သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆန်ဖရန်စစ္စကို မြန်မာ့အရေးလှုပ်ရှားသူများ အိုလံပစ်မီးရှူးတိုင်ခရီးကို ကန့်ကွက်မည်


ဘေဂျင်း အိုလံပစ်ပွဲတော်မှာ ထွန်းညှိမယ့်
မီးရှူးတိုင်ကို ကမ္ဘာပတ် သယ်ဆောင်လာတဲ့ လမ်းတလျှောက် တရုတ်အစိုးရကို ဆန့်ကျင်
ဆန္ဒပြပွဲတွေနဲ့ တောက်လျှောက်ဆိုသလို
ကြုံနေရာမှာ အခု အမေရိကန်ပြည်ထောင်စု ဆန်ဖရန်စစ္စကိုမြို့မှာလည်း အလားတူအခြေ
အနေတွေနဲ့ ရင်ဆိုင်ရမယ့် အခြေအနေမျိုးနဲ့ ကြုံနေရပါတယ်။ အကြီးအကျယ် ကန့်ကွက်
ဆန္ဒပြဖို့ ပြင်ဆင်နေကြတဲ့အထဲမှာ မြန်မာ့
အရေး တက်ကြွလှုပ်ရှားသူတွေလည်း ပါဝင်
နေကြတာပါ။ အကြောင်းစုံကို ကိုအောင်လွင်
ဦးက တင်ပြပေးထားပါတယ်။

လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိနေတဲ့ နိုင်ငံတွေကို ပံ့ပိုးကူညီနေတာ၊ ကိုယ်တိုင်
လည်း လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်နေတာတွေ ရှိနေတယ်ဆိုပြီး အခု
တရုတ်နိုင်ငံက ကျင်းပဖို့ရှိတဲ့ အိုလံပစ်အားကစားပွဲတော်ကို ကန့်ကွက်သပိတ်မှောက်မှု
တွေ ဆက်တိုက်ဆိုသလို ထွက်ပေါ်နေရာမှာ အခုနောက်ဆုံး ဘေဂျင်း နွေရာသီ
အိုလံပစ်ပွဲမှာ ထွန်းညှိဖို့ရှိတဲ့ အိုလံပစ်မီးရှူးတိုင် ရောက်ရှိလာတဲ့ ဆန်ဖရန်စစ္စကိုမြို့မှာ
လည်း တိဘက်အရေး၊ ဆူဒန်နိုင်ငံအရေးနဲ့ မြန်မာ့အရေး လှုံ့ဆော်လှုပ်ရှားမယ့်သူတွေ
ကလည်း အကြီးအကျယ် ဆန္ဒပြဖို့ ပြင်ဆင်ထားကြတာပါ။ ဒီလိုအခြေအနေတွေကြောင့်
မို့လို့လည်း ဆန်ဖရန်စစ္စကိုမြို့ကို ဒီကနေ့မနက်အစောပိုင်း ရောက်လာတဲ့ အိုလံပစ်
မီးရှူးတိုင်ကို ဘယ်နေရာမှာထားတယ်ဆိုတာကိုတောင် မြို့အာဏာပိုင်တွေက လူသိ
ရှင်ကြား ထုတ်ပြောမထားပါဘူး။ တရုတ်အစိုးရရဲ့ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ ရပ်တည်
ချက်တွေကို ကန့်ကွက်တဲ့အနေနဲ့ ပြုလုပ်မယ့် ဆန္ဒပြပွဲတွေနဲ့ပတ်သက်လို့ ဆန်ဖရန် စစ္စကိုမြို့အခြေစိုက် မြန်မာ့အရေးလှုပ်ရှားသူ ကိုညွန့်သန်းက အခုလိုပြောပြပါတယ်။

“အဲဒီမီးရှူးတိုင်က ဆန်ဖရန်စစ္စကိုမြို့ထဲမှာ ဧပြီ ၉ ရက်နေ့မှာ လှည့်လည်မယ်လို့ စီစဉ်
ထားတယ်။ အဲဒီဧပြီ ၉ ရက် မနက်မှာ ဆန်ဖရန်စစ္စကိုမှာရှိတဲ့ အထိမ်းအမှတ်နေရာ
ဖြစ်တဲ့ ဂိုးလ်ဒင်းဂိတ်တံတားမှာ ဒီဘက်မှာရှိတဲ့ မြန်မာဘုန်းတော်ကြီးတွေနဲ့ အမေရိကန်
ဗုဒ္ဓဘာသာ ဓမ္မဆရာတွေရဲ့ ဦးဆောင်မှုနဲ့ တံတားကြီးကိုဖြတ်ပြီး ပြီးခဲ့တဲ့ ၂၀၀၇ ခုနှစ် စက်တင်ဘာလက မြန်မာပြည်မှာဖြစ်သွားတဲ့ သံဃာတွေဦးဆောင်တဲ့ ငြိမ်းချမ်းတဲ့
ဆန္ဒပြပွဲမျိုး ပြန်လည်ဖော်ထုတ်ဖို့အတွက် လမ်းလျှောက်ဖို့ ပြင်ထားတယ်။

“မီးရှူးတိုင်က မြို့ကို တနာရီလောက်မှာ ပတ်ဖို့ရှိတယ်။ မီးရှူးတိုင်မပတ်ခင်မှာလည်း
ကျနော်တို့က လေယာဉ်ပျံတစီးငှားပြီးတော့ Free Burma ဆိုတဲ့ဆိုင်းဘုတ်ကြီးကို
လေထဲမှာ မီးရှူးတိုင်ပတ်မယ့် ၁၂ နာရီခွဲလောက်က သုံးနာရီခွဲလောက်အတွင်း မြို့ပေါ်
မှာ ပျံနေဖို့ ငှားထားတယ်။ အဲဒီလေယာဉ်ပျံက သုံးနာရီလောက် ပျံနေမှာဖြစ်တယ်။”

ဆန်ဖရန်စစ္စကိုမြို့က ကမ္ဘာကျော် ဂိုးလ်ဒင်းဂိတ်တံတားမှာ ဆန္ဒပြသမားတွေက စုရုံး
ပိတ်ဆို့ဆန္ဒပြဖို့ အစီအစဉ်အပါအဝင် တက်ကြွလှုပ်ရှားသူတွေက မီးရှူးတိုင် လှည့်လည်
ရာ မြို့တွင်းမှာလည်း လိုက်ပါဆန္ဒပြမယ့် အစီအစဉ်တွေ ရှိနေတာမို့ မြို့အုပ်ချုပ်ရေး
အာဏာပိုင်တွေက အစောပိုင်းတုန်းက ထုတ်ပြန်ထားတဲ့ ခရီးစဉ်လမ်းကြောင်းကို
လည်း ပြန်လည်ပြင်ဆင်ပြီး လူသိရှင်ကြား ထုတ်ပြန်တာတွေ မရှိတော့ဘူးလို့လည်း
ကိုညွန့်သန်းက ဆိုပါတယ်။

ဒါ့အပြင် တိဘက်အရေး တက်ကြွလှုပ်ရှားသူတွေကလည်း အိုလံပစ်မီးရှူးတိုင်နဲ့အတူ
သူတို့ရဲ့ တိဘက်လွတ်မြောက်ရေး မီးရှူးတိုင်ကို ထွန်းညှိလှည့်လည်ဖို့ အစီအစဉ်တွေ
လည်းရှိတယ်လို့ ဆိုပါတယ်။ လောလောဆယ် လုံခြုံရေးအစီအမံတွေ တင်းတင်း
ကျပ်ကျပ် ရှိနေပေမယ့် မနက်ဖြန် ဗုဒ္ဓဟူးနေ့ ဆန်ဖရန်စစ္စကိုမြို့မှာ မီးရှူးတိုင်လှည့်လည်
တဲ့အခါ ဒီမိုကရေစီရေးလှုပ်ရှားသူတွေအနေနဲ့ မဖြစ်မနေ ဆန္ဒပြသွားမယ်လို့လည်း
ကိုညွန့်သန်းက ပြောပါတယ်။

“ကျနော်တို့ မြန်မာပြည်အတွက် မြန်မာပြည်သူတွေရဲ့ဒုက္ခကို ကမ္ဘာကသိအောင် နိုင်ငံခြားမှာရှိတဲ့လူတွေက ကြိုးစားမယ်ဆိုရင် ဒီအချိန်လောက်ကောင်းတဲ့အချိန် မရှိ
ဘူး။ ဘာဖြစ်လို့လဲဆိုတော့ လန်ဒန်မှာဖြစ်သွားတဲ့ကိစ္စ၊ ပြင်သစ်မှာဖြစ်သွားတဲ့ကိစ္စ၊
နောက် မနေ့ကလည်း ဂိုးလ်ဒင်းဂိတ်မှာ တိဘက်တွေက တက်ပြီးတော့ ဆိုင်းဘုတ် ကြီးတွေကြိုးချည်ပြီး တီဗွီမှာပေါ်အောင်လုပ်တဲ့ ကိစ္စတွေကြောင့် အားလုံးက အာရုံ စိုက်နေတယ်ဆိုတော့ ဒီအချိန်ထက်ပိုပြီး ဗမာ့အရေးသိအောင် လုပ်လို့ကောင်းတဲ့
အချိန် မရှိဘူး။ ဒါကြောင့် ကျနော်တို့ကတော့ အားလုံးကြိုးစားမယ်၊ နည်းမျိုးစုံနဲ့
ကြိုးစားမယ်။ တချို့တွေက အဖမ်းခံရရင် ခံရပစေဆိုတဲ့လူမျိုးတွေတောင် ရှိတယ်။ ကျနော်တို့လုပ်တာအားလုံးကတော့ အကြမ်းမဖက်တဲ့နည်းပဲ သုံးမှာဖြစ်ပါတယ်။”
ဆန်ဖရန်စစ္စကိုမြို့အခြေစိုက် မြန်မာ့အရေးလှုပ်ရှားသူ ကိုညွန့်သန်းဖြစ်ပါတယ်။

ဒီတပတ်ထဲမှာပဲ လန်ဒန်၊ ပဲရစ်စ် စတဲ့ ဥရောမြို့ကြီးတွေကို မီးရှူးတိုင်ဖြတ်သန်း သယ်ဆောင်လာရာလမ်းမှာ ဆန္ဒပြမှုတွေနဲ့ အကြီးအကျယ် ကြုံခဲ့ရပါသေးတယ်။ ဒီလို အခြေအနေတွေကြောင့်လည်း နိုင်ငံတကာအိုလံပစ်ကော်မတီ (IOC) ဥက္ကဋ္ဌ
Jacques Rogge က မီးရှူးတိုင်လှည့်လည်မှုကို အဆုံးသတ်ရေး စဉ်းစားဖို့ကိုတောင် ပြောဆိုထားတာပါ။

ဒီအတောအတွင်း အမေရိကန် ဒီမိုကရက်ပါတီ သမ္မတလောင်းအဖြစ် ရွေးချယ်ခံဖို့
ယှဉ်ပြိုင်နေသူ မစ္စ ဟီလာရီ ကလင်တန်က သမ္မတဘုရှ်အနေနဲ့ အိုလံပစ်အားကစား
ပွဲတော်ဖွင့်ပွဲကို မတက်ဖို့လည်း တောင်းဆိုနေတာကို ကြားနေရပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG