဲ့ အခြေအနေကတော့ ငြိမ်သက်နေပါတယ်။ ဇန်နူး-ပီအက်ဖ် ပါတီက စစ်သွေးကြွတချို့ မြို့လည်မှာ လှည့်ပြီး သွားလာနေတာမျိုးတွေတော့ ရှိပေမယ့် တိတ်ဆိတ်နေပါတယ်။

သီးခြားလွတ်လပ်တဲ့ နိုင်ငံရေး စမ်းစစ်သူတွေနဲ့ အတိုက်အခံ ပါတီတွေကတော့ နိုင်ငံရေး ဖိနှိပ်မှုတွေ အသေအချာ လုပ်မယ်ဆိုတဲ့ အနေအထား တွေတော့ မတွေ့ရဘူးလို့ ပြောပါတယ်။ ဒါပေမယ့်လည်း ရွေးကောက်ပွဲရလဒ် ကြေညာဖို့ နှောင့်နှေးတဲ့အတွက် နိုင်ငံရေးအရ ပြန်လည် သင့်မြတ်ရေး လုပ်ငန်းစဉ်တွေနဲ့ စီးပွားရေး ပြန်လည် ဦးမော့အောင် လုပ်မယ့် အစီအစဉ်တွေကို အဟန့်အတား ဖြစ်စေတယ်လို့ အတိုက်အခံ ခေါင်းဆောင် မော်ဂန် ရှန်ဂရိုင်းက မနေ့က ပြောဆိုပါတယ်။

အစိုးရနဲ့ အတိုက်အခံတွေအကြား စေ့စပ်ညှိနှိုင်းပေးနေတဲ့ တောင်အာဖရိက သမ္မတ သာဘို မာဘက်ကီ (Thabo Mbeki) ကတော့ နှစ်ဖက်စလုံးက စိတ်ရှည်သီးခံကြဖို့ လိုတယ်လို့ ပြောပါတယ်။

ရွေးကောက်ပွဲနဲ့ပတ်သက်လို့ ထွက်ပေါ်လာတဲ့ ရလဒ်တွေကို အားလုံးက လက်ခံလိမ့်မယ်လို့ ကျနော်တို့က မျှော်လင့်ပါတယ်။ အခုအချိန်အထိ ထွက်လာတဲ့ အဖြေတွေကို အားလုံးက လက်ခံသလိုပဲ လက်ခံကြလိမ့်မယ်လို့ မျှော်လင့်တာပါ။ နောက်ပြီးရင် ဇင်ဘာဘွေရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ပတ်သက်လို့ တရားဝင် လုပ်ငန်းစဉ်တွေကို ဆက်ပြီး လုပ်ဆောင်ရပါလိမ့်မယ်။

ရွေးကောက်ပွဲ ရလဒ်အရ တစ်ယောက်ယောက် အရွေးချယ်ခံရတာကို လက်ခံမယ်၊ ဒါမှမဟုတ်ရင်လည်း အဆုံးသတ် ပြိုင်ပွဲ ဆက်ပြီး ကျင်းပတာကို လက်ခံမယ် ဆိုရင်လည်း ပြီးတာပါပဲလို့ တောင်အာဖရိက သမ္မတက ပြောဆိုတာပါ။

နယူးယောက်ခ် တိုင်းမ် သတင်းစာနဲ့ လန်ဒန် ဆန်းဒေးတိုင်းမ်စ် သတင်းစာတွေက နိုင်ငံခြားသား သတင်းထောက် နှစ်ယောက်ကို ဇင်ဘာဘွေ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ခွင့်ပြုချက် မရဘဲ သတင်းယူတယ် ဆိုပြီး ကြာသာပတေးနေ့ ညနေပိုင်းက ဇင်ဘာဘွေ ရဲတွေ ဖမ်းဆီးထားပါတယ်။

ဒါအပြင် အမေရိကန်ပြည်ထောင်စုက ဒီမိုကရေစီရေး လှုပ်ရှားသူ ၃ ယောက်လည်း ဖမ်းဆီးခံခဲ့ရပါတယ်။ ဟယ်ရယ်ရီ လေဆိပ်မှာ အဖမ်းခံခဲ့ရတဲ့ အမျိုးသား ဒီမိုကရက်တစ် အင်စတီကျု အဖွဲ့က အဖမ်းခံခဲ့ရတဲ့ ဝန်ထမ်းတဦး အခု ဘယ်မှာ ရောက်နေတယ်ဆိုတာ မသိရသေးတဲ့အကြောင်းလည်း အနောက်တိုင်း သံတမန်တစ်ဦးက ပြောဆိုပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG