သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သင်္ကြန်ကာလ လုံခြုံရေး စိုးရိမ်ပူပန်မှုများရှိနေ


မနက်ဖြန်မှာဆိုရင် မြန်မာနှစ်သစ်ကူး အတာသင်္ကြန်အကြိုရက် ရောက်လာပါပြီ။ မြန်မာနိုင်ငံ မြို့ကြီးတွေမှာတော့ သင်္ကြန်ကာလအတွက် ဖျော်ဖြေရေးနဲ့ ရေပတ်မဏ္ဍပ်တွေ ဆောက်လုပ်ထားကြ ပါပြီ။ ဒါပေမယ့် အရင်လို ဖျော်ဖြေရေးမဏ္ဍပ်တွေ ရှားပါးလာတဲ့အပြင် အစိုးရကလည်း သင်္ကြန် ကာလအတွင်း အကြမ်းဖက်သမားတွေ သတိထားကြဖို့ နှိုးဆော်နေ တာကြောင့် ရန်ကုန်နယ်ခံ အချို့ကတော့ သင်္ကြန်မှာ လည်ရမှာ ခပ်လန့်လန့် ဖြစ်နေကြပါတယ်။ အကြောင်းစုံ စုံစမ်း မေးမြန်း ထားသမျှကို ဦးသားညွန့်ဦးက တင်ပြထားပါတယ်။

ရန်ကုန်မှာတော့ သင်္ကြန်အတွက် ထုံးစံလိုပဲ အင်လျားလမ်းက မဏ္ဍပ်တွေမှာ ရေကစားမယ့် သူတွေ ကို လက်မှတ်တွေ ရောင်းနေပါပြီ။ သင်္ကြန်သုံးရက်ကစားဖို့ ကျပ်ငွေ ၅သောင်းကနေ ၈သောင်း ကြားမှာ ပေးရတယ်လို့ သိရပါတယ်။ ရန်ကုန်မှာကလည်း အခုနောက်ပိုင်း ရေကစားကြတာ အင်လျားလမ်းလောက်ပဲ စည်စည်ကားကားရှိတော့တယ်လို့ ရန်ကုန်မြို့ခံတဦးက ပြောပါတယ်။

“ထုံးစံအတိုင်း စည်မယ်ဆိုတာကတော့ အင်းယားလမ်းတို့လောက်ပဲစည်မယ်ထင်တယ်။ ဘာဖြစ်လို့ လဲဆိုတော့ အဲဒီမှာ မဏ္ဍပ်တွေ လုပ်လာတွေ့တယ်။ ကျန်တဲ့နေရာတော့ မရှိပါဘူး။ ရန်ကုန်အခု ဒီအပိုင်းမှာတော့ အင်းယားလမ်းတခုပါပဲ။ အခုက ဂျစ်ကားခေတ်ပေါ့။ အခု ဝက်ရှော့တွေမှာ အဲဒီကောင်တွေ ပြင်ဆင်နေတာပေါ့။ သွားဖို့လာဖို့အတွက်။ အခုက ပိုက်ဆံပေါတဲ့သူတွေ ဒေါ်လာ စားတွေရယ်၊ သူတို့ ဆွေမျိုးအသိုင်းအဝိုင်းတွေရယ်၊ ဓာတ်ဆီ အလကားရတဲ့သူတွေရယ်၊ ပိုက်ဆံ အလကားရနေတဲ့သူတွေပေ့ါ။”

ရေပတ်မဏ္ဍပ်မှာတောင် လက်မှတ်ဝယ် ရေပက်နေရတဲ့ ခေတ်ဆိုတော့ ဒီ သင်္ကြန် အကုန်အကျ စရိတ်ကို အရင်ကလို လူအတော်များများ မတတ်နိုင်တော့ပါဘူးလို့ ရန်ကုန်မြို့ခံက ပြောပါတယ်။ အရင်ဟိုတုန်းကလို မြို့နယ်အလိုက် ဖျော်ဖြေရေးမဏ္ဍိတ်ဆိုတာတွေ မရှိတော့ပဲ ရေပက်မဏ္ဍပ်က များနေပြီးတော့ ဖျော်ဖြေရေးနေရာတွေကလည်း အင်းလျားလမ်းလို ကန်တော်ကြီးလို နေရာမျိုး တွေမှာပဲ ရှိတော့တယ်လို့ သိရပါတယ်။ နောက် ရန်ကုန်မြို့ခံတဦးကတော့ အခုလို ပြောပါတယ်။

“မဏ္ဍိတ်ထိုးတယ်ဆိုတာ ရေပတ် မဏ္ဍပ်လေးတွေပေါ့။ ညဘက် ဖျော်ဖြေရေးကတော့ ကန်တော်ကြီး ဘက်မှာ ရှိတယ်။ ကျမတို့ မြို့နယ် မဏ္ဍပ်တော့ မရှိဘူး။ ဘာမှ မလုပ်ဘူး။ ရေပတ် မဏ္ဍပ်လောက်ပဲ ရှိတယ်။ အင်းယားလမ်းကတော့ ပုံမှန်လောက်ပါပဲ။ မနှစ်ကလောက်တော့ သိပ်မစည်ပါဘူး။ ဘာဖြစ် လို့လဲဆိုတော့ သတင်းစာထဲမှာ ချိန်းခြောက်တာတွေရှိတော့ လူတွေကတော့ နဲနဲ လန့်နေတာပေါ့။ ဖောက်ခွဲရေးသမားတို့ လာမယ်တို့ ဘာတို့ဆိုတော့ လူတွေက ကြောက်ကြတာပေါ့နော်။”

အခု ရန်ကုန်မြို့ခံ ပြောသလိုပါပဲ။ ပျော်ရွင်ချိန်မှာပြည်သူအများ အကြမ်းဖက်သမားသတိထားဆိုတဲ့ သင်္ကြန်အတွက် သတိပေးချက် နှိုးဆော်စာတွေ မြန်မာအစိုးရသတင်းစာတွေမှာ ဒီရက်ပိုင်းအတွက် ရက်ဆက် ထည့်သွင်းဖော်ပြနေတာတွေ့ရပါတယ်။ ဒီအတွက်လည်း တချို့သင်္ကြန်မှာ ဘာများ ဖြစ်လာမလဲဆိုတဲ့ စိုးရိမ်ချက်တွေ ရှိတာတွေ့ရပါတယ်။ ဒါပေမယ့် သင်္ကြန်ကာလ ဖျော်ဖြေရေး မဏ္ဍပ်တွေအတွက် အဆိုတော်တွေကတော့ ပြင်ဆင်နေကြပါပြီ။ အဆိုတော် အဲလက်စ်နဲ့ ဖြူဖြူကျော်သိန်းတို့က သူတို့ရဲ့သင်္ကြန်တွင်းအစီအစဉ်တွေကို အခုလို ပြောထားပါတယ်။

“ကျွန်တော် မဏ္ဍပ်က ဟော်တယ် နီကိုးအရှေ့မှာပါခင်ဗျာ။ ကန်တော်ကြီး ပတ်လမ်းမှာပါ။ ကျွန်တော်နဲ့ အတူ ဇော်ဝင်းထွဋ် ရှိတယ်။ အခု ကြည့်ရသလောက်ကတော့ စည်မယ်ထင်ပါတယ်။ နီးလာတော့လည်း မဏ္ဍပ်တွေများလာပါတယ်။”

”ဖြူဖြူက မနက်ဖြန် သင်္ကြန်အကြိုနေ့ ကစလို့ အတတ်နေ့ည မန္တလေး မြို့တော်ဝန် မဏ္ဍပ်မှာ ရှိပါမယ်။ ဒီနေ့ညကတော့ ရန်ကုန် မျှော်စဉ်ကျွန်းမှာ Free show ရှိပါတယ်။ မဏ္ဍပ်တွေတော့ အများကြီးပဲ ဆောက်နေကြတာပါပဲ။ ကျမကတော့ အမြဲတမ်းလိုလို မန္တလေးမှာပဲ ဆိုနေကျဆိုတော့ ရန်ကုန်မှာ မဆိုရတာတော်တော်ကြာပြီ။ ဖြူဖြူတို့ မဏ္ဍပ်မှာဆို ချစ်စုဝေတို့၊ ရေဗက်ကာဝင်းတို့ ရှိပါမယ်။”

ဒီကနေ့ညနေမှာတော့ ရန်ကုန်သိမ်ဖြူကွင်းမှာ ရခိုင်ရိုးရာယဉ်ကျေးမှုသင်္ကြန်ကို နံသာသွေးပွဲနဲ့ စတင်မှာပါ။ ငါးကြိမ်မြောက်လာပြီဖြစ်တဲ့ ရန်ကုန်က ရခိုင်ရိုးရာ ယဉ်ကျေးမှု သင်္ကြန်ပွဲနဲ့ ပတ်သက် လို့တော့ ပွဲစီစဉ်သူတဦးကို မေးထားပါတယ်။

“နံသာသွေးပွဲဆိုတာ ရခိုင်အမျိုးသမီးတွေက ဘုရားရေသပ္ပါယ်ဖို့ကို ဒီနေ့ နံသာ သွေးထားတာပေါ့။ အဲဒီ နံသာရေနဲ့ ဘုရားကို ရေသပ္ပါယ်တာပေါ့။ ဒီပွဲကို ရခိုင်ရိုးရာ ကော်မတီဖွဲ့ပြီး လုပ်ပါတယ်။ ဒီညနေမှာတော့ မြို့နေ အသင်းအားလုံးလာပါမယ်။ လူ ၁၀၀၀ လောက်တော့ ရှိမှာပေါ့။ မနက်ဖြန်ကျတော့ ဘုရားရေသပ္ပါယ်ကြပေါ့။ ကျွန်တော်တို့ ဒီက ပင့်ထားတဲ့ ဘုရားပေါ့။ တခြား ရိုးရာ မဏ္ဍပ်တွေလည်း အများကြီး ကြီကြီးကျယ်ကျယ် ခမ်းခမ်းနားနားလုပ်ပါမယ်။”

ဒါကတော့ ရန်ကုန်သိမ်ဖြူကွင်းမှာ ငါးကြိမ်မြောက်လုပ်မယ့် ရခိုင်ရိုးရာ ယဉ်ကျေးမှု သင်္ကြန်ပွဲ အစီအစဉ် ဖြစ်ပါတယ်။ ရန်ကုန် မန္တလေးမှာတော့ ပြီးခဲ့တဲ့နှစ်တွေလိုပဲ သင်္ကြန် စည်ကား လိမ့်ဦးမယ် လို့ အများက မျှော်လင့်ထားပါတယ်။ ဒါပေမယ့် စီးပွားရေးအကြပ်အတည်းနဲ့ နိုင်ငံရေး အခြေအနေ ကြောင့်တကြောင်း အခုနကလို အစိုးရက အကြမ်းဖက်သမား သတိပေးချက်တွေ ထုတ်တာကြောင့် တကြောင်း သင်္ကြန်လည်ရမှာ စိုးရိမ်သူများလည်း ရှိတယ်လို့ ပြောရမှာပါ။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG