သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတကတော် လော်ရာဘုရှ်က မြန်မာအမျိုးသမီး ၂ ဦးကို လူ့အခွင့်အရေးဆုချီးမြှင့်


အမေရိကန်သမ္မတကတော် လော်ရာဘုရှ် (Laura
Bush) နဲ့ အမေရိကန်သမ္မတ ကိုယ်စားလှယ်
လောင်းအဖြစ် အရွေးခံဖို့ ကြိုးပမ်းနေတဲ့ နယူး
ယောက်ခ် လွှတ်တော်အမတ် ဟီလာရီကလင်တန်
(Hillary Rodham Clinton) တို့ဟာ ကမ္ဘာတဝန်းက လူ့အခွင့်အရေး၊ နိုင်ငံရေးနဲ့ စီးပွားရေးအခွင့်
အလမ်းတွေ တိုးတက်စေဖို့အတွက် လူ့အဖွဲ့အစည်း
အသီးသီးမှာ စွမ်းစွမ်းတမံ ကြိုးပမ်းနေကြတဲ့ အမျိုး သမီးငါးဦးအတွက် Vital Voices လို့ခေါ်တဲ့ အဖွဲ့ကြီးကပေးတဲ့ ဆုပေးပွဲအခမ်းအနားကို တက်ရောက်ခဲ့ကြပါတယ်။ ဒီလိုမျိုး ကြီးကျယ်တဲ့ အထင်ကရပုဂ္ဂိုလ်တွေ တက်ရောက်ခဲ့
တဲ့ အခမ်းအနားမှာ ဒီဆုရသူတွေထဲမှာ မြန်မာအမျိုးသမီးတွေလည်း ပါဝင်နေပါတယ်။
အပြည့်အစုံကို အခမ်းအနားမှာ ကိုယ်တိုင်သတင်းသွားယူခဲ့တဲ့ ဒေါ်လှလှသန်းက တင်ပြပေးထားပါတယ်။

အမျိုးသမီးတွေရဲ့ အခုလို သတ္တိရှိရှိ စွမ်းဆောင်ချက်တွေကို ဂုဏ်ပြုတဲ့အခမ်းအနားက
တော့ အားရစရာပါပဲ။ ၁၉၉၅ ခုနှစ် ကုလသမဂ္ဂက ကြီးမှူးကျင်းပခဲ့တဲ့ ဘေဂျင်း နိုင်ငံ တကာအမျိုးသမီးများ စတုတ္ထမြောက် ညီလာခံကနေ ပေါက်ဖွားလာတဲ့ Vital Voices
ဆိုတဲ့ အစွမ်းထက်တဲ့အသံများ အဖွဲ့အစည်းရဲ့ ဒီနှစ်ဆုရှင်တွေအနက် ဒီမိုကရေစီရေး
လှုပ်ရှားသူ မြန်မာအမျိုးသမီးတွေလည်း ပါဝင်ပါတယ်။ ဆုချီးမြှင့်ခဲ့သူကတော့ မြန်မာ့ ဒီမိုကရေစီရေးမှာ စိတ်ပါဝင်စားမှု ကြီးမားလှတဲ့ အမေရိကန်သမ္မတကတော် လော်ရာ
ဘုရှ် ဖြစ်ပါတယ်။

“မြန်မာပြည်သူလူထုရဲ့ အဖိနှိပ်ခံရမှုအကြောင်း ကမ္ဘာကသိအောင် ထုတ်ဖော်ပြော
ကြားရာမှာ သန္နိဋ္ဌာန်ခိုင်မာမှုနဲ့ ဒီမိုကရေစီကို ကာကွယ်စောင့်ရှောက်ရာမှာ သတ္တိရှိရှိ စွမ်းဆောင်ခဲ့ကြတဲ့ အရေးကြီးလှတဲ့ အသံတွေကို ထုတ်ဖော်ပြောကြားခဲ့ကြလို့ Vital
Voices အဖွဲ့ကြီးအနေနဲ့ ချမ်တောင်းနဲ့ မြန်မာနိုင်ငံက အမျိုးသမီးတွေကို ဆုချီးမြှင့်တာ
ဖြစ်ပါတယ်” လို့ သမ္မတကတော် လော်ရာဘုရှ်က ပြောကြားသွားပြီး ပရိသတ်ရဲ့
သြဘာသံ ညံသွားခဲ့ပါတယ်။

ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် စွမ်းဆောင်ခဲ့ကြတဲ့ မြန်မာအမျိုးသမီးတွေအနက် အထင်ကရအကျဆုံးကတော့ ၁၂ နှစ်ကျော်ကြာ နေအိမ်အကျယ်ချုပ် ကျခံနေရတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ပါ။ ဒါပေမယ့် ဒီဆုဟာ တခြား မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူတွေဖြစ်ကြတဲ့ အမျိုးသမီးတွေလည်း ပါဝင်ပြီး ဂုဏ်ပြု တာဖြစ်တယ်လို့ သမ္မတကတော်က အခုလို ထည့်သွင်းပြောကြားသွားပါသေးတယ်။

“ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ မြန်မာနိုင်ငံအပေါ်ထားရှိတဲ့ မျှော်မှန်းချက်ကို ခံယူတဲ့ တခြားအမျိုးသမီးတွေလည်း ရှိနေကြပါတယ်။ စက်တင်ဘာလ ရွှေဝါရောင်တော်လှန်
ရေးမှာ ပါဝင်ခဲ့လို့ အကျဉ်းကျခံနေရတဲ့ အဓမ္မလုပ်အားပေးခိုင်းစေမှုပပျောက်ရေး
လှုပ်ရှားသူ မစုစုနွေး၊ မြန်မာစစ်အာဏာပိုင်တွေရဲ့ ဖမ်းဆီးခံရမှာစိုးလို့ လသားအရွယ်
သမီးငယ်နဲ့ မလွှဲမရှောင်သာ ခွဲခွာနေရတဲ့ မနီလာသိန်း၊ ရဲရဲဝံ့ဝံ့ ထုတ်ဖော်ပြောကြား
ခဲ့ကြလို့ အကျဉ်းကျခံနေရတယ်၊ ဒါမှမဟုတ် ပျောက်ဆုံးနေဆဲရှိတဲ့ သတ္တိရှိလှတဲ့ မြန်မာအမျိုးသမီးပေါင်း တရာကျော်တို့နဲ့အတူ ကျမတို့အားလုံး ရပ်တည်ပါတယ်” လို့ သမ္မတကတော်က ပြောကြားသွားတာဖြစ်ပါတယ်။

ဒီနှစ်ဆုရှင်တွေထဲ မြန်မာနိုင်ငံက ဒီမိုကရေစီရေးလှုပ်ရှားသူ အမျိုးသမီးတွေ ပါဝင်လို့
ဆုပေးရာမှာ Vital Voices ဆိုတဲ့ အစွမ်းထက်တဲ့အသံများအဖွဲ့ကနေ အဓိကထား မီးမောင်းထိုးပြခဲ့သူနှစ်ဦးကတော့ ရှမ်းတိုင်းရင်းသူ နန်းချမ်တောင်းနဲ့ ထိုင်း-မြန်မာ
နယ်စပ်အခြေစိုက် ဒီမိုကရေစီနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအင်အားစု (NDD) ဥက္ကဋ္ဌအပြင် မြန်မာ့အမျိုးသမီးများသမဂ္ဂ (BWU) ရဲ့ ဒုတိယဥက္ကဋ္ဌဖြစ်သူ ရှစ်လေးလုံးအရေးအခင်း
မှာ ပါဝင်ခဲ့တဲ့ မခင်ဥမ္မာပဲဖြစ်ပါတယ်။ ရှမ်းတိုင်းရင်းသူလေး နန်းချမ်တောင်းနဲ့
ပတ်သက်လို့တော့ မစ္စဘုရှ်က …

“မြန်မာအမျိုးသမီးထုကိုယ်စား ဆုလက်ခံသူ နန်းချမ်တောင်းက သူဟာ မြန်မာနိုင်ငံ
ရှမ်းပြည်နယ်မှာ အကြမ်းဖက်မှုဒဏ်ကနေ ကင်းဝေးစေဖို့ သူ့မိဘတွေက အသက် ခြောက်နှစ်အရွယ်မှာ ထိုင်းနိုင်ငံရှိ မိဘမဲ့ဂေဟာကို ပို့ခြင်းခံရသူပါ။ သူဟာ ဒုက္ခသည်
များကြားက ကြီးပြင်းလာပြီး အသက် ၁၇ နှစ်အရွယ်မှာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင်ရှေ့မှောက်မှာ မြန်မာစစ်တပ်ရဲ့ ရှမ်းတိုင်းရင်းသားတွေအပေါ် နှိပ်ကွပ်မှု
အကြောင်း ထွက်ဆိုခဲ့သူပါ” လို့ မစ္စဘုရှ်က ပြောကြားသွားပါတယ်။

ဒါ့အပြင် ရှမ်းတိုင်းရင်းသူလေး နန်းချမ်တောင်းအနေနဲ့ SWAN ခေါ် ရှမ်းအမျိုးသမီးများ
အဖွဲ့ကို ပူးတွဲမတည်ခဲ့သူဖြစ်တဲ့အပြင် သက္ကရာဇ် ၂၀၀၁ ခု License to Rape ဆိုတဲ့ အဓမ္မပြုကျင့်မှုလိုင်စင် အစီရင်ခံစာဖြစ်တဲ့ ရှမ်းအမျိုးသမီးတွေအပေါ် မြန်မာစစ်တပ်ရဲ့ အဓမ္မပြုကျင့်မှုအကြောင်း မှတ်တင်းတင် အစီရင်ခံစာကိုလည်း ပူးတွဲပြုစုခဲ့သူဖြစ်ပါ
တယ်။ ဒါ့အပြင် သူဟာ Reebok လူ့အခွင့်အရေးဆုရှင်နဲ့ မာရီကလဲနက် တိုင်းမဂ္ဂဇင်းရဲ့ ဂုဏ်ပြုမှုကိုလည်း ခံခဲ့ရသူပါ။

ဆုပေးပွဲအခမ်းအနားကို မတက်ရောက်နိုင်ခဲ့တဲ့ မခင်ဥမ္မာနဲ့ ပတ်သက်လို့တော့ သမ္မတ
ကတော်က …

“မြန်မာစစ်တပ်ရဲ့ အကြမ်းဖက်မှုကို ဆန့်ကျင်တဲ့ အစွမ်းအထက်ဆုံး အသံရှင်များ
အနက် မခင်ဥမ္မာလည်း ပါဝင်ပါတယ်” လို့ သမ္မတကတော်က ပြောကြားသွားတာ
ဖြစ်ပါတယ်။

ရှမ်းတိုင်းရင်းသူလေး နန်းချမ်တောင်းကတော့ Vital Voices ရဲ့ဆုနဲ့ပတ်သက်လို့ အခုလို ပြောသွားပါတယ်။

“ကျမတို့ မြန်မာအမျိုးသမီးတွေအတွက် ဒီဆုဟာ သိပ်ကိုအရေးပါလှပါတယ်။ ကြေညာ
ချက်တိုင်း၊ လုပ်ရပ်တိုင်း၊ ဆုတိုင်းဟာ မြန်မာနိုင်ငံလွတ်လပ်ရေးနဲ့ ဒီမိုကရေစီရေး
အနာဂတ်အတွက် ကျမတို့ရဲ့ မျှော်မှန်းချက်တွေနဲ့အတူ ကမ္ဘာကြီးက သွေးစည်းခိုင်မာ
မှု ရှိနေတယ်ဆိုတာကို ပြသရာရောက်နေပါတယ်။”

အခမ်းအနားကို တက်ရောက်ခဲ့သူများအနက် အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ ဒီမိုကရက်ပါတီဘက်က ဝင်ရောက်ယှဉ်ပြိုင်ဖို့ ကြိုးပမ်းနေသူ အထက်လွှတ်တော်
အမတ် ဟီလာရီ ရော့ဒ်ဟမ် ကလင်တန်လည်း ပါဝင်ပါတယ်။ သူက အမျိုးသမီးတွေရဲ့ စွမ်းဆောင်မှုနဲ့ပတ်သက်လို့ အခုလိုပြောကြားသွားပါတယ်။

“ဒီဆုရှင်တွေဟာ မျှော်လင့်ချက်တွေပိုရှိမယ့် အနာဂတ်အတွက် ပိုပြီး အရည်အချင်း
တွေ ရှိကြတဲ့အပြင် သူတို့ရဲ့ ပံ့ပိုးဆောင်ရွက်မှုတွေကို အသိအမှတ်ပြု လေးစားခံရဖို့
လမ်းကို ဦးတည်နေကြသူတွေ ဖြစ်ပါတယ်။”

တခြားဆုရှင်တွေကတော့ ပါကစ္စတန်မှာ သက္ကရာဇ် ၂၀၀၁ ခုက မွတ်ဆလင်အစွန်း
ရောက်တွေ ပြန်ပေးဆွဲသွားခဲ့ပြီး သတ်ပစ်ခြင်းခံခဲ့ရတဲ့ Wall Street ဂျာနယ် သတင်း
ထောက် ဒန်နီရယ်ပါးလ် (Daniel Pearl) ရဲ့ဇနီး မာရီရန်ပါးလ် (Mariane Pearl)၊ အာရပ် စော်ဘွားများနိုင်ငံ (ယူအေအီး) မှာ သက္ကရာဇ် ၂၀၀၄ ခုနှစ်က ပထမဦးဆုံး အမျိုးသမီး
ဝန်ကြီးဖြစ်လာသူ ရှိက်ခါ လုဘ်နာ အယ်လ်- ကာဆီမီ (Sheikha Lubna al-Qasimi)၊
အာဏာရှင် အာဂျင်တီးနားနိုင်ငံမှာ Citizens Power ဆိုတဲ့ ပြည်သူ့အစွမ်းထက်တဲ့
အန်န်ဂျီအိုကို ထူထောင်ကာ အစိုးရတွေရဲ့ အဂတိလိုက်စားမှုကို စောင့်ကြည့်ပြီး သတ္တိ
ရှိရှိ ဝေဖန်ခဲ့သူ လော်ရာ အလွန်ဆို (Laura Alonso) နဲ့ ကင်ညာနိုင်ငံက လူ့အဖွဲ့အစည်း
အတွင်း လိင်အင်္ဂါလှီးဖြတ်တဲ့ဓလေ့ကို တိုက်ဖျက်ရေးမှာ ပါဝင်ခဲ့သူ ကာကင်ယာ
အန်န်တိုင်ယာ (Kakenya Ntaiya) တို့ပဲဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG