သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အခြေခံဥပဒေမူကြမ်းကို ကန့်ကွက်ရန် အပစ်ရပ် ငြိမ်းချမ်းရေး အဖွဲ့များအား တိုက်တွန်း


မြန်မာစစ်အစိုးရက အခြေခံဥပဒေ မူကြမ်းတရပ်ကို အတည်ပြုနိုင်ရေး လူထုဆန္ဒခံယူပွဲတွေ ကျင်းပဖို့အချိန် နီးကပ်လာတာနဲ့အမျှ ဒီပြည်သူ့ဆန္ဒခံယူပွဲအပေါ် ကန့်ကွက်ဝေဖန်သံတွေလည်း တနေ့တခြား ထွက်ပေါ်လာနေပါတယ်။ အခုနောက်ဆုံး ပြည်ပရောက် နိုင်ငံရေး အင်အားစုတွေကနေ မြန်မာနိုင်ငံထဲမှာရှိကြတဲ့ စစ်အစိုးရနဲ့ အပစ်အခတ် ရပ်စဲထားတဲ့ တိုင်းရင်းသား အဖွဲ့တွေအနေနဲ့ လူထုနဲ့အတူ ကန့်ကွက်မဲပေးကြဖို့ တိုက်တွန်းလိုက်ကြပါတယ်။ ပြည်ပရောက် အတိုက်အခံ နိုင်ငံရေး အင်အားစုတွေရဲ့ တိုက်တွန်းချက်တွေနဲ့ ပတ်သက်လို့ ဒေါ်နန္ဒါချမ်းက အစီရင်ခံထားပါတယ်။

အခုဆိုရင် မေလ ၁၀ ရက်နေ့မှာ ကျင်းပတော့မယ့် ပြည်သူ့ဆန္ဒခံယူပွဲကြီးဟာလည်း တဖြည်းဖြည်းနဲ့ နီးကပ်လာနေပါပြီ။ ဒီလို နီးကပ်လာတာနဲ့အမျှ စစ်အစိုးရကလည်း ဒီပြည်သူ့ဆန္ဒခံယူပွဲမှာ သူတို့ ရေးဆွဲထားတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေမူကြမ်းကို ပြည်သူတွေအနေနဲ့ တခဲနက် ထောက်ခံမဲပေးကြဖို့ ပုံစံအမျိုးမျိုးနဲ့ စည်းရုံး လှုံ့ဆော်မှုတွေကို လုပ်ဆောင်နေပါတယ်။ ဒါ့အပြင် အခုဆိုရင် မြန်မာစစ်အစိုးရရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ မူကြမ်းရေးဆွဲတဲ့ အမျိုးသားညီလာခံကို တက်ရောက်ခဲ့ကြတဲ့ အပစ်အခတ် ရပ်စဲရေး တိုင်းရင်းသားအဖွဲ့တွေကို ဒီပြည်သူ့ဆန္ဒခံယူပွဲမှာ ထောက်ခံမဲတွေ ပေးကြဖို့ စည်းရုံးနေတဲ့အပြင် တချို့အဖွဲ့တွေကို ကြားနေဖို့ တိုက်တွန်းမှုတွေ ရှိနေတယ်လို့ သိရပါတယ်။ ဒီလိုအခြေအနေမှာ - ပြည်ပက အတိုက်အခံအဖွဲ့အစည်းတွေကလည်း အပစ်အခတ်ရပ်စဲရေးအဖွဲ့တွေအနေနဲ့ ကန့်ကွက်မဲပေးဖို့ လိုအပ်တယ်လို့ ပြောဆိုလိုက်ပါတယ်။ NCGUB ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ၊ NCUB ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားကောင်စီ၊ တိုင်းရင်းသား လူမျိုးများကောင်စီ၊ WLB အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ)၊ မြန်မာနိုင်ငံ ဒီမိုကရက်တစ်အင်အားစုနဲ့ ကျောင်းသားလူငယ် အဖွဲ့တွေကနေ ကြေညာချက်တစောင် ပူးတွဲ ထုတ်ပြန်ခဲ့ပြီးတော့ အခုလို ပြောဆိုလိုက်တာဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်လို့ NCUB အဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဦးမြင့်သိန်းကို ဗွီအိုအေ က မေးကြည့်ခဲ့ပါတယ်။

“ကျနော်တို့ တိုင်းရင်းသားလူမျိုးတမျိုးချင်းစီအတွက် အာမခံချက်တွေ မရဘူးဆိုရင် ကျနော်တို့ ဘာလုပ်ကြမလဲ။ အဲဒါတွေကို တိုင်းရင်းသား အပစ်ရပ် အဖွဲ့အစည်းတွေရဲ့ ခေါင်းဆောင်တွေက တာဝန်ခံ ဖြေဆိုရမယ့် အခြေအနေကို ကျနော်တို့ ရောက်လာနေပြီ ဖြစ်တယ်လို့ ကျနော်တို့ကတော့ အဲဒီလို သုံးသပ်တယ်။ သူတို့ ဘာမှ လုပ်နိုင်မှာမဟုတ်ဘူးလို့ ကျနော်တို့ အလေးအနက် သိထားတယ်။ ဒါကြောင့် ဒီနေ့ ကျနော်တို့ထုတ်တဲ့ ထုတ်ပြန်ချက်က ကျနော်တို့ မေတ္တာရပ်ခံတာ။ မဲရုံတွေကိုသွား ကန့်ကွက်မဲထည့်။ အားလုံး ကန့်ကွက်တယ်ဆိုတဲ့ အခြေအနေမျိုးဖြစ်အောင်၊ မကြိုက်တဲ့ကိစ္စတွေကို မကြိုက်ဘူးဖြစ်အောင် ရှင်းရှင်းလင်းလင်း ပြဖို့လိုတယ်ဆိုတာကို ကျနော်တို့ ပြောချင်တာဖြစ်တယ်။”

အပစ်အခတ်ရပ်စဲရေးအဖွဲ့တွေအနေနဲ့ အပစ်အခတ် ရပ်စဲထားတဲ့အချိန် တလျှောက်လုံးမှာ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးအတွက် လုပ်ဆောင်နိုင်တာတွေ မရှိခဲ့တာကြောင့် အနာဂတ် တိုင်းရင်းသားအခွင့်အရေး သေချာ စဉ်းစားဆုံးဖြတ်ဖို့ အချိန်ရောက်ပြီလို့လည်း အခုလို သတိပေးခဲ့ပါတယ်။

“တိုင်းရင်းသားခေါင်းဆောင်တွေကနေပြီးတော့ နိုင်ငံရေး ပြဿနာတွေကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းမယ်ဆိုတဲ့ အချိန်က သူတို့ ဒီလို အပစ်အခတ်တွေကို ရပ်စဲပြီးတော့ အကောင်းဆုံးဖြစ်အောင် ဖြေရှင်းဖို့ ကြိုးစားခဲ့ပေမယ့် ဒီနေ့ အဲဒီ စစ်တပ်အဖွဲ့အစည်းတွေက တကယ်တမ်း နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနဲ့ ဖြေရှင်းခဲ့တာမျိုး မရှိဘူးဆိုတာကို သမိုင်း အထောက်အထားတွေမှာ ကျနော်တို့ အတိအကျ ရှိတယ်။ တကယ်တမ်းကျတော့ လက်တွေ့မှာ စစ်အုပ်စုကနေပြီးတော့ သူတို့ လုပ်ချင်ရာလုပ်တဲ့ ပုံစံအောက်မှာ အပစ်ရပ် အဖွဲ့အစည်းတွေပဲဖြစ်ဖြစ်၊ ဘယ်သူပဲ ဖြစ်ဖြစ် ဘာမှလုပ်လို့မရတဲ့ အခြေအနေတွေ ရှိခဲ့တဲ့အခါကျတော့ အပစ်ရပ်အဖွဲ့အစည်းတွေကို ကျနော်တို့က မေတ္တာရပ်ခံတယ်။ တိုင်းရင်းသားလူမျိုး အားလုံးရဲ့ လူမျိုးတခုချင်းစီ အခွင့်အရေးတွေကို အာမံတဲ့အထိကို ခင်ဗျားတို့ လုပ်ပေးနိုင်မှာလား၊ အကောင်းဆုံး ဖြစ်အောင် ဘယ်လို လုပ်ကြမလဲ ဆိုတဲ့ မေးခွန်းကို ဒီနေ့ ကျနော်တို့ ဖြေကြရမယ့် အချိန်ရောက်လာပြီ။”

ဒါကတော့ NCUB အဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဦးမြင့်သိန်း ဖြစ်ပါတယ်။ အလားတူ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် - လွတ်မြောက် နယ်မြေ (နိုင်ငံတကာဌာနခွဲ) တွေကလည်း မနေ့က သဘောထားကြေညာချက်တစောင် ထုတ်ပြန်ခဲ့ပြီးတော့ ပြည်သူတွေအနေနဲ့ စစ်အစိုးရရဲ့ ဖွဲ့စည်းပုံဥပဒေမူကြမ်းကို လုံး၀ ကန့်ကွက်မဲ ပေးကြဖို့ တောင်းဆိုလိုက်ပါတယ်။

“ဒီလက်ရှိ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ အားနည်းချက်တွေ ရှိနေတယ်။ တိုင်းပြည်ရဲ့ တကယ့် ဒီမိုကရေစီအရ တိုင်းရင်းသားလူမျိုး အားလုံးရဲ့ တန်းတူညီမျှမှုကို ကိုယ်စားမပြုတဲ့ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေကို လက်ခံလို့မရဘူးဆိုတဲ့ အသိကို ပြည်သူလူထုက ရဲရဲဝံ့ဝံ့ လူထုဆန္ဒခံယူပွဲ ကနေပြီးတော့ ဖော်ထုတ်ကြဖို့ ဒီဖော်ထုတ်ခြင်းအားဖြင့်လည်း စစ်အစိုးရအနေနဲ့ တစုံတရာ မတရားမှုတွေ လုပ်လာရင်တောင်မှ အလွယ်တကူ ကျော်ဖြတ်သွားနိုင်မှာ မဟုတ်ဘူး၊ လူထုအားကို နအဖ ဟာ လွန်ဆန်နိုင်မှာမဟုတ်ဘူး ဆိုတဲ့ ယုံကြည်ချက်နဲ့ လူထုက ညီညီညွတ်ညွတ်နဲ့ ကန့်ကွက်မဲများ ထည့်သွားကြဖို့ကို ဒီနေရာကနေ အလေးအနက် တိုက်တွန်းချင်ပါတယ်။”

ဒါကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် - လွတ်မြောက်နယ်မြေရဲ့ တွဲဖက်အတွင်းရေးမှူး (၁) ကိုဝင်းလှိုင် ပြောသွားခဲ့တာပါ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကလည်း ဧပြီလ ၂ ရက်နေ့တုန်းက ပန်ကြားချက် တစောင် ထုတ်ပြန်ခဲ့ပါသေးတယ်။ ဒီပန်ကြားချက်ထဲမှာ အခုလိုပဲ ပြည်သူတွေ အနေနဲ့ ကန့်ကွက်မဲတွေ ပေးကြဖို့ တိုက်တွန်းခဲ့ပါတယ်။

အခုလိုမျိုး ပြည်တွင်း ပြည်ပမှာရှိတဲ့ အတိုက်အခံ အဖွဲ့အစည်းတွေကနေ ကန့်ကွက်မဲပေးကြဖို့ လှုံ့ဆော်နေသလို အစိုးရအာဏာပိုင်တွေကလည်း ကန့်ကွက်သူတွေကို ဖမ်းဆီးအရေးယူမှုတွေ ရှိနေပါတယ်။

ဒီလို ဖမ်းဆီးအရေးယူမှုတွေကို ကန့်ကွက်ရှုံ့ချတဲ့အကြောင်း၊ ဒီလုပ်ရပ်တွေကို ချက်ချင်း ရပ်တန့်သွားအောင်လို့ အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်အပါအဝင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံတွေကနေ အမြန်ဆုံး တားဆီးပေး ဖို့ကိုလည်း NLD လွတ်မြောက် နယ်မြေ (နိုင်ငံတကာဌာနခွဲ) တွေကနေ တောင်းဆိုခဲ့ကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG