သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဇင်ဘာဘွေ ပြောင်းလဲမှာ မဟုတ်ကြောင်း သမ္မတမူဂါဘီ ပြောဆို


ဇင်ဘာဘွေသမ္မတ ရောဘတ် မူဂါဘီ (Robert Mugabe) က သူနဲ့ သူ့ရဲ့ ဇန်နူးပီအက်ဖ် (Zanu PF) ပါတီဟာ တိုင်းပြည်ကို ဆက်ပြီး အုပ်ချုပ်အုံးမှာ ဖြစ်တယ်လို့ ဇင်ဘာဘွေ လွတ်လပ်ရေးနေ့ နှစ်ပတ်လည်မှာ ပြောဆိုလိုက်ပါတယ်။ ဇင်ဘာဘွေမှာ ကျင်းပခဲ့တဲ့ သမ္မတ ရွေးကောက်ပွဲအပြီး သုံးပတ်အကြာမှာ သမ္မတ မူဂါဘီက သူ့ရဲ့ မိန့်ခွန်းမှာ အခုလို ပြောဆိုလိုက်တာဖြစ်ပါတယ်။ သမ္မတ ရွေးကောက်ပွဲရဲ့ ရလဒ်ကတော့ ထွက်မလာသေးပါဘူး။ ဗွီအိုအေ သတင်းထောက် ပီတာ သွန်နီခရော့ဖ် (Peta Thornycroft) သတင်းပေးပို့ထားတာကို ကိုသိန်းထိုက်ဦး တင်ပြထားပါတယ်။

မတ်လ ၂၉ ရက်နေ့ ရွေးကောက်ပွဲ ကျင်းပပြီး အကြီးအကျယ် အငြင်းပွားမှုတွေ ကြုံခဲ့ရပြီးနောက်မှာ အခု သမ္မတ မူဂါဘီအနေနဲ့ ပထမဆုံးအကြိမ် တိုင်းပြည်ကို လွတ်လပ်ရေးနေ့ ပထမဆုံး မိန့်ခွန်းပြောကြားခဲ့တာပါ။ ပထမဆုံး ပြောကြားတဲ့ အဓိက မိန့်ခွန်းဖြစ်ပါတယ်။

သူမိန့်ခွန်းထဲမှာ ရွေးကောက်ပွဲအပြီး ပေါ်ပေါက်ခဲ့တဲ့ အကြမ်းဖက်မှုတွေနဲ့ပတ်သက်လို့ ဗြိတိန်နိုင်ငံက သွေးထိုး ဖန်တီးခဲ့တာ ဆိုပြီးတော့လည်း သမ္မတ မူဂါဘီက ပြောဆိုသွားပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ် အတွင်း တိုင်းပြည်တဝှမ်းမှာ လူ ၂၀၀ ကျော် တိုက်ခိုက်ခံခဲ့ရပါတယ်။ လူ့အခွင့်အရေးအဖွဲ့တွေရဲ့ အဆိုအရ တိုက်ခိုက်ခံခဲ့ရတဲ့ သူတွေဟာ သမ္မတ မူဂါဘီရဲ့ ဇန်နူးပီအက်ဖ် ပါတီကပဲ တိုက်ခိုက်ခဲ့တာ ဆိုပြီး အပြစ်တင်ကြပါတယ်။

သမ္မတ မူဂါဘီဟာ အတိုက်အခံ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လှုပ်ရှားမှုအပေါ် အမြဲပြစ်တင်လေ့ ရှိပြီး အတိုက်အခံခေါင်းဆောင် မော်ဂန် ရှန်ဂရိုင်း (Morgan Tsvangarai) ကိုလည်း ဗြိတိန်နိုင်ငံရဲ့ ရပ်သေးရုပ်ဆိုပြီး ဝေဖန်လေ့ရှိပါတယ်။

ဇင်ဘာဘွေဟာ လက်ရှိအနေအထားအတိုင်း ဆက်ပြီးတော့ ရှိနေအုံးမယ်လို့ သမ္မတ မူဂါဘီက ရှင်းရှင်းလင်းလင်း ပြောဆိုပါတယ်။ လူဖြူတွေ ဒီနယ်မြေကို ပြန်လာပြီး ဒီမြေကို သူတို့ပိုင်တဲ့မြေလို့ ပြောလို့ရမယ်ထင်နေရင် မှားလိမ့်မယ်လို့လည်း သူက ပြောဆိုပါတယ်။

ဇင်ဘာဘွေဟာ အချုပ်အခြာအာဏာကို ကာကွယ်သွားမယ့် နိုင်ငံတစ်ခုဖြစ်တဲ့ အကြောင်းနဲ့ လွတ်လပ်ရေးရပြီး လျှောက်လာခဲ့တဲ့ လမ်းကြောင်းကို ပြောင်းမှာ မဟုတ်ဘူးဆိုတာ မကြာသေးခင်က ရွေးကောက်ပွဲမှာ မဲထည့်ခဲ့သူတွေ နားလည်သင့်တယ်လို့လည်း သမ္မတ မူဂါဘီက ပြောပါတယ်။

ပြီးခဲ့တဲ့သုံးပတ်က ကျင်းပတဲ့ ရွေးကောက်ပွဲမှာ သမ္မတ မူဂါဘီရဲ့ ဇန်နူးပီအက်ဖ် ပါတီဟာ ပါလီမန်ရွေးကောက်ပွဲမှာ မဲအများစုကို ကပ်ပြီးတော့ ရှုံးနိမ့်ခဲ့ပါတယ်။ ၂၈ နှစ်ကြာ အာဏာရယူခဲ့တဲ့ ကာလအတွင်း ပထမဆုံးအကြိမ် ကပ်ပြီး ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။ ဒီ ရွေးကောက်ပွဲ ရလဒ်တွေကို ဒီနေ့ ပြန်လည် ရေတွက်မှာဖြစ်ပါတယ်။ လွတ်လပ်ရေးနေ့ မိန့်ခွန်းမှာ သမ္မတ မူဂါဘီက သမ္မတ ရွေးကောက်ပွဲ ရလဒ် ထုတ်ပြန်ဖို့ နှောင့်နှေးကျန့်ကြာနေတာနဲ့ ပတ်သက်ပြီး တစုံတရာ ထည့်သွင်းပြောဆိုခဲ့တာတော့ မရှိပါဘူး။

ဒါပေမယ့်လည်း ဇင်ဘာဘွေမှာ ပါလီမန်ရွေးကောက်ပွဲ၊ အထက်လွှတ်တော် ရွေးကောက်ပွဲနဲ့ ဒေသဆိုင်ရာ အစိုးရတွေရဲ့ ရွေးကောက်ပွဲတွေ တချိန်တည်း ကျင်းပနိုင်အောင် ကူညီပေးခဲ့တဲ့အတွက် တောင်ပိုင်း အာဖရိကန် ဖွံ့ဖြိုးရေး အသင်းကို ကျေးဇူးတင်ကြောင်း ထည့်သွင်းပြောဆိုသွားပါတယ်။

အတိုက်အခံ ဒီမိုကရေစီ ပြောင်းလဲရေးအဖွဲ့က ခေါင်းဆောင် မော်ဂန် ရှန်ဂရိုင်းကတော့ ဇန်ဘီးယား သမ္မတ လဲဗီး မာဝန်နာဝါဇာ (Levy Mwanawasa) ကို ဇင်ဘာဘွေ အကျပ်အတည်းတွေမှာ ဝင်ပြီး စေ့စပ်ပေးဖို့ တောင်းဆိုထားပါတယ်။

လက်ရှိအခြေအနေမှာ တောင်အာဖရိက သမ္မတ သာဘို မာဘက်ကီ (Thabo Mbeki) က ကြားဝင်စေ့စပ်ပေးနေပါတယ်။ ဇင်ဘာဘွေမှာ ပါတီတွေအချင်းချင်း ဆွေးနွေးပွဲတွေ ဒီဇင်ဘာလ နောက်ပိုင်းကတည်းက မအောင်မမြင်ဖြစ်ခဲ့တာပါ။ အရင်က ဖွဲ့စည်းပုံကို ရွေးကောက်ပွဲမတိုင်ခင် ရေးဆွဲမယ်လို့ ကတိတွေ ပေးခဲ့ပေမယ့် ဖွဲ့စည်းပုံအသစ်မပါဘဲ ရွေးကောက်ပွဲ ကျင်းပခဲ့တာ ဖြစ်ပါတယ်။ တောင်အာဖရိက သမ္မတ မာဘက်က ဇင်ဘာဘွေ အစိုးရကို သမ္မတရွေးကောက်ပွဲရဲ့ ရလဒ်ကို ထုတ်ပြန်ပေးဖို့ တောင်းဆိုပေမယ့် ဇင်ဘာဘွေဟာ အကျပ်အတည်းကို ရင်ဆိုင်နေရတဲ့ နိုင်ငံတစ်ခု မဟုတ်ဘူးလို့ ပြောဆိုနေပါတယ်။

ဒါပေမယ့်လည်း ဒီနေ့ ဇင်ဘာဘွေရဲ့ ငွေကြေးဖေါင်းပွဲမှုနှုန်းဟာ အဆပေါင်း ၁၆၅,၀၀၀ % ရှိနေပြီး ကုန်စုံဆိုင် တော်တော်များများ ရောင်းစရာ ကုန်တွေ ပြတ်လတ်နေတဲ့ အခြေအနေကို ကြုံနေရပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG