သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆန္ဒပြမည့်သတင်းများကြောင့် ရန်ကုန်မြို့တွင် လုံခြုံရေး တင်းကျပ်


စစ်အစိုးရကို ဆန့်ကျင် ကန့်ကွက်ပွဲတွေ ပြန်အသစ်ဖြစ်ပေါ်လာနိုင်တယ် ဆိုတဲ့ ကောလဟာလ သတင်းတွေကြောင့် ရန်ကုန်မြို့မှာ လုံခြုံရေးကို တင်းတင်း ကျပ်ကျပ် ချထားပါတယ်။

အဓိကရုဏ်း နှိမ်နင်းရေးရဲတွေနဲ့ အစိုးရ ထောက်ခံသူတွေဟာ နံပါတ်တုတ်တွေ ကိုင်ဆောင်ပြီး အဓိက လမ်းဆုံလမ်းခွတွေမှာ စောင့်နေကြတယ်လို့ အေပီ သတင်းတစ်ရပ်မှာ ဖော်ပြပါတယ်။ အဲဒီလို ချထားရာမှာ မြန်မာလူမျိုးတွေ အထွဋ်အမြတ်ထားတဲ့ ရွေတိဂုံစေတီတော်လည်း ပါဝင်ပါတယ်။

ဒီအချိန်မှာပဲ နိုင်ငံရပ်ခြားမှာတော့ ဆန္ဒပြပွဲတွေ ဖြစ်ပေါ်နေပါပြီ။ မြန်မာနိုင်ငံမှာ နောက်လပြုလုပ်မယ့် လူထုဆန္ဒခံယူပွဲကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေကို မြန်မာ လှုပ်ရှားတက်ကြွသူတွေက ထိုင်းနိုင်ငံနဲ့ စင်္ကာပူနိုင်ငံတွေမှာ လုပ်ခဲ့ကြပါတယ်။

ထိုင်းနိုင်ငံ၊ ဘန်ကောက်က မြန်မာသံရုံးရှေ့မှာ တနင်္ဂနွေနေ့က လှုပ်ရှားတက်ကြွသူ ၁၀၀ လောက်က ဆန္ဒပြခဲ့ကြပါတယ်။

မြန်မာ့ဒီမိုကရေစီရေး ထိုင်းနိုင်ငံ ပူးတွဲလှုပ်ရှားမှုကော်မီတီက စည်းရုံး လှုပ်ရှား ခဲ့တဲ့ ဆန္ဒပြပွဲမှာ လှုပ်ရှားတက်ကြွသူတွေက မေလ ၁၀ ရက် လူထုဆန္ဒခံယူပွဲ ကို ဆန့်ကျင်တဲ့ ကြွေးကြော်သံတွေ တိုင်ခဲ့ကြပါတယ်။ ဆန္ဒပြပွဲ စည်းရုံးသူတွေက ဆန္ဒခံယူပွဲကို စစ်ဗိုလ်ချုပ်ကြီးတွေ အာဏာတည်မြဲဖို့အတွက် ကြံစည်တဲ့ ပရိယာယ်တစ်ရပ်အဖြစ် ပြောကြပါတယ်။

စင်္ကာပူနိုင်ငံမှာတော့ နိုး စာတမ်းပါ တီရှပ်တွေ ဝတ်ထားကြတဲ့ ရာချီတဲ့ ဆန္ဒပြသူတွေ မြန်မာသံရုံးရှေ့မှာ ဆန္ဒပြကြပါတယ်။

ထိုင်းနဲ့ စင်္ကာပူမှာ ဆန္ဒပြပွဲတွေက ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်ခဲ့ပါတယ်။

ဖွဲ့စည်းအုပ်ချုပ်ပုံ အသစ်နဲ့ပတ်သက်ပြီး စစ်ခေါင်းဆောင်တွေက မေလ ၁၀ ရက်နေ့မှာ ဆန္ဒခံယူပွဲကျင်းပဖို့ စီစဉ်ထားပါတယ်။ ဖွဲ့စည်းအုပ်ချုပ်ပုံအရ၊ ၂၀၁၀ မှာ ရွေးကောက်ပွဲ ဖြစ်ပေါ်လာလိမ့်မယ်လို့ စစ်အစိုးရကဆိုပါတယ်။ ဒါပေမဲ့ အတိုက်အခံတွေကတော့ ဖွဲ့စည်းအုပ်ချုပ်ပုံဟာ နိုင်ငံရေးမှာ စစ်တပ်ရဲ့ အခန်း ကဏ္ဍကို ခိုင်မာအောင် လုပ်ထားတာလို့ ပြောကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG