သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို ကွန်ဂရက်စ်ရဲ့ ရွှေတံဆိပ်ချီးမြှင့်ဖို့ အထက်လွှတ်တော် အတည်ပြု


အမေရိကန်နိုင်ငံက အရပ်သားတွေကို ချီးမြှင့်တဲ့ဆုတွေထဲမှာ အမြင့်ဆုံးဖြစ်တဲ့ Congressional Gold Medal Award လို့ခေါ်တဲ့ ကွန်ဂရက်လွှတ်တော်ရဲ့ ရွှေတံဆိပ်ဆုကို မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်ဖို့ အမေရိကန် အထက်လွှတ်တော်က တညီတညွတ်တည်း ဆုံးဖြတ်လိုက်ပါတယ်။ ဒီအကြောင်းစုံကို
ကိုဇော်ဝင်းလှိုင်က အစီရင်ခံထားပါတယ်။

ဒီဆုကို ချီးမြှင့်နိုင်ဖို့အတွက် လွှတ်တော်တရပ်စီက လွှတ်တော် အမတ်ဦးရေ သုံးပုံနှစ်ပုံက အဆိုတင်သွင်းမှသာ ဆုချီးမြှင့်ဖို့ စဉ်းစားတာပါ။ ဒေါ်အောင်ဆန်းစုကြည်ကို ကွန်ဂရက်လွှတ်တော် အမြင့်ဆုံးဆု ချီးးမြှင့်တာဟာ မြန်မာပြည် ဒီမိုကရေစီရရှိရေးအတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ စွန့်လွှတ်အနစ်နာခံမှုနဲ့ အကြမ်းမဖက်တဲ့ နည်းနဲ့ ရဲရဲဝံ့ဝံ့ ဆက်လက် တိုက်ပွဲဝင်နေတာကို အမေရိကန်ပြည်ထောင်စုက ထောက်ခံအားပေးတဲ့ အနေနဲ့ အခုလို ချီးမြှင့်တာဖြစ်တဲ့အကြောင်း USCB ခေါ် အမေရိကန်အခြေစိုက် မြန်မာ့အရေးဆောင်ရွက်နေတဲ့အဖွဲ့က အမှုဆောင် ညွှန်ကြားရေးမှူး ဦးအောင်ဒင်က အခုလို ပြောပြပါတယ်။

“အမေရိကန်ပြည်ထောင်စု ကွန်ဂရက်လွှတ်တော်အမတ်များက နေပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်ကျိုးစီးပွားကို စွန့်လွှတ်အနစ်နာခံပြီးတော့ မြန်မာနိုင်ငံပြည်သူများ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးနဲ့ ငြိမ်းချမ်းရေးအတွက် အကြမ်းမဖက်တဲ့ နည်းလမ်းနဲ့ အားသွန်ခွန်စိုက် လှုပ်ရှားနေတဲ့အတွက်ရော၊ နောက်မြန်မာနိုင်ငံမှာ အကြမ်းဖက်တဲ့ စစ်အာဏာရှင်စနစ်ကို အကြမ်းမဖက်နည်းနဲ့ ရင်ဆိုင်အံတုနေကြတဲ့ မြန်မာပြည်သူများရဲ့ ဒီမိုကရေစီရေး လှုပ်ရှားမှုကြီးကို ထောက်ခံတဲ့အနေနဲ့ရော၊ စသည်ဖြင့်ပေါ့ဗျာ၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဂုဏ်ရောင်ပြောင်တဲ့ လှုပ်ရှားမှုတွေ၊ နောက်ပြီး သူ ဦးဆောင်နေတဲ့ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှုကြီးရဲ့ အင်မတန်ကြီး ကျယ်တောက်ပတဲ့ လှုပ်ရှားမှုတွေ၊ ဒါတွေကို ထောက်ပြပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ဟာဖြင့် မြန်မာပြည်သူများရဲ့ ကိုယ်စား ဒီကွန်ဂရက် လွှတ်တော်ရဲ့ အမြင့်မားဆုံး ဂုဏ်ပြုမှုကို ရရှိသင့်တယ်ဆိုတဲ့ ဆွေးနွေးချက်တွေနဲ့ ဥပဒေမူကြမ်း တင်သွင်းခဲ့တာရှိပါတယ်။ ဒီရည်ရွယ်ချက်တွေနဲ့ အမေရိကန်ပြည်ထောင်စု ကွန်ဂရက်လွှတ်တော်က နေပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ကို အခုလိုမျိုး အမေရိကန် ပြည်ထောင်စုရဲ့ အမြင့်ဆုံး ဂုဏ်ထူဆောင် ဘွဲ့တံဆိပ်ကို ချီးမြှင့်တာဖြစ်ပါတယ်။”

ဟုတ်ကဲ့ခင်ဗျ၊ အခု ကျနော်တို့ ကြားရတာပေါ့လေ၊ ဆုပေးတဲ့နေရာမှာ ဒေါ်အောင်ဆန်းစုကြည်က လောလောဆယ် ဆုလက်ခံရရှိတဲ့အချိန်မှာ သူက နေအိမ် အကျယ်ချုပ်နဲ့ အကျဉ်းကျခံရနေတယ် ဆိုတော့ ဒီလိုမျိုး အကျဉ်းကျခံနေရသူ တယောက်ကို အမေရိကန်ကွန်ဂရက်က ဒီဆုကို ပေးတယ်ဆိုတာ ပထမဆုံးအကြိမ်လို့ ကြားရပါတယ်။ ဟုတ်ပါသလားခင်ဗျ။ -

“ဟုတ်ပါတယ်၊ နှစ်ပေါင်း ၂၃၁ နှစ်ပေါ့လေ၊ အတိအကျပြောရင်၊ အဲဒီသက်တမ်း အတွင်းမှာ အခုလို ဆုပေးကြတဲ့အထဲမှာ အခုလို အကျဉ်းကျနေတဲ့ ခေါင်းဆောင်တယောက်ကို ဆုချီးမြှင့်တာ ပထမဆုံး အကြိမ်ပါပဲ၊ အကျဉ်းကျနေတဲ့ ခေါင်းဆောင်တယောက်ကို ဆုချီးမြှင့်တာ ပထမဆုံးအကြိမ် ဖြစ်တဲ့အပြင် ဆုပေးချီမြှင်တဲ့အခါမှာလည်း သူကိုယ်တိုင် မလာရောက်နိုင်ဘဲနဲ့ပေါ့နော်၊ သူ့ကိုယ်စားပေါ့နော်၊ သူ့ရဲ့မျက်ကွယ်မှာ ဆုပေးပွဲ ပြုလုပ်မှာ ဒါ ပထမဆုံးအကြိမ် ဖြစ်ပါလိမ့်မယ်။”

နောက်တခုကတာ့လေ၊ သတင်းတွေထဲမှာ တွေ့ရတာက ဒေါ်အောင်ဆန်းစုကြည်ကို ဒီလိုမျိုး ဆုပေးဖို့ အမေရိကန်ရဲ့ အထက်လွှတ်တော်၊ အောက်လွှတ်တော် နှစ်ရပ်စလုံး မဲခွဲကြတဲ့နေရာမှာ ကန့်ကွက်မဲ လုံးဝမရှိဘဲ ၁၀၀ % လွှတ်တော်အမတ်တွေက မဲပေးကြတယ်လို့ ကြားတယ်ခင်ဗျ။ -

“ဟုတ်တယ်ခင်ဗျ၊ ဒီဆုချီးမြှင့်ဖို့အတွက်က အင်မတန် ခက်ပါတယ်။ အောက်လွှတ်တော်၊ အထက် လွှတ်တော် နှစ်ရပ်စလုံးမှာ ဥပဒေမူကြမ်း တင်သွင်းရတယ်၊ အဲလိုတင်သွင်းတဲ့ အခါမှာလည်း အနည်းဆုံး လွှတ်တော်ကိုယ်စားလှယ် ၃၈၀ ပေါ့နော်၊ အနည်းဆုံး လွှတ်တော်ကိုယ်စားလှယ်ရဲ့ သုံးပုံနှစ်ပုံက ပူးတွဲ အဆိုပြုတင်ပြရမယ်။ အလားတူပဲ အထက်လွှတ်တော်မှာ ဆိုလို့ရှိရင်လည်း အထက်လွှတ်တော် ကိုယ်စားလှယ် သုံးပုံနှစ်ပုံက ပူးတွဲတင်ပြရမယ်။ ဒါမှသာလျင် ဒီလွှတ်တော်တွေက ဒီဥပဒေမူကြမ်းကို လက်ခံစဉ်းစားကြတာပါ၊ ဆိုတော့ အောက်လွှတ်တော်မှာ မဲခွဲတဲ့ အခါကျတော့ ထောက်ခံမဲ ၄၀၀၊ ကန့်ကွက်မဲ မရှိနဲ့ ပြီးခဲ့တဲ့ ဒီဇင်ဘာလက အတည်ပြုပြီးသား၊ အခု ဒီကနေ့ အထက်လွှတ်တော်မှာ မဲခွဲတဲ့အခါကျတော့လည်း ကန့်ကွက်မဲ လုံးဝမရှိ၊ ထောက်ခံမဲအပြည့်နဲ့ တညီတညွတ်တည်း ထောက်ခံခဲ့ကြပါတယ်။”

ဟုတ်ကဲ့ တနည်းအားဖြင့်တော့ သူရဲကောင်းတွေကို ပေးတဲ့ဆုပေါ့၊ -

“ဟုတ်ပါတယ်ခင်ဗျ၊”

ဒေါ်အောင်ဆန်းစုကြည်ကို အကျဉ်းချထားပြီး သူချစ်တဲ့ ပြည်သူတွေနဲ့ နိုင်ငံတကာက ထောက်ခံသူတွေနဲ့ အဆက်အသွယ် ဖြတ်တောက်ဖို့ စစ်အစိုးရက အမျိုးမျိုး ကြိုးစားနေပေမယ့် ဘယ်တုန်းကမှ မအောင်မြင်ခဲ့ဘူးလို့ ဦးအောင်ဒင်က အခုလို ဆက်ပြောပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်ကို ဒီ နအဖ စစ်အုပ်စုက အကျဉ်းထဲမှာချပြီး သူချစ်တဲ့ ပြည်သူတွေနဲ့ရော၊ နိုင်ငံတကာ အစိုးရတွေနဲ့ရော အဆက်အသွယ်ပြတ်အောင်၊ နိုင်ငံတကာ ပြည်သူတွေနဲ့ သူချစ်တဲ့ပြည်သူတွေက သူ့ကိုမေ့လျော့သွားအောင် နည်းလမ်းပေါင်းစုံနဲ့ ကြိုးပမ်းအားထုတ် ခဲ့တာပါပဲ၊ ဒါပေမယ့်လည်း စစ်သားပေါင်း ၄၀၀,၀၀၀ ကျော်ကို အုပ်ချုပ်နေတဲ့ စစ်တပ်ကြီးက ဗိုလ်ချုပ်တွေက လက်နက်ဆိုလို့ တစုံတရာမရှိတဲ့ ဒီအမျိုးသမီးတယောက်ကို ရှုံးနိမ့်နေတာ အကြိမ်ကြိမ်အခါခါ ဖြစ်နေပါပြီ၊ အဲဒီအတွက် မြန်မာနိုင်ငံက စစ်ဗိုလ်ချုပ်ကြီးတွေ သံဝေဂရဖို့၊ သင်ခန်းစာရဖို့ လိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က အခုဖြစ်နေတဲ့ ပြဿနာတွေရဲ့ အရင်းအမြစ် မဟုတ်ပါဘူး၊ အဲဒီပြဿနာတွေကို ဖြေရှင်းဖို့အတွက် အရေးကြီးတဲ့ အစိတ်အပိုင်းတရပ် ဖြစ်ပါတယ်။ အဖြေရဲ့ အစိတ်အပိုင်းတရပ် ဖြစ်ပါတယ်။ ဒါကို မြန်မာနိုင်ငံက စစ်ဗိုလ်ချုပ်ကြီးတွေ အမြန်ဆုံး နားလည်သဘောပေါက်ဖို့ လိုပါတယ်။”

USCB ခေါ် အမေရိကန်အခြေစိုက် မြန်မာ့အရေး ဆောင်ရွက်နေတဲ့အဖွဲ့က ဦးအောင်ဒင် ပြောကြားသွားတာ ဖြစ်ပါတယ်။ ဒီဆုကို လက်ခံရရှိခဲ့ သူတွေထဲက တခြားထင်ရှား သူတွေကတော့ အမေရိကန်ပြည်ထောင်စုရဲ့ ပထမဆုံးသမ္မတ ဂျော့ချ်ဝါရှင်တန်၊ အင်္ဂလန်ဝန်ကြီးချုပ်ဟောင်း ဆာ ဝင်စတန်ချာချီ၊ တောင်အာဖရိကနိုင်ငံက လူမဲခေါင်းဆောင် နယ်လ်ဆင်မန်ဒဲလား၊ မာသာထရီစာ၊ ဒေါက်တာ မာတင်လူသာကင်းနဲ့ ဘုန်းတော်ကြီး ဒလိုင်းလားမားတို့ ပါဝင်ကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG