သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေး ဆောင်ရွက်မည့် အာဆီယံ ဆိုင်ရာ သံတမန် အမေရိကန် ပြည်ထောင်စု ခန့်အပ်


မြန်မာနိုင်ငံအရေးကိစ္စကို အာဆီယံ အရှေ့တောင် အာရှနိုင်ငံတွေနဲ့ ပိုပြီး ထိထိရောက်ရောက် ဆက်သွယ် ဆောင်ရွက်နိုင်မယ့် အာဆီယံ ဆိုင်ရာ သံတမန်ကို အမေရိကန်ပြည်ထောင်စုက ခန့်အပ်လိုက်ပါတယ်။ အမေရိကန် ဒုတိယ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး စကော့တ် မာဆီ (Scot Marciel) ကို ခန့်အပ်လိုက်တာ ဖြစ်ပါတယ်။ အာဆီယံဘက်ကရော ဘယ်လို တုန့်ပြန်မှုတွေ ရှိပါသလဲ။ ဒေါ်ညိုညိုလွင်က တင်ပြထားပါတယ်။

အမေရိကန် ဒုတိယ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး စကော့တ် မာဆီ က သူ့တာဝန်ဟာ မြန်မာစစ်အစိုးရ အနေနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ နိုင်ငံရေး အပြောင်းအလဲတွေ ဆောင်ရွက်လာအောင် အာဆီယံနဲ့ ပူးပေါင်း ဆောင်ရွက်ဖို့ ဖြစ်ပါတယ်လို့ ပြောဆိုပါတယ်။

မြန်မာနိုင်ငံမှာ စစ်အုပ်ချုပ်ရေး အဆုံးသတ်အောင် စစ်အစိုးရကို နားချဖို့ အာဆီယံ အဖွဲ့ကြီးနဲ့ ဆက်သွယ် ဆောင်ရွက်နိုင်မယ့် တာဝန်ကို အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ပေးအပ်လိုက်တာပါ။ စစ်အစိုးရအနေနဲ့ နိုင်ငံရေး ဖိနှိပ်မှုတွေ အဆုံးသတ်အောင်၊ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေးရေးကို ဆောင်ရွက်နိုင်အောင် နားချတိုက်တွန်းဖို့ ဖြစ်တယ်လို့ ပြောပါတယ်။

အာဆီယံ အတွင်းရေးမှူးချုပ် ဆူရင် ပစ်ဆူဝမ် (Surin Pitsuwan) ကတော့ အခုလို အာဆီယံဆိုင်ရာ သံတမန် ခန့်အပ်တာကို ကြိုဆိုတဲ့အကြောင်း ကြေညာချက် ထုတ်ပြန်ထားပါတယ်။ ဒါဟာ အာဆီယံ အသင်းကြီးရဲ့ အရေးပါမှုကို အမေရိကန်ပြည်ထောင်စုက အသိအမှတ် ပြုလိုက်တဲ့ ထူးခြားတဲ့ လက္ခဏာတစ်ခု ဖြစ်တယ်လို့ ပြောပါတယ်။

အာဆီယံအနေနဲ့ အမေရိကန်ပြည်ထောင်စုနဲ့ အကြောင်းအရာ တော်တော်များများမှာ ပူးပေါင်းဆောင်ရွက်ဖို့ အဆင့်သင့် ရှိတဲ့အကြောင်း၊ ဒေသတွင်း တည်ငြိမ်ရေး၊ လုံခြုံရေးနဲ့ ဒေသတွင်း ပြည်သူတွေရဲ့ ကောင်းကျိုးအတွက် ဆောင်ရွက်သွားမယ်လို့ အာဆီယံ အတွင်းရေးမှူးချုပ်ရဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

ဒီလို အမေရိကန်ပြည်ထောင်စုက အာဆီယံ သံတမန် ခန့်အပ်လိုက်တာနဲ့ ပတ်သက်လို့ အဲန်စီဂျီယူဘီ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသား ညွန့်ပေါင်းအစိုးရ ဝန်ကြီးချုပ် ဒေါက်တာစိန်ဝင်းကတော့ သူ့သဘောထားကို အခုလို ပြောပါတယ်။

“ကျနော်တို့ သဘောထားကတော့ ကြိုဆိုတာပေါ့နော်၊ အာဆီယံကို အမေရိကန် ပြည်ထောင်စုက အထူး ဂရုတစိုက်၊ ကျနော်တို့ ပူးပေါင်း လုပ်ဆောင်နိုင်ဖို့ အထူး ကိုယ်စားလှယ် ခန့်အပ်တယ်ဆိုတော့ ကြိုဆိုတာပေါ့။ မြန်မာ့အရေးနဲ့ ပတ်သက်လို့ ပြောရရင် မြန်မာ့အရေးကို လုပ်နေကြတဲ့ အမေရိကန် ပြည်ထောင်စု၊ အီးယူ ဥရောပနိုင်ငံအဖွဲ့၊ အာဆီယံ အားလုံးက တိုင်တိုင်ပင်ပင်နဲ့ မြန်မာ့အရေး အတွက် လုပ်နိုင်တယ်ဆိုရင် အကောင်းဆုံးလို့ ကျနော်တို့က မြင်ပါတယ်။ ကျနော်တို့ လိုချင်တာကတော့ မြန်မာ့အရေးနဲ့ ပတ်သက်လို့ ဒေသတွင်းနိုင်ငံတွေ၊ တရုတ်တို့ အိန္ဒိယတို့ အားလုံးပါရင် ကောင်းတာပေါ့။ ကျနော်တို့ဖက်က တိုက်တွန်းထားပါတယ်။”

အခု ခန့်အပ်လိုက်တဲ့ အာဆီယံ ဆိုင်ရာ သံတမန် ဒုတိယ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး စကော့တ် မာဆီ ဟာ အရင်က ဗီယက်နမ်၊ ဖိလစ်ပိုင်၊ ဟောင်ကောင် စတဲ့ အာရှ နိုင်ငံတွေမှာ တာဝန်ထမ်းခဲ့ဖူးပါတယ်။ အရှေ့တောင်အာရှ ရေကြောင်းဆိုင်ရာ ရုံးမှာလည်း တာဝန်ထမ်းခဲ့ဖူးပါတယ်။

ပြီးခဲ့တဲ့ ဇန္နဝါရီလ နောက်ဆုံးပတ် အတွင်းကပဲ သူဟာ ဂျပန်၊ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်နိုင်ငံတွေကို ခရီးလှည့်လည်ပြီး မြန်မာနိုင်ငံ ပြောင်းလဲရေးအတွက် တိုက်တွန်းခဲ့ပါသေးတယ်။ မြန်မာစစ်အစိုးရက ကိုယ့် ပြည်သူတွေရဲ့ သဘောထားကိုလည်း မတုံ့ပြန်၊ နိုင်ငံတကာ အသိုက်အဝန်းရဲ့ သဘောထား ကိုလည်း မတုံ့ပြန်ဘဲ အပြုသဘောဆောင်တဲ့ ခြေလှမ်းတွေ လှမ်းဖို့ ငြင်းဆိုနေတယ်လို့လည်း ပြောဆိုခဲ့ဖူးပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG