သုံးရလွယ်ကူစေသည့် Link များ

နေပြည်တော်ဝန်ထမ်းတချို့ မဲပေးဖို့အခြေအနေ မသိရသေး


စစ်အစိုးရ ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်းအတွက် ဆန္ဒမဲပေးဖို့ ၁၀ ရက်ကျော်ကျော်ပဲ လိုတော့ပေမယ့် နေပြည်တော်မှာ တာဝန် ကျနေသူ အောက်ခြေ၀န်ထမ်းတချို့ကတော့ နံမည်စာရင်း ပေးရတာကလွဲလို့ မဲပေးရမယ့် မဲရုံ ဘယ်မှာကအစ မသိရသေးဘူးလို့ ဆိုပါတယ်။

နေပြည်တော်မှာ မဲပေးရမယ့် အနေအထားနဲ့ပတ်သက်ပြီး ဒေါ်ခင်မျိုးသက်က ဆက်သွယ် မေးမြန်းတဲ့အခါ ၀န်ထမ်း တဦးက အခုလို ပြောပြပါတယ်။

“အခုကတော့ သူတို့ သန်းခေါင်စာရင်း သဘောမျိုး ပေါ့နော်။ အိမ်ထောင်စု စာရင်းလေးတွေ ပေးရတယ်လေ။ အိမ်ရာအလိုက်ပေါ့”

နေပြည်တော်မှာက ၀န်ထမ်းတွေချည်းပဲဆိုတော့ ၀န်ထမ်းတွေနေတဲ့ ရပ်ကွက်အလိုက်ကို ပေးရတာလား။ -

“ဟုတ်တယ်။ ၀န်ထမ်းတွေနေတဲ့ ရပ်ကွက်အလိုက်ပေါ့လေ။ အဲဒါ သန်းခေါင်စာရင်း သဘောမျိုး ပေါ့နော်၊ ပုံစံ (၆၆) သဘောမျိုးပေါ့။ ၀န်ထမ်းရဲ့အမည်တို့ အဘအမည်တို့ မှတ်ပုံတင်နံပါတ်တို့ အသက်တို့ပေါ့နော် အဲဒါတွေနဲ့ပတ်သက်ပြီးတော့ ရေးပြီးတော့ ပေးလိုက်ရတာပဲ။ သက်ဆိုင်ရာ ရယက ရုံးလို့ ခေါ်မှာပေါ့နော်။ ရပ်ကွက်အလိုက် နယ်မြေ ကွပ်ကဲရေးရုံးကို ပေးလိုက်ရတယ်။ အဲဒါရမှ သူတို့ မဲရုံတွေဘာတွေလည်း သူတို့ ဘယ်မဲရုံကို ပေးရမယ်ဆိုတာပေါ့။ အခုတော့ ဘယ်မဲရုံမှာ ပေးရမယ်ဆိုတာ မသိရသေးဘူး။ ၁၀ ရက်နေ့ဆိုတော့ သိပ်မလိုတော့ဘူးလေ။ ၁၀ ရက်နေ့ စမှာဆိုတော့။ သတင်းစာတွေထဲမှာ ဖတ်ရလို့သာ အစမ်းလေ့ကျင့်တာတွေဘာတွေပေါ့နော် အဲဒါတွေကို တွေ့နေရတာ။ ဒါပဲရှိတယ်။ အဲဒါကလွဲလို့ ဘာမှမသိရသေးဘူး။”

ဘယ်မဲရုံမှာ မဲပေးရမယ်ဆိုတာ -

“ဘာမှ မသိရသေးဘူး။ ဘာမှလည်း အစီအစဉ် မလုပ်သေးဘူးနဲ့တူတယ်။ လုပ်တော့ လုပ်ထားမှာ ပေါ့နော်။ ဒါပေမယ့် ဘယ်သူမှ မသိရသေးဘူး။ ဘယ်ဝန်ထမ်းမှ မသိရေသေးဘူး။”

တဆက်တည်းမှာပဲ မကွေးတိုင်း ရေနံချောင်းမြို့ဘက်က ဆန္ဒမဲပေးကြမယ့် အခြေအနေတွေကို ကြည့်ကြရအောင်ပါရှင်။ အမှတ် (၁) လျှပ်စစ်ထုတ်လုပ်ရေး ဒုဝန်ကြီးကိုယ်တိုင် ကျေးရွာတွေကို သွားပြီး ထောက်ခံမဲတွေ ထည့်ကြဖို့ မဲဆွယ်နေပေမယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်တွေ ကတော့ စည်းရုံးခွင့်မရဘူးလို့ ရေနံချောင်း အဲန်အယ်လ်ဒီအဖွဲ့ဝင်တွေက ပြောပါတယ်။ လူချင်း တွေ့ရင် လက်နှစ်ဖက်ကို ကြက်ခြေခတ်ပုံလုပ် နှုတ်ဆက်တာခေတ်စားနေတဲ့ ရေနံချောင်းမှာ အာဏာပိုင်တွေဖက်က နည်းအမျိုးမျိုးနဲ့ အနီးကပ် စည်းရုံးလှုံ့ဆော်တာတွေလည်း ရှိနေတယ်လို့ ရေနံချောင်းမြို့နယ် အဲန်အယ်လ်ဒီ တာဝန်ခံတဦးက အခုလို စပြောပြပါတယ်။

“အခုက ဆိုင်းဘုတ်တွေ ထောင်ထားတယ်။ ဒီ မယက ရုံးရှေ့မှာရယ်၊ မြို့မဈေးကြီး ရှေ့မှာရယ်၊ နောက်ပြီးတော့ လူအများ မြင်သာတဲ့နေရာတွေမှာပေါ့နော် ဒီ မဲဆန္ဒ ထောက်ခံမဲ ပေးကြဖို့ ဆိုင်းဘုတ်ကြီးတွေ ထောင်ထားတယ်။ ၂၀ ရက်နေ့က ဒုဝန်ကြီးပေါ့နော်။ အမှတ် (၁) လျှပ်စစ်ထုတ်လုပ်ရေး ဒုဝန်ကြီး ဗိုလ်မှူးကြီး သိန်းဇော် လာပြီးတော့ ရေနံချောင်းမှာ စည်းရုံးရေး ဆင်းသွားတယ်။ ၀န်ကြီးက ရွာရောက်တယ်။ ရွာဆိုတာက နည်းနည်း နီးတဲ့နေရာပေါ့နော်။ မင်းတို့ဆီကို ဘယ် အဲန်အယ်လ်ဒီကောင်တွေက လာရှင်းသလဲ။ သူကမှ လာရှင်းတယ်ပေါ့။ ကျနော်တို့အဲန်အယ်လ်ဒီတွေ အဖွဲ့ချုပ်ကိုကျတော့ တကယ်တမ်းကျတော့ ရှင်းလင်းခွင့်မပေးပါဘူး။ နောက် အဲဒီဝန်ကြီး ရောက်ခဲ့တဲ့ရွာက ကျနော်တို့ ပင်းဝ ကျေးရွာအုပ်စု၊ ဘုရားကုန်း ကျေးရွာတွေမှာ ၀န်ကြီးက ရွာသူရွာသားတွေကို ပြောသွားတာ။ သူပြောသွားပုံကတော့ - ခွေးကို အမြီးဖြတ် ပေးစား လို့ရှိရင် ခွေးမယားဖြစ်မယ်။ ကုလားနဲ့ပေးစားရင် ကုလားမယားဖြစ်မယ်။ အဲဒီလို အမှားတွေ မဖြစ်ရ အောင် အမှန်ကို ခြစ်ပါ ဆိုပြီးတော့ သူက ပြောသွားတယ်။”

အဲတော့ ရွာသားတွေက ဘယ်လို တုန့်ပြန်တာတွေ့လဲ။ -

“ရွာသားတွေက အဲဒီလို ပြောတော့ ပိုပြီး မကျေနပ်ဘူးပေါ့နော်။ ပြန်တော့ မပြောနိုင်ကြဘူးပေါ့။ ကျနော်တို့အဖွဲ့ချုပ်ကတော့ ဗဟိုကထုတ်တဲ့ စာရွက်သုံးရွက်ပေါ့နော်။ အများသိပြီးတဲ့အတိုင်း စာရွက်သုံးရွက်ကို ကျေးရွာတိုင်းကျေးရွာတိုင်းကို ရောက်အောင် ဖြန့်ဝေနေတယ်ပေါ့။ အဲဒီအခါမှာ တချို့ အနှောက်အယှက် ပေးတာတွေ ရှိတယ်။”

ဘယ်လိုပုံစံနဲ့ပေးတာလဲရှင့်။ -

“ဥပမာဆိုရင် အင်တော ကျေးရွာအုပ်စုက ဥက္ကဌ မောင်စိုးပေါ့နော်။ သူက ရွာသူရွာသားတွေကို ဘယ်အဖွဲ့အစည်းနဲ့မှ အဆက်အသွယ် မလုပ်ရဘူး။ ဘုန်းကြီးကိုလည်း ဘယ်အဖွဲ့ကိုမှ လက်မခံရဘူး ပေါ့နော်။ လက်ခံရင် ဒါကို အရေးယူမယ်ပေါ့နော်။ ဖမ်းဆီးခံရနိုင်တယ်။ အဲဒီလို ခြိမ်းခြောက်ထား တယ်။ ပြီးတော့ ကျနော်တို့အဖွဲ့ ရောက်လာတဲ့အခါကျတော့လည်း ရွာထဲကို ပေးမ၀င်ဘူး။ ရှင်းပြဖို့ ကိစ္စကို ပြောတဲ့အခါကျတော့လည်း သူတို့ ရှင်းပြပြီးသားဖြစ်တယ် ဆိုပြီးတော့ ရွာထဲကို အ၀င် မခံ ဘူးပေါ့။”

အခုလိုမျိုး ဒီ အဲန်အယ်လ်ဒီဖက်ကနေပြီးတော့ ဒီစာရွက်တွေ ဖြန့်တာကျတော့ရော ရွာသားတွေက ဘယ်လို လက်ခံကြလဲ။ -

"ရွာသားတွေက ကျနော် ခုနကဆိုရင်ပဲ ကျနော်တို့ သာမန်အဖွဲ့ဝင်တစ်ယောက်က စာရွက်တွေ ကျနော်တို့ မနေ့က ပေးလိုက်တာ ၁၀၀ ကျော် ပေးလိုက်တာ ကုန်သွားပြီ။ အဲဒီ ထပ်ပြီး လိုချင်ပါတယ် ဆိုပြီးတော့၊ ကျနော်တို့ လူလွှတ်ပြီး ပို့ပေးလိုက်မယ် ဆိုပြီးတော့ပေါ့နော်။ အဲဒါ သူတို့က လိုလိုလားလား တောင်းကြတယ်ပေါ့၊ ဒီစာရွက်တွေကို။ အဲဒီတော့ ရွာတစ်ရွာကဆိုရင် - ဘုရာ့းဗိုက်ဖောက်၊ သံဃာကို သတ်တဲ့သူတွေကို ထောက်ခံမဲ မပေးနိုင်ဘူး၊ ကန့်ကွက်မဲပဲ ပေးမယ်ဆိုပြီးတော့ သူတို့က သူတို့အလှည့်တော့ ရောက်ပြီ။ လွတ်လပ်စွာနဲ့ပေါ့နော် လျှို့ဝှက် မဲဆန္ဒပေးရမယ်ဆိုရင် ကန့်ကွက်မဲပေးကြဖို့ အဆင်သင့်ဖြစ်နေတယ် ဆိုပြီးတော့ ရေးတော့ - ကျေးရွာသားတွေကလည်း ကျနော်တို့ သိရသလောက်ဆိုရင် ၀န်ထမ်းအများစုကလည်း လျှို့ဝှက် မဲဆန္ဒပေးရမယ်ဆိုရင် ကန့်ကွက်မဲပေးမယ်။ နောက်ဆုံး တချို့ ရယက တွေဆိုရင်ပဲ ကန့်ကွက်မဲ ပေးဖို့ ကျနော်တို့နဲ့ ပြောဆိုတာတွေ ရှိတယ်။”

ဘာကို မဲဆန္ဒပေးကြရမယ်လို့ ကျေးရွာတွေကလူတွေက သိကြလားရှင့်။ -

“အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ စစ်အစိုးရနဲ့ မဲပြိုင်တယ်လို့ သူတို့က ထင်နေကြတာ။ ကျနော်တို့က တော့ မဟုတ်ဘူးပေါ့။ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ဆိုတဲ့ စာအုပ်ကြီးကို မဲပေးရတယ်။ ဒါကို မကြိုက်ဘူးဆိုလို့ရှိရင် ကန့်ကွက်မဲ ပေးကြ အဲဒီလိုပဲ ကျနော်တို့က ရှင်းပြရတာပေါ့ဗျာ။ အခုတော့ သူတို့က သဘောပေါက်ကြတဲ့အခါကျတော့ အချင်းချင်း တွေ့တဲ့အခါမှာ နှုတ်ဆက်တဲ့အခါမှာ လက်နှစ်ဖက်ကို ကြက်ခြေခတ်ပြီးတော့ နှုတ်ဆက်ကြတယ်။ လက်မထောင် နုတ်ဆက်ကြတယ်။ အခု နှုတ်ဆက်မှုလေးတွေက ယဉ်ကျေးမှုလေးတခုလို ဖြစ်နေတာပေါ့နော်။ မြို့ထဲမှာဆိုရင် အချင်းချင်း နှုတ်ဆက်ကြရင် လက်နှစ်ချောင်းကို ကြက်ခြေခတ်ပြီး နှုတ်ဆက်ကြတယ်။”

ဆက်စပ်သတင်းများ ...

XS
SM
MD
LG