သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယား နျူကလီးယားအရေး သတင်းထိန်ချန်တယ်ဆိုပြီး အမေရိကန်ကို IAEA ဝေဖန်


အမေရိကန်ပြည်ထောင်စုဟာ ဆီးရီးယားနိုင်ငံရဲ့ နျူကလီးယား ဓါတ်ပေါင်းဖိုနဲ့ ပတ်သက်တယ်ဆိုတဲ့ သတင်းအချက်အလက်တွေကို ထိန်ချန်ခဲ့တယ်ဆိုပြီး နိုင်ငံတကာ အနုမြူစွမ်းအင် အေဂျင်စီ IAEA အကြီးအကဲက ဝေဖန်လိုက်ပါတယ်။ ဆီးရီးယားရဲ့ နျူကလီးယား ဓါတ်ပေါင်းဖို တည်ဆောက် နေတယ် ဆိုတဲ့နေရာကို အစ္စရေးက ပြီးခဲ့တဲ့နှစ်က လေကြောင်းကနေ ဗုံးကျဲတိုက်ခိုက်ခဲ့ပါတယ်။ ပြင်သစ်နိုင်ငံ ပါရီမြို့ကနေ လီဇာ ဘရိုင်ယန့်တ် (Lisa Bryant) သတင်းပေးပို့ထားတာကို ကိုသိန်းထိုက်ဦး တင်ပြထားပါတယ်။

နိုင်ငံတကာ အနုမြူစွမ်းအင် အေဂျင်စီ အဖွဲ့ရုံးက ထုတ်ပြန်တဲ့ ကြေညာချက်မှာ IAEA အကြီးအကဲ မိုဟာမတ် အယ်လ် ဘရာဒိုင်း (Mohammed El Brradei) က အခုလို အမေရိကန်ပြည်ထောင်စု ဘက်က သတင်းထိန်ချန်ခဲ့တာကို သူ့အနေနဲ့ စိတ်မကောင်း ဖြစ်မိတယ်လို့ ပြောပါတယ်။ ဆီးရီးယားအနေနဲ့ နျူကလီးယား ဓါတ်ပေါင်းဖို တည်ဆောက်နေတယ် ဆိုတာကို ဗီယာနာ အခြေစိုက် IAEA အဖွဲ့ကြီးကို အချိန်မှီ အကြောင်းမကြားခဲ့တဲ့အတွက် စိတ်မကောင်းဖြစ်တာလို့ ပြောပါတယ်။

ဆီးရီးယားနိုင်ငံဟာ မြောက်ကိုရီးယားရဲ့ အကူအညီနဲ့ နျူကလီးယား ဓါတ်ပေါင်းဖို တည်ဆောက်ဖို့ ကြိုးပမ်းနေတယ်ဆိုပြီး အမေရိကန် ပြည်ထောင်စုက စွပ်စွဲပြောဆိုပြီး နောက်တရက်မှာပဲ IAEA အဖွဲ့ကြီးရဲ့ ဝေဖန်ချက် ထွက်ပေါ်လာတာဖြစ်ပါတယ်။

အစီရင်ခံစာအရ အစ္စရေးက ပြီးခဲ့တဲ့နှစ် စက်တင်ဘာလမှာ ဂျက်လေယာဉ်တွေနဲ့ အစ္စရေးဘက်က ဆီးရီးယားရဲ့ နျူကလီးယား ဓါတ်ပေါင်းဖို တည်ဆောက်မယ့်နေရာကို တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ ဆီးရီးယားဘက်က ဓါတ်ပေါင်းဖိုကို စပြီး မလုပ်နိုင်ခင် လပိုင်းမှာ အခုလို တိုက်ခိုက်ခဲ့တာပါ။ ဒီကိစ္စနဲ့ပတ်သက်လို့ အမေရိကန် အရာရှိတွေက IAEA အကြီးအကဲ မစ္စတာ အယ်လ် ဘရာဒိုင်းကို ရှင်းပြခဲ့ပါတယ်။ တရက်ထဲမှာ အမေရိကန် ကွန်ဂရက်စ် လွှတ်တော်က ထောက်လှမ်းရေးဆိုင်ရာ ကော်မတီရှေ့မှာလည်း အမေရိကန် အစိုးရ အရာရှိတွေက ရှင်းပြခဲ့ပါတယ်။

မြောက်ကိုရီးယားဟာ ဆီးရီးယားကို နျူကလီးယား အစီအစဉ်အတွက် ပလူတိုနီယံ ထုတ်နိုင်အောင် ကူညီခဲ့တယ်လို့ ယုံကြည်တဲ့အကြောင်း အမေရိကန် ထိပ်တန်းအရာရှိတွေက ပြောပါတယ်။ ဒါပေမယ့် အဲဒီ ဓါတ်ပေါင်းဖိုဟာ နျူကလီးယား လက်နက် ထုတ်ဖို့ ဟုတ်မဟုတ်ဆိုတာ သိပ်တော့ မသေချာဘူးလို့ ပြောပါတယ်။

IAEA ရဲ့ ကြေညာချက်မှာတော့ ဓါတ်ပေါင်းဖို တည်ဆောက်တယ်ဆိုတဲ့ နေရာကို တိုက်ခိုက်ဖို့ အစ္စရေးအနေနဲ့ တဖက်သတ် အင်အားသုံးခဲ့တယ်ဆိုပြီး မစ္စတာ အယ်လ်ဘရာဒိုင်းက စွပ်စွဲထားပါတယ်။

ကုလသမဂ္ဂဆိုင်ရာ ဆီးရီးယား သံအမတ်ကြီး ဘရှာ ဂျက်ဖ်ရီ (Bashar Ja'afari) ကတော့ သူ့နိုင်ငံ နယ်နိမိတ်ထဲမှာ နျူကလီးယား ဓါတ်ပေါင်းဖို ဘယ်တုန်းကမှ မရှိခဲ့ဘူးပါဘူးလို့ ပြောပါတယ်။

“အရင်ကလည်း ကျနော်တို့ အများကြီး ပြောခဲ့ဖူးပါတယ်။ ဆီးရီးယားမှာ မြောက်ကိုရီးယားနဲ့ ဆီးရီးယားအကြား ပူးပေါင်းဆောင်ရွက်နေတာ ဆိုလို့ ဘာမှမရှိပါဘူး။ ဒီကောလာဟလတွေကို ကျနော်တို့ ငြင်းပါတယ်။ ဒါနဲ့ပတ်သက်လို့ ကျနော်တို့ ဒီလောက်ပဲ ပြောချင်ပါတယ်။”

နိုင်ငံတကာ အနုမြူစွမ်းအင် အေဂျင်စီ အဖွဲ့ကြီးကတော့ ဆီးရီးယားမှာ နျူကလီးယား ဓါတ်ပေါင်းဖို ရှိမရှိဆိုတဲ့ကိစ္စကို သူတို့ စစ်ဆေးမယ်လို့ ပြောပါတယ်။ တချို့ကတော့ မြောက်ကိုရီးယားဘက်က ဆီးရီးယားကို ကူညီတယ်ဆိုတဲ့ စွပ်စွဲချက်တွေက မြောက်ကိုရီးယားရဲ့ နျူကလီးယား အစီအစဉ် ဖျက်သိမ်းရေး နိုင်ငံတကာ ဆွေးနွေးပွဲတွေ အရာမရောက်အောင် လုပ်လိုက်သလို ဖြစ်သွားမှာကို စိုးရိမ်နေကြပါတယ်။

ဆီးရီးယားနိုင်ငံကတော့ သူ့နိုင်ငံအနေနဲ့ IAEA နဲ့ ပူးပေါင်း ဆောင်ရွက်သွားမယ်လို့ ပြောဆိုပြီး အမေရိကန်ပြည်ထောင်စုရဲ့ စွပ်စွဲချက်ကို ငြင်းပယ်ထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG