သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အထိန်းသိမ်းခံ နိုင်ငံရေး ခေါင်းဆောင်များ ဆန္ဒခံယူပွဲ မဲပေးခွင့်ရှိကြောင်း NLD ပြောဆို


မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ထိန်းသိမ်းခံ နိုင်ငံရေး လှုပ်ရှားသူတွေ အနေနဲ့ မြန်မာစစ်အစိုးရရဲ့ သတ်မှတ်ပြဋ္ဌာန်းချက်တွေအရ မကြာခင် ကျင်းပ ပေးဖို့ရှိတဲ့ ဆန္ဒခံယူပွဲမှာ မဲပေးပိုင်ခွင့်ရှိတာကြောင့် သူတို့ကို ထိန်းသိမ်းထားရာက ပြန်လွှတ်ပေးပြီး အမျိုးသားပြန်လည်သင့်မြတ်ရေး ဆောင်ရွက်ဖို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (အန်အယ်လ်ဒီ) က တိုက်တွန်းလိုက်ပါတယ်။ မနက်ဖြန်ကျရောက်တော့မယ့် မြန်မာ့ရိုးရာနှစ်သစ်မှာ အမျိုးသား ပြန်လည်သင့်မြတ်ရေး ရှေ့ရှုပြီး ဆောင်ရွက်ဖို့ကိုလည်း အန်အယ်လ်ဒီက ပြောဆိုလိုက်တာပါ။ အကြောင်းစုံကို ဦးအောင်လွင်ဦး က တင်ပြပေးပါတယ်။

ရှေ့လ (၁၀) ရက်နေ့ ကျင်းပမယ့် လူထုဆန္ဒခံယူပွဲနဲ့ ပတ်သက်လို့ မြန်မာစစ်အစိုးရက ထုတ်ပြန် ကြေငြာထားတဲ့ ပြဋ္ဌာန်းချက်တွေအရ မြန်မာနိုင်ငံက အဓိက အတိုက်အခံ နိုင်ငံရေးပါတီကြီး တခုဖြစ်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (အန်အယ်လ်ဒီ) ရဲ့ ထိန်းသိမ်းခံ ထိပ်တန်း ခေါင်းဆောင်တွေ၊ နောက် ၈၈ မျိုးဆက်ကျောင်းသားတွေအပါအဝင် နိုင်ငံရေး လှုပ်ရှားသူတွေ အနေနဲ့ ဆန္ဒမဲပေးဖို့ အခွင့်အရေးတွေ ရှိတယ်လို့ ပြောဆိုလိုက်တာပါ။

“ဒေါ်အောင်ဆန်းစုကြည်ရော ဦးတင်ဦးအပါအဝင် နိုင်ငံတော် နှောက်ယှက်ဖျက်ဆီးခြင်းဆိုတဲ့ ဥပဒေအရ အိမ်မှာ ထိန်းသိမ်းထားခံရတဲ့သူတွေဟာ ထောင်ကျ အကျဉ်းသားမှ မဟုတ်ဘဲ။ ထောင်ကျ အကျဉ်းသမားမဟုတ်တဲ့သူ အားလုံးဟာ ဒီ ဆန္ဒမဲပေးပိုင်ခွင့်မှာ မဲပေးပိုင်ခွင့်ရှိပါတယ်။ အခုမှ ထောင်ကျ အကျဉ်းသားဆိုတာကို မပေးရဘူးလို့ ကန့်သတ်တာကို။ တကယ်ဆိုရင် ဟိုအရင် (၇၄)တုန်းကဆိုရင် သာသနာ့ဘောင်ဝင်ထားတဲ့ သူနဲ့ စိတ်ပေါသွပ်သူမှ တပါး ကျန်သူ အားလုံးကို မဲပေးခွင့်ပြုခဲ့တာပဲ။ ဥပမာ ပြစ်မှုတခုကြောင့် တရားရေးရုံး အမိန့်အရ၊ စီရင်ချက်အရ ထောင်ဒဏ် ကျခံနေရသူများ၊ ပြည်ပသို့ တရားမဝင်ရောက်ရှိနေသူများ၊ နိုင်ငံခြားသားများဆိုတာ အခုမှ ပါလာတာကိုး။ ဒီအပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်တို့ ဦးတင်ဦးတို့တောင် မဟုတ်ပါဘူး။ မင်းကိုနိုင် တို့၊ ကိုကိုကြီးတို့ ကျောင်းသားခေါင်းဆောင်တွေလည်း ဆန္ဒခံယူပွဲမှာ ဆန္ဒမဲပေးလို့ရပါတယ်။”

အန်အယ်လ်ဒီရဲ့ အထူးပြန်ကြားရေးအဖွဲ့ဝင် တဦးဖြစ်သူ ဦးသိန်းညွန့် ဖြစ်ပါတယ်။ ဒီလို သတ်မှတ် ပြဋ္ဌာန်းချက်တွေအရ ဆန္ဒမဲပေးပိုင်ခွင့် ရှိတယ်ဆိုပေမယ့် တကယ်တမ်း လွတ်လွတ်လပ်လပ် ဆန္ဒမဲ ပေးပိုင်ခွင့်တွေ ရှိမရှိကတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ဒါပေမယ့်လည်း မြန်မာ စစ်အစိုးရဖက်က သူတို့ကိုယ်တိုင် သတ်မှတ်ထားတဲ့ သတ်မှတ်ချက်တွေနဲ့အညီ မဆောင်ရွက်ဘူး ဆိုရင်တော့ ဆန္ဒခံယူပွဲအပေါ် အများပြည်သူက ယုံကြည်လက်ခံဖို့ ပိုလို့သာ ခက်ခဲစေလိမ့်မယ်လို့ ဦးသိန်းညွန့်က ပြောပါတယ်။

“မဲပေးခွင့်ပြုရမှာကတော့ သူတို့ ဥပဒေအရရော၊ ထုတ်ပြန်ထားတဲ့ အသစ်ဥပဒေအရရောက ပေးကိုပေးရမှာပဲ။ မပေးဘူးဆိုရင် ဆန္ဒခံယူပွဲနဲ့ ပတ်သက်ရင် လူတွေရဲ့ ယုံကြည်မှုဟာ ပို၍ပို၍ လျော့သွားမှာပေ့ါ။ သူတို့ကို မဲပေးခွင့် ပြုလားမပြုလားဆိုတာ သူတို့ ပြဒါန်းထားတဲ့ ဥပဒေကို သူတို့ အတိအကျ ကျင့်သုံးသလား မကျင့်သုံးဘူးလား၊ ဒီဆန္ဒခံယူပွဲရဲ့ ယုံကြည်မှု ဘယ်လောက်ရှိလဲဆိုတာ ဖော်ပြမဲ့ သက်သေခံချက်တွေဖြစ်သွားမှာပါ။”

တကယ်တော့ အခြေခံဥပဒေမူကြမ်းတရပ်ကို အတည်ပြုနိုင်ဖို့ အခုလို ဆန္ဒခံယူပွဲတရပ်ကို မြန်မာ စစ်အစိုးရက ကျင်းပပေးမယ့် အပေါ် အန်အယ်လ်ဒီ အပါအဝင် ဒီမိုကရေစီလိုလားသူတွေက ဆန့်ကျင်ကန့်ကွက်ထားကြတာပါ။ တိုင်းပြည်မှာ လက်တွေ့ကြုံနေရတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အထွေထွေ ပြဿနာတွေကို ကျော်လွှားနိုင်ဖို့ကတော့ အမျိုးသားပြန်လည်သင့်မြတ်ရေး ဆောင်ရွက်မှသာ အောင်မြင်မယ်လို့ အန်အယ်လ်ဒီ ဖက်ကယုံကြည်ထားကြောင်းလည်း ဦးသိန်းညွန့် က ပြောပါတယ်။ အထူးသဖြင့် ရိုးရာအတာသင်္ကြန်ကုန်ဆုံးပြီး နှစ်သစ်ကူးအခါသမယမှာ ဒီလို အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဦးတည်တဲ့ ဆောင်ရွက်ချက်တွေကို လုပ်ဆောင်ပါလို့လည်း ဦးသိန်းညွန့် က တိုက်တွန်းလိုက်တာပါ။

“အမျိုးသား ပြန်လည်သင့်မြတ်ရေး ဘောင်အတွင်းကနေ တွေ့ဆုံဆွေးနွေးရေး မလုပ်ဘဲနဲ့ အခု ပုံစံအတိုင်း တဖက်သက် ဆောင်ရွက်မယ်ဆိုရင် ပြဿနာရဲ့ အဖြေရမှာ မဟုတ်ဘူး။ အကြပ်အတည်းကိုသာ နောက်ထပ် မွေးထုတ်တာပဲ ရမှာပဲ။ မြန်မာနှစ်သစ် အခါသမယ မနက်ဖြန် မှာ အမျိုးသား ယဉ်ကျေးမှုအရ ဘေးမဲ့ပေးရတဲ့ အလုပ်၊ သတ္တဝါတွေကို လွတ်ငြိမ်းချမ်းသာခွင့် ပေးရတဲ့ အလုပ်ဟာ ကျွန်တော်တို့ အမျိုးသားအစဉ်အလာပါ။ အဲဒီတော့ ကျွန်တော်တို့ဟာ ကိုယ့်အမျိုးသား ယဉ်ကျေးမှုအစဉ်အလာကို ထိန်းသိမ်းတယ်၊ အမျိုးသားချင်း ပြန်လည်သင့်မြတ်စေချင်တယ်ဆိုရင် အကောင်းဆုံးကတော့ နှစ်သစ်မှာ ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည်၊ မင်းကိုနိုင်၊ ကိုကိုကြီး၊ နောက်တခါ နှစ်ပေါင်းများစွာ ထောင်ကျပြီးမှ ဆက်လက်ဖမ်းဆီးထားတဲ့ ဒေါက်တာဒေါ်မေဝင်းမြင့်တို့၊ ဒေါက်တာ သန်းငြိမ်းတို့ အပါအဝင် အားလုံးသော နိုင်ငံရေး ခေါင်းဆောင်တွေ၊ ကျောင်းသားခေါင်းဆောင်တွေ အကုန်လုံးကို အချုပ်ခန်းတံခါးတွေ၊ ထောင်တံခါးတွေကို ဖွင့်ပြီးတော့ မိဘရင်ခွင်၊ မိသားစု ရင်ခွင်ကို ပြန်ပို့်ပြီး တော့ တိုင်းပြည်ပြန်လည်ထူထောင်ရေးမှာ အတူလက်တွဲလုပ်ရမယ့် အင်အားစုတွေ အဖြစ် ဖိတ်ခေါ်နိုင်မယ်၊ ကမ်းလှမ်းနိုင်မယ်၊ လမ်းဖွင့်ပေးနိုင်မယ်ဆိုရင် လာမယ့် နှစ်သစ်မှာ ကျွန်တော်တို့ မြန်မာနိုင်ငံ တမျိုးသားလုံးအတွက် မင်္ဂလာလဲ ရှိပြီးတော့ အားလုံး ကြည်နှူးပျော်ရွှင်ရမယ့် နှစ်သစ်ဖြစ်မှာပါ။”

အန်အယ်လ်ဒီရဲ့ အထူးပြန်ကြားရေးအဖွဲ့ဝင် တဦးဖြစ်သူ ဦးသိန်းညွန့် ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်း စုကြည် အပါအဝင် နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကို နှစ်သစ်အခါသမယမှာ အမြန်ဆုံး ပြန်လွှတ် ပေးဖို့ အမျိုးသားပြန်လည်သင့်မြတ်ရေး ဆောင်ရွက်ဖို့ မြန်မာစစ်အစိုးရကို သူက တိုက်တွန်းသွား ခဲ့တာပါ။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG