သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူထုဆန္ဒခံယူပွဲ လွတ်လပ်ပြီး တရားမျှတမှုမရှိလို့ ကန့်ကွက်ဖို့ အန်န်အယ်လ်ဒီ ထပ်မံတိုက်တွန်း


မြန်မာစစ်အစိုးရက ကြီးမှူးကျင်းပပေးဖို့ရှိတဲ့ လူထုဆန္ဒခံယူပွဲဟာ လွတ်လပ်မှုနဲ့ တရား
မျှတမှု အခြေခံတွေ မရှိတာမို့ လက်မခံ ဆန့်ကျင်ကန့်ကွက်ကြဖို့ အဓိက အတိုက် အခံပါတီကြီးဖြစ်တဲ့ အမျိုးသားဒီမိုကရေစီ
အဖွဲ့ချုပ် (အန်န်အယ်လ်ဒီ) က ဒီကနေ့ပဲ ထပ်မံတိုက်တွန်းလိုက်ပါတယ်။ ဒါ့အပြင် ဆန္ဒ
ခံယူပွဲမှာ ထောက်ခံကြဖို့ အာဏာပိုင်တွေ
ဘက်က ဖိအားပေး ဆောင်ရွက်မှုတွေက
လည်း ရှိနေတာမို့ နိုင်ငံတကာအသိုင်းအဝိုင်း
အပါအဝင် အများက အနီးကပ်စောင့်ကြပ်
ကြည့်ရှုမှုတွေ လုပ်ဆောင်ဖို့လည်း ပြောဆို
လိုက်ပါတယ်။ အကြောင်းစုံကို
ကိုအောင်လွင်ဦးက ဆက်သွယ်မေးမြန်းပြီး တင်ပြထားပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
(အန်န်အယ်လ်ဒီ) အနေနဲ့ မြန်မာစစ်အစိုးရက ရှေ့လ ၁၀ ရက်နေ့ ကျင်းပပေးဖို့ရှိတဲ့ လူထုဆန္ဒခံယူပွဲဟာ လွတ်လပ်မှု၊ တရားမျှတမှု အခြေခံတွေ ကင်းမဲ့နေတယ်၊ အများ
လက်ခံနိုင်တဲ့ စံချိန်စံညွှန်းတွေနဲ့လည်း ကိုက်ညီမှုမရှိဘူးဆိုပြီး အထူးကြေညာချက်
တစောင် ထုတ်ပြန်ပြောဆိုလိုက်တာပါ။ တဖက်မှာလည်း အာဏာပိုင်တွေဘက်က ထောက်ခံမဲတွေထည့်ကြဖို့ ပြောင်ပြောင်တင်းတင်း ပြောဆိုနေတာတွေ အပါအဝင်
တဖက်သတ်ဝါဒဖြန့် ဆောင်ရွက်မှုတွေ ရှိနေတယ်ဆိုပြီး အန်န်အယ်လ်ဒီက ထောက်ပြ
လိုက်တာပါ။

“ဒီနေ့ အားလုံးသိတဲ့အတိုင်းပဲ၊ အာဏာပိုင်ဘက်က သတင်းစာ၊ ရေဒီယို၊ ရုပ်မြင်
သံကြား၊ စာလုံးမည်းကြီးတွေနဲ့ မိမိဘက်ကထောက်ခံဖို့ကို လွတ်လပ်စွာ ဝါဒဖြန့်နေ
တယ်။ ဒါကို နေ့စဉ်နှင့်အမျှ ကဗျာ၊ ကာတွန်း စသည်ဖြင့် ဖော်ပြတယ်။ အဲဒီလို တဖက်ကလုပ်နေတဲ့အချိန်မှာ ဒီမိုကရေစီစနစ်ကို သွားမယ်ဆိုရင် မတူကွဲပြားတဲ့အမြင်
ကို လေးစားရမယ်။ ဥပဒေအရ တဖက်က ထောက်ခံနိုင်သလို ကန့်ကွက်ပိုင်ခွင့်လည်း
ရှိတယ်။ ကန့်ကွက်တဲ့ဘက်က၊ အဖွဲ့ချုပ်ဘက်က အထူးကြေညာချက်တို့၊ ပန်ကြားချက်
တို့၊ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲနဲ့ပတ်သက်တဲ့ သိရမယ့်အချက်တွေကို ဒေးဒရဲမြို့နယ်၊
ဝါးခယ်မမြို့နယ်၊ တောင်တွင်းကြီး၊ ဒလ၊ စစ်တွေ၊ တောင်ကုတ် အဲဒီနေရာတွေမှာ
အဖွဲ့ဝင်တွေကိုဖမ်းတယ်၊ စာရွက်စာတမ်းသိမ်းတယ်၊ ခေါ်ယူမေးမြန်းတယ်။ ဒီအချက်
တွေကလည်း လွတ်လပ်ပွင့်လင်းပြီး တရားမျှတမှုမရှိတဲ့ အခြေအနေတွေ ပေါ်ပေါက်
နေတယ်။”

အန်န်အယ်လ်ဒီ အထူးပြန်ကြားရေးအဖွဲ့ဝင် ဦးသိန်းညွန့် ဖြစ်ပါတယ်။ ဒီလို စည်းရုံး လှုံ့ဆော်မှုတွေသာမက ကန့်ကွက်လှုပ်ရှားမှုတွေကို ဖိနှိပ်မှုတွေအပါအဝင် တဖက်သတ် ဆောင်ရွက်မှုတွေကလည်း ရှိနေသလို မြန်မာစစ်အစိုးရက ထုတ်ပြန်လိုက်တဲ့ ဆန္ဒ
ခံယူပွဲဆိုင်ရာ ဥပဒေတွေကအစ မျှတမှုမရှိဘူးလို့လည်း ဦးသိန်းညွန့်က ပြောပါတယ်။

“နောက်တခါ ပြည်သူလူထုထံကရော အောက်ခြေကရော ကျနော်တို့ရတဲ့ သတင်းတွေ
အရ တချို့နေရာတွေမှာ အာဏာပိုင်တွေက ထောက်ခံမဲမပေးရင် ကျောင်းသားဆိုရင် ကျောင်းထုတ်မယ်၊ ဝန်ထမ်းဆိုရင်လည်း အလုပ်ဖြုတ်မယ်၊ လယ်သမား၊ ယာသမား
ဆိုရင်လည်း လယ်မြေသိမ်းမယ်၊ ရပ်သူရွာသားကိုလည်း ဖမ်းဆီးချုပ်နှောင်မယ်ဆိုတဲ့ ခြိမ်းခြောက်သံတွေ ကြားနေရတယ်။ ဒါကို ကျနော်တို့ ကြေညာချက်အပိုဒ် ၉ မှာ
ဖော်ပြတယ်။ ဒီလိုအခြေအနေတွေနဲ့ ခုနလို ပြဋ္ဌာန်းထားတဲ့ဥပဒေကိုလည်း ပြန်ကြည့်
လိုက်တဲ့အခါ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ဥပဒေခေါင်းစဉ်ကိုက ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ အတည်ပြုရေးဥပဒေ ဆိုကတည်းက ဥပဒေမှာကိုက ဘက်လိုက်နေပြီ။ လက်တွေ့မှာ
ပေါ်ပေါက်တဲ့ အချက်တွေကလည်း ဒီလိုအခြေအနေမျိုးကို မြင်တွေ့လာရတဲ့အတွက်
လွတ်လပ်မှုနဲ့ တရားမျှတမှု အခုကတည်းက မရှိဘူးဆိုတာ ကျနော်တို့အဖွဲ့ချုပ်က
အထူးကြေညာချက် ထုတ်ပြန်ရခြင်းဖြစ်ပါတယ်။”

အခုကျင်းပမယ့် ဆန္ဒခံယူပွဲနဲ့ပတ်သက်တဲ့ ပြဋ္ဌာန်းသတ်မှတ်ချက်တွေ အသေးစိတ် အချက်အလက်တွေ ထွက်ပေါ်လာတာနဲ့အမျှ အန်န်အယ်လ်ဒီအနေနဲ့ ဒီအပေါ်မှာ သဘောမတူနိုင်စရာတွေကလည်း ရှိနေတာပါ။ ဒီအထဲမှာ မဲပေးမယ့်ကိစ္စ၊ မဲရေတွက် မယ့်ကိစ္စတွေမှာလည်း မမှန်မကန်ဆောင်ရွက်နိုင်တဲ့ အခြေအနေတွေ ရှိတယ်ဆိုပြီး အန်န်အယ်လ်ဒီက ပြောဆိုထားပါတယ်။

“ဥပဒေကြောင်းကိစ္စတွေမှာ ဥပဒေကြောင်းအရပဲပြောရင် လုပ်ထုံးလုပ်နည်းကို လေ့လာတဲ့အခါကြတော့ မဲရုံတွေမှာ ဆယ်ယောက်ရှေ့မှာ ထောက်ခံမဲ၊ ကန့်ကွက်မဲ၊
ပယ်မဲ ရေမယ်။ အဲဒီအချိန်မှာတော့ မဲရုံထဲမှာ ဆယ်ဦးထက်မနည်းရှိမယ်။ အဲဒီကနေ
ပုံစံခြောက်ကို လေ့လာတဲ့အခါကြတော့ အဲဒီပုံစံထဲမှာ သက်သေအနေနဲ့ လက်မှတ်
တွေဘာတွေ ပါတယ်။ ဒါပေမယ့် အဲဒီကနေ မြို့နယ်ကော်မရှင်တို့၊ တိုင်းနဲ့ပြည်နယ်
ကော်မရှင်တို့၊ ဗဟိုဥပဒေကော်မရှင်တို့ ရောက်သွားတဲ့အခါ မဲရေတဲ့အခါကြတော့
အဲဒီမှာ သက်သေတွေ မပါတော့ဘူး။ ဆိုင်ရာ ကော်မရှင်ပုဂ္ဂိုလ်တွေပဲပါတယ်။ အဲတော့
လွတ်လပ်တဲ့၊ အများယုံကြည်စိတ်ချတဲ့၊ အများက လေးစားလောက်တဲ့ ပုဂ္ဂိုလ်တွေ
သက်သေမပါဘဲနဲ့ မဲရေတွက်နိုင်အောင်လုပ်ထားတဲ့ စနစ်ကိုက မမှန်မကန်မှုတွေ
လုပ်နိုင်တဲ့ အခွင့်အရေးကို ဖန်တီးထားသလိုဖြစ်တယ်ဆိုတာ ကျနော်တို့ ကြေညာချက်
အပိုဒ် ၃ မှာ ဥပဒေကြောင်းအရ ထောက်ပြထားတယ်။”
အန်န်အယ်လ်ဒီ အထူးပြန်ကြားရေးအဖွဲ့ဝင် ဦးသိန်းညွန့် ပြောသွားတာဖြစ်ပါတယ်။

ဒီလို လွတ်လပ်ပြီး တရားမျှတမှုရှိတဲ့ အခြေအနေတွေအောက်မှာ မြန်မာစစ်အစိုးရရဲ့
ဆန္ဒခံယူပွဲကို ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာနဲ့ မြန်မာပြည်သူတွေက အနီးကပ် စောင့်ကြပ်ကြည့်ရှုဖို့လိုတယ်လို့လည်း အန်န်အယ်လ်ဒီက တောင်းဆိုလိုက်ပါတယ်။
ဒါ့အပြင် မြန်မာပြည်သူတွေအနေနဲ့လည်း မဲရုံတွေကို မပျက်မကွက်သွားရောက်ပြီး ကန့်ကွက်မဲတွေထည့်ကြဖို့ကိုလည်း အန်န်အယ်လ်ဒီက ထပ်မံတိုက်တွန်းခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG