သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘုရှ်နှင့်ပူတင် တွေ့ဆုံ၊ ဒုံးကျည်ကာကွယ်ရေးစနစ်ပေါ် သဘောတူညီချက်ရရှိရေး မျှော်လင့်မထား


အမေရိကန်သမ္မတဘုရှ်ဟာ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်နဲ့ ဆွေးနွေးဖို့ ရုရှားနိုင်ငံ ပင်လယ်နက် အပန်းဖြေစခန်း ဆိုချီမှာ ရောက်နေပါတယ်။ ဒါဟာ နောက်လမှာ မစ္စတာပူတင် သမ္မတ ရာထူးက မနုတ်ထွက်ခင် ခေါင်းဆောင်နှစ်ဦးအကြား နောက်ဆုံး တွေ့ဆုံမှုဖြစ်ဖို့ များပါတယ်။

ဥရောပအလယ်ပိုင်းမှာ အမေရိကန် ဒုံးကျည် ကာကွယ်ရေးစနစ်တခု ချထားဖို့ ကိစ္စကို ရုရှားက ကန့်ကွက်ထားပြီး ဒီဆွေးနွေးပွဲကနေ ဒုံးကျည်စနစ်နဲ့ ပတ်သက်တဲ့ သဘောတူညီချက်တခု ထွက်လာဖို့ မျှော်လင့် မထားဘူးလို့ သမ္မတအိမ်ဖြူတော် တာဝန်ရှိသူတွေက ဆိုပါတယ်။

မစ္စတာဘုရှ်နဲ့ မစ္စတာပူတင်တို့ဟာ ရုရှားသမ္မတရဲ့ အပန်းဖြေစခန်းမှာ ညစာစားရင်း သက်တောင့်သက်သာ တွေ့ဆုံခဲ့ကြပါတယ်။ အဲဒီ ညစာစားပွဲမှာ သမ္မတကတော် လော်ရာဘုရှ်နဲ့ မစ္စတာပူတင်ကို ဆက်ခံမယ့် ဒီမီထရီ မက်ဒ်ဗက်ဒက်ဗ် တို့လည်း ပါဝင်ကြပါတယ်။

ဒုံးကျည်ကာကွယ်ရေးစနစ်နဲ့ ပတ်သက်တဲ့ သဘောတူညီချက်ရဖို့ အချိန်ယူရလိမ့်မယ်လို့ အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီး ဒေးနာ ပရီးနိုးက ပြောပါတယ်။ နှစ်နိုင်ငံကြား အနာဂတ် ဆက်ဆံရေးနဲ့ပတ်သက်ပြီး သူတို့နှစ်ဦးရဲ့ စိတ်ကူးစိတ်သန်းတွေကို စာရင်းပြုစုဖို့ မစ္စတာဘုရှ်နဲ့ မစ္စတာပူတင်တို့ စီစဉ်နေကြတယ်လို့လည်း ဒေးနာ ပရီးနိုးက ပြောပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG