သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မဲပေးခွင့်မရတဲ့ ထိုင်းနဲ့ဂျပန်ရောက် မြန်မာများဆန္ဒပြ


ဂျပန်နိုင်ငံရောက် မြန်မာ နိုင်ငံသား ၃၀၀ ခန့်က သံရုံးမှာ မဲပေးခွင့်မရတာကြောင့် သူတို့ဖာသာ မဲပုံးလုပ်ပြီး မဲထည့်မှု လုပ်ခဲ့ရာမှာ ဖွဲ့စည်းပုံကို ကန့်ကွက်တဲ့ မဲ ၂၀၀ ကျော် ရခဲ့တယ်လို့ ဆိုပါတယ်။ အကြောင်းစုံကိုတော့ ထိုင်း အခြေစိုက် သတင်းထောက် ဒေါ်အေးအေးမာက သတင်းပေးပို့ထားပါတယ်။

ဂျပန်နိုင်ငံရောက် မြန်မာ နိုင်ငံသားတွေက သူတို့နိုင်ငံရဲ့ ဖွဲ့စည်းပုံ အတည်ပြုနိုင်ရေးအတွက် မဲပေးခွင့် တောင်းဆိုတဲ့ ဒုတိယမြောက်နေ့မှာတော့ သံရုံးက သူတို့ကို လျှစ်လျူရှုတယ်ဆိုပြီး သံရုံးရှေ့မှာ မဲပုံးထောင်ပြီး မဲထည့်မှုလုပ်ခဲ့ပါတယ်။

“ကျနော်တို့က ကိုယ်ဖာသာကိုယ် မဲထည့်မှု လုပ်ခဲ့ပါတယ်။ နအဖရဲ့ ဒီဖွဲ့စည်းပုံ အခြေခံ ဥပဒေ မူကြမ်းကို ထောက်ခံသလား၊ ဒါမှမဟုတ် ကန့်ကွက်သလား ဆိုတာကို သူတို့ ထုတ်ပြန်ခဲ့တဲ့ မဲဆန္ဒပေးနဲ့ပတ်သက်တဲ့ နည်းဥပဒေမှာ ပါတဲ့ စာရွက်ပုံစံအတိုင်းကို ကျနော်တို့ ပြင်ဆင်ထားတာ ရှိပါတယ်။ အဲဒီအတိုင်းလည်း ဒီကနေ့ မနက်ရောက်လာတဲ့ မြန်မာပြည်သူပြည်သားတွေ အားလုံးကို ဝေပေးပါတယ်။ ပြီးတဲ့အခါကျတော့ မှတ်တမ်းအနေနဲ့ သူတို့ရဲ့ နံမည်၊ နိုင်ငံကူး လက်မှတ်နံပါတ်၊ အမျိုးသားမှတ်ပုံတင် နံပါတ်၊ ဒါမှမဟုတ် နိုင်ငံသား စိစစ်ရေးကဒ် နံပါတ်ကို ကျနော်တို့ အကုန် ရေးခိုင်းပါတယ်။ ဒါပြီးတော့ အဲလိုရေးပြီးတဲ့အခါမှာ သူတို့ရဲ့ ဆန္ဒအတိုင်း လွတ်လွတ်လပ်လပ် မဲထည့်လို့ ရအောင် နေရာသပ်သပ် စီစဉ်ထားပြီးတော့ သူတို့ မဲပေးကြပါတယ်။ အဲလို မဲပေးတဲ့ အခါမှာ နအဖရဲ့ လီဆယ်ကီးကြပ် ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေမူကြမ်းကို ထောက်ခံတဲ့ မဲက ၆ မဲ ရပါတယ်၊ ကန့်ကွက်တဲ့ မဲက ၂၂၄ မဲရပါတယ်။ ပယ်မဲ အဖြစ်နဲ့ နည်းနည်းပဲ ရှိပါတယ်။”

မဲထည့်မှု၊ မဲရေတွက်မှုတွေကို အများပြည်သူ ရှင်းရှင်းလင်းလင်း သိအောင်၊ သမာသမတ် ကျမှုရှိအောင် ဂျပန်နိုင်ငံက အလုပ်သမားသမဂ္ဂ ခေါင်းဆောင်တွေက အကူအညီ ပေးခဲ့တြတယ် လို့လည်း ဆိုပါတယ်။ ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားတွေကို မနေ့က ဂျပန်ရဲတွေက အကြမ်းဖက် လူစုခွဲလိုက်ပြီးတဲ့နောက် ဂျပန်နိုင်ငံက သတင်းစာမျက်နှာတွေမှာ ဝေဖန် မှုတွေ ထွက်ပေါ်ခဲ့ပါတယ်။ ဒီကနေ့မှာတော့ သံရုံးရှေ့ကို မကပ်နိုင်အောင် ဂျပန်ရဲတွေက စောစီးစွာ နေရာယူထားတာကလွဲရင် နှိမ်နင်းမှု၊ လူစုခွဲမှုတွေ မရှိဘူးလို့လည်း ဆိုပါတယ်၊ ဒီနေ့မှာတော့ မြန်မာသံရုံးရှေ့ကို လာတဲ့ လူအင်အားက ၃၀၀ ခန့်ရှိသလို မြန်မာသံရုံးက ဖိတ်ကြားခြင်း ခံထားရတဲ့ မဲပေးခွင့် ရှိသူတွေကလည်း သံရုံးထဲကို ဝင် ထွက်သွားလာမှုတွေ ရှိနေတယ်လို့လည်း ဆိုပါတယ်။ တချို့ကတော့ သံရုံးထဲမှာလည်း မဲထည့်ခဲ့ပြီး မဲထည့်ခွင့်မရတဲ့ မြန်မာတွေထောင်ထားတဲ့ မဲပုံးတွေထဲကိုလည်း မဲထည့် သွားကြတယ်လို့ ဆိုပါတယ်။ ဒီနေ့လှုပ်ရှားမှုကတော့ ကမ္ဘာကို ပြသချင်တဲ့ သတင်းစကားတခုသာ ဖြစ်ကြောင်း မြန်မာနိုင်ငံသားတဦးက အခုလို ပြောသွားပါတယ်။

“အဓိကပေးခဲ့တဲ့ Message က ဂျပန်ရောက်နေတဲ့ ဒီမြန်မာနိုင်ငံသားတွေထဲမှာ မဲပေးခွင့်မရတဲ့ မြန်မာနိုင်ငံသား အများကြီး ရှိတဲ့အကြောင်းကို၊ ဒီ Message ကို ကမ္ဘာကို သိအောင် ကျနော်တို့ ပြခြင်းပဲ ဖြစ်ပါတယ်။”

မနေ့က ဂျပန်ရဲတွေရဲ့ အကြမ်းဖက်ဖြိုခွဲမှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိတဲ့အထဲက ဆေးရုံတက်ခဲ့ရတဲ့ မမြဖြူပြာကိုလည်း ဂျပန်ရဲတွေရဲ့ လူစုခွဲနှိမ်နင်းမှု အခြေအနေကို မေးမြန်းကြည့်ခဲ့ပါတယ်။

“ဒီဂျပန်ရဲတွေက ထပ်ပြီးတော့ တွန်းလိုက်ဆွဲလိုက် လုပ်တဲ့အချိန်မှာ ကျမက လဲသွားပြီးတော့ အဲဒီအရှေ့မှာရှိတဲ့ သံတိုင်လေးတွေ ရှိတယ်၊ လုံး၀ မထနိုင်တော့ဘူး။ အဲဒီက လုံးဝမထနိုင်ဘဲနဲ့ ကျမကို တွဲခေါ်လာပြီးတော့ အရေးပေါ်ကား ခေါ်လိုက်ရတယ်။ အရေးပေါ်ကား ခေါ်လိုက်ပြီးတော့ ကျမ ဆေးရုံရောက်သွားတယ် ပေါ့နော်။ ဒူးခေါင်းမှာ တော်တော်ကြီးကို ဒဏ်ရာရပြီးတော့ ဆေးကုတယ်။ နောက်ပြီးတော့ အဲဒီ အရေးပေါ် ကားစီးရတဲ့ အစ်ကိုကြီး တယောက်ကတော့ လက်သန်းလေးပေါ့နော်၊ အဲဒီဟာ ကျိုးသွားတယ်။ ကျိုးသွားပြီးတော့ လက်ကလည်း ထောက်လို့ မရတော့ဘူး၊ ကျမ အသိတယောက်ကတော့ ခေါင်းထိသွားတယ်။”

ဂျပန်နိုင်ငံက မြန်မာသံရုံးရှေ့မှာတော့ မြန်မာနိုင်ငံသားတွေက ပတ်စ်ပို့စ်တွေ ကိုင်ဆောင်ပြီး မဲပေးခွင့်ရဖို့၊ အခြေခံ ဥပဒေမူကြမ်းကို ကန့်ကွက်ကြောင်း မဲပေးသူများကို ကန့်ကွက်မဲ ထည့်ဖို့ ၊ဂျပန်ရဲတွေရဲ့ လူစုခွဲနှိမ်နင်းမှုကို ကန့်ကွက်ကြောင်း၊ ဂျပန်အစိုးရအနေနဲ့ မြန်မာအစိုးရကို အားပေးတဲ့ လုပ်ရပ်တွေကို မလုပ်ဖို့ ကြွေးကြော်အော်ဟစ်ခဲ့ကြပါတယ်။

အလားတူပဲ ထိုင်းနိုင်ငံ ဘန်ကောက်မြို့က မြန်မာသံရုံးရှေ့မှာလည်း ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကန့်ကွက်တဲ့အနေနဲ့ လူ ၁၀၀ ခန့် ဆန္ဒပြခဲ့ကြပါတယ်။ သူတို့တွေလည်း မဲပေးခွင့် မရတဲ့အကြောင်း မြန်မာ့အရေးလှုပ်ရှားသူ ကိုဝီလျံချစ်စိန်က အခုလို ပြောသွားပါတယ်။

“ကျနော်တို့ဆီမှာ ကျနော်တို့ ဆန္ဒမဲပေးဖို့ သွားတဲ့အခါကျတော့ ပေးမဝင်ဘူး၊ ဝင်လည်း ပေးမကြည့်ဘူး အထဲကို။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့တွေက တရားဝင်လာတဲ့ လူတွေ မဟုတ်ဘူးပေါ့နော်။ တရားဝင်လာတဲ့ လူတွေမဟုတ်ဘူး။ အဲဒီတော့သူတို့က တရားဝင်လာတဲ့ လူတွေဆိုရင်တောင်မှ၊ ပတ်စ်ပို့စ်စာအုပ်နဲ့ လာတဲ့လူဆိုတာတောင်မှ သူတို့က အခွန်ဆောင်ပြီး ပြီးသား လူလား၊ အခွန်မဆောင်ရသေးတဲ့ သူဆိုရင် မဲပေးပိုင်ခွင့် မရှိဘူးပေါ့နော်။”

ဘန်ကောက်သံရုံးထဲကို မဲလာပေးသူတွေကိုတော့ တင်းတင်းကျပ်ကျပ် စစ်ဆေးမှုတွေ လုပ်နေတယ်လို့ ဆိုပါတယ်။ ဒါပေမယ့်လည်း ဘန်ကောက်မှာ ကျောင်းတက်နေတဲ့ ပတ်စ်ပို့စ် ကိုင်ဆောင်ထားတဲ့ မြန်မာ ကျောင်းသားကျောင်းသူ တချို့ကတော့ ကန့်ကွက်ဆန္ဒပြမှုမှာ ပါဝင် မှုတွေလည်း ရှိခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG