သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပြည်နယ်တွင်ဖွဲ့စည်းပုံ မူကြမ်းကန့်ကွက်ရေးလှုပ်ရှားမှုများ ဖြစ်ပေါ်


မြန်မာစစ်အစိုးရက ကျင်းပပေးဖို့ရှိတဲ့ လူထုဆန္ဒခံယူပွဲကို ကန့်ကွက်တဲ့ လှုပ်ရှားမှုတွေ ဆက်တိုက် ဆိုသလို ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ဒီကနေ့လည်း ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေ ဖြစ်ပွားခဲ့တယ်လို့ ကြားရပါတယ်။ စစ်တွေမြို့ နေရာအနှံ့မှာ အစိုးရဆန့်ကျင်ရေး ဆန္ဒခံယူပွဲမှာ ကန့်ကွက်ရေး လှုံ့ဆော်ခဲ့ကြတာ ဖြစ်ပါတယ်။ အကြောင်းစုံကို ဦးအောင်လွင်ဦး က တင်ပြပေး ပါတယ်။

မြန်မာစစ်အစိုးရက သူ့ရဲ့ သတင်းမီဒီယာတွေကတဆင့် မေလ (၁၀) ရက်နေ့ကြရင် ကျင်းပမယ့် လူထုဆန္ဒခံယူပွဲကို ထောက်ခံမဲတွေ ပေးကြဖို့ လှုံ့ဆော်နေချိန်မှာပဲ၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ တွေဖက်ကလည်း အခုလို ဆန့်ကျင် လှုပ်ရှားမှုတွေ လုပ်ဆောင်နေတာပါ။ ဒီအထဲမှာ ပြီးခဲ့တဲ့ သင်္ကြန် ကာလကစလို့ ဆန္ဒခံယူပွဲ ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ ဖြစ်ခဲ့တဲ့ ရခိုင်ပြည်နယ်စစ်တွေမြို့မှာ လှုံ့ဆော်မှုတွေဆက်ပြီး ဖြစ်ပေါ်နေတာပါ။ အခုနောက်ဆုံး ဖြစ်ခဲ့တဲ့ လှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ရခိုင်ပြည်နယ် တွဲဖက်အတွင်းရေးမှူး ဦးသိန်းလှိုင် ပြောပြရာမှာတော့ -

“စစ်တွေမှာ ဒီနေ့ ၂၃ရက်နေ့ မနက်ပိုင်းမှာ လူထု ပိုစတာ campaign တွေလုပ်ခဲ့တယ်လို့ ကျွန်တော် တို့ ရခိုင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်တွေက ပြောပါတယ်။ စစ်တွေ သင်္ဘောဆိပ်က စပြီး တော့ လမ်းမကြီး ကုန်းတန်းလမ်းရယ်၊ မင်းမကြီးလမ်း၊ နာဇီရွာ၊ အထက၊ ဘုရားလမ်း၊ စတဲ့ နေရာ အမျိုးမျိုးမှာ ပိုစတာတွေကို ကပ်ထားတာတွေကို တွေ့ရတယ်။ ပိုစတာတွေကတော့ ပိုစကဒ် အရွယ်အစားတွေ ရှိပြီးတော့ စက္ကူထူနဲ့ လုပ်ထားတာဖြစ်တယ်။ အဲဒီမှာ အချက် ငါးချက်ကို ပြထားတာတွေ့ရတယ်။ roadmap ၇ချက်၊ ပြည်သူအားလုံး စစ်ဖိနပ်အောက်မှ လွတ်မြောက်ရေး၊ ဆန့်ကျင် တိုက်ပွဲ ဒို့ဆင်နွဲှ၊ ပြည်သူအားလုံး လွတ်မြောက်ဖို့၊ မိမိဆန္ဒ ထုတ်ဖော်စို့၊ စစ်အစိုးရ ကျဆုံးဖို့ ပြည်သူအားလုံး လက်တွဲစို့၊ မိတ်စာဝါဒီအလိုမရှိ၊ ဆိုပြီး ရေးထားတာတွေ တွေ့ရတယ်။ နအဖရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဆန့်ကျင်ကန့်ကွက်တဲ့ စာသားတွေပဲ ဖြစ်နေတာကို တွေ့ရတယ် ခင်ဗျ။”

အခုနောက်ဆုံးဖမ်းဆီးမှုမှာ အာဏာပိုင်တွေဖက်က အရေးယူဖမ်းဆီးတာမျိုး အခုအချိန်အထိ မကြားရသေးပေမယ့် ပြီးခဲ့တဲ့ သင်္ကြန်ကာလတုန်းက စစ်တွေမြို့မှာ အစိုးရဆန့်ကျင်တဲ့ လှုပ်ရှားမှု တွေ လုပ်ခဲ့တဲ့ လူငယ်အမြောက်အမြားကို ဖမ်းဆီးခဲ့တာမို့ ဒါကို ခံပြင်းနေတဲ့ မြို့ခံတွေရဲ့ နောက်ဆက်တွဲ လှုပ်ရှားမှုအဖြစ်လည်း ဦးသိန်းလှိုင် က မြင်ပါတယ်။

“ မနက်ကိုးနာရီ လောက်ကို ရောက်တဲ့အခါမှာ မြို့မှာရှိတဲ့ အာဏာပိုင်တွေက လိုက်ပြီးတော့ ဖြုတ်နေကြတယ်။ ဒီ campaign နဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ အနေနဲ့ မြင်တာက နအဖရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ရခိုင်ပြည်သူလူထုအနေနဲ့ လုံးဝဆန့်ကျင်ကန့်ကွက်တယ်။ နောက်တခါ သင်္ကြန်ကာလအတွင်းမှာ အာဏာပိုင်တွေက အပြစ်မရှိတဲ့ ကျောင်းသားလူငယ်တွေကို အစုလိုက် ဖမ်းဆီးနေတာကြောင့် ဒေသခံတွေ မကျေမနပ်လာတာတွေ ကြောင့်လည်း အခုလို ဖြစ်ပေါ် လာတယ်လို့ ကျွန်တော်တို့ အနေနဲ့ ယူဆလို့ရပါတယ်။ ဧပြီလ ၁၃ရက်နေ့က စပြီးတော့ စစ်တွေမှာ ဖမ်းဆီးခဲ့တာ ၆၁ဦးလို့ အတိအကျ သိရတယ်။ လက်ရှိအနေအထားအရ ပြန်လွတ်လာသူတွေရဲ့ ပြောကြားချက်အရ ၁၀ကျော် ၂၀လောက်ဟာ အဖမ်းဆီး ထိန်းသိမ်းခံထားရဆဲဖြစ်တယ်လို့ သိရတယ်။ တောင်ကုတ်မြို့မှာလည်း NLD အဖွဲ့ဝင်လေးဦးကို ဖမ်းဆီးထားတာတွေ့ရတယ်။ စုစုပေါင်းဆိုရင် ၂၀ကျော်ဟာ referendumနဲ့ ပတ်သက်လို့ ဖမ်းဆိးထားတယ်လို့ သိရပါတယ်။”

ဒီလို အခြေခံဥပဒေမူကြမ်းတရပ်ကို အတည်ပြုဖို့အတွက် မြန်မာစစ်အစိုးရက ကျင်းပပေးဖို့ ပြင်ဆင် နေတဲ့ ဆန္ဒခံယူပွဲကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေ ပြီးခဲ့တဲ့ သင်္ကြန်ကာလကစလို့ ရခိုင်ပြည်နယ် တလွှားမှာ ဖြစ်ပွားခဲ့တာ စစ်တွေတမြို့တည်းသာ မကဘူးလို့လည်း ဦးသိန်းလှိုင် ကဆိုပါတယ်။

“စစ်တွေမှာ ဖြစ်သလိုပဲ ရခိုင်ပြည်နယ် ဂွမြို့မှာလည်းပဲ ဧပြီလ ၁၂ရက်နေ့ကစပြီး ဖြစ်တယ်။ “NO” စာလုံးနဲ့ ကြပ်ချေခတ် အမှတ်အသားတွေကို တံတားတွေမှာ အနီရောင် ဆေးမှင်နဲ့ ဆေးမှုတ် ထားတယ်။ အဲဒီ ဆေးမှုတ်ထားတာတွေကို တံတားတွေပေါ်မှာ လေးငါးနေရာလောက်မှာ တွေ့ရတယ်။ နောက်ပြီးတော့ မကြာသေးခင် ဧပြီ ၂၀ရက်နေ့ကလည်း ဆိုက်ကယ်နဲ့ လူငယ် ငါးဦးဟာ နေ့လည် ၁၁နာရီလောက်မှာ ဂွမြို့ရဲ့ လမ်းတွေပေါ်မှာ လှည့်လည်ပြီးတော့ ကန့်ကွက်ကြ ဆိုပြီးတော့ ဆန္ဒပြခဲ့တယ်။ သူတို့ဟ တီရှပ်အဖြူတွေနဲ့ ကျောဖက်မှာ “NO”ဆိုပြီးတော့ အနီရောင်မှင်နဲ့ ရိုက်ထား တာကို တွေ့ရတယ်။ လူတွေကတော့ စိတ်ဝင်တစား ဝိုင်းကြည့်ပြီးတော့ အားပေးထားတယ်။ ဂွမြို့က လည်းပဲ မြို့ငယ်သလောက် တကယ့်ကို တက်ကြွတဲ့မြို့ ဖြစ်တယ်။ အဲဒီလိုပဲ ကျောက်ဖြူ၊ သံတွဲ တွေမှာလည်း ပိုစတာ ကမ်ပိန်းတွေ လုပ်တယ်လို့ လည်း သိရတယ်။ ဒါပေမဲ့ ကျွန်တော်တို့ အတည်ပြုလို့ မရဘူး။”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ရခိုင်ပြည်နယ် တွဲဖက်အတွင်းရေးမှူး ဦးသိန်းလှိုင် ဖြစ်ပါတယ်။ အခုနောက်ဆုံး ဖြစ်ပွားခဲ့တဲ့ စစ်တွေမြို့က ဆန္ဒခံယူပွဲ ဆန့်ကျင်လှုပ်ရှားမှုတွေ နောက်ဆက်တွဲအဖြစ် မြို့ရဲ့ နေရာအနှံ့မှာ လုံခြုံရေးအာဏာပိုင်တွေကို ဖြန့်ကျတ်ချထား တယ်လို့ လည်း ဦးသိန်းလှိုင် ကပြောပါတယ်ခင်ဗျာ။

XS
SM
MD
LG