သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်လွှတ်တော် ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ Idiom အသုံးအနှုန်းများ အပိုင်း - ၂


Throw your hat in the ring

လေးနှစ်တကြိမ် အမေရိကန်သမ္မတရွေးကောက်ပွဲတွေ ကျင်းပ တော့မယ် ဆိုရင် လက်ရှိသမ္မတသက်တမ်းရဲ့ တဝက် ကတည်းကိုက ဒီမိုကရက် နဲ့ ရီပတ်ပလစ်ကန် နှစ်ပါတီတို့က နိုင်ငံရေးလောကမှာ ငွေအင်အားရော၊ လူအင်အားရော၊ စိတ်ဓာတ်အင်အားရော တောင့်တင်းတဲ့ ပုဂ္ဂိုလ်တွေက မြေစမ်းခရမ်းပျိုး လှုပ်ရှားကြလေ့ရှိပါတယ်။

သေသေချာချာ လေ့လာစဉ်းစားပြီး နိုင်ချေရှိတယ်လို့ သူတို့ယူဆကြရင် ကိုယ့်ပါတီရဲ့ သမ္မတ ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ရွေးချယ်ခံဖို့ စိတ်ပိုင်းဖြတ် ကြပြီး လူသိရှင်ကြား ထုတ်ဖော်ပြောကြားလေ့ရှိပါတယ်။

ဒီနှစ်မှာတော့ ဒီမိုကရက်ပါတီက အထက်လွှတ်တော်အမတ်တွေဖြစ်ကြတဲ့ ဟေလာရီ ကလင်တန် (Hillary Clinton) ၊ဘားရက်ခ် အိုဘားမား (Barack Obama) ၊ ဂျိုးဘိုင်ဒန် (Joe Biden) ၊ တောင်ကယ်ရိုလိုင်းနားပြည်နယ် အထက်လွှတ်တော်အမတ်ဟောင်း ဂျွန် အက်ဒ်ဝပ်စ် (John Edwards) အပြင် နယူးမက္ကစီကို ပြည်နယ်၏ ပြည်နယ်အုပ်ချုပ်ရေးမှူး ဘေလ် ရီချတ်စန် (Bill Richardson) တို့ ပါဝင်ခဲ့ကြပြီး ရီပတ်ပလစ်ကန်တို့ဘက်ကတော့ နယူးယောက်ခ်မြို့တော်ဝန်ဟောင်း ရူးဒေါ့ ဂျူလီယာနီ (Rudolph W. Guiliani)၊ အာကန်ဆောပြည်နယ်က ပြည်နယ်အုပ်ချုပ်ရေးမှူး မိုက် ဟာကဘီ (Mike Huckabee) စသဖြင့်တို့ ပါဝင်ကြတာ သောတရှင်များ သိကြမှာပါ။

သူတို့ အခုလို ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ ဆုံးဖြတ်တဲ့အခါ ကြေညာရင် ရည်ညွှန်းပြီး အသုံးပြုတဲ့ Idiom ကတော့ - Throw your hat in the ring ဆိုတာပဲဖြစ်ပါတယ်။

စာလုံးပေါင်းက - Throw ကတော့ ပစ်တာ၊ Your သင်၏၊ Hat က ဦးထုပ်၊ In အထဲမှာ၊ The Ring ကတော့ လက်ဝှေ့ကြိုးဝိုင်းလို့ လုံးကောက်အဓိပ္ပါယ်ရတဲ့ အတွက် စာပိုဒ်တခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်ကတော့ ကိုယ့်ရဲ့ဦးထုပ်ကို လက်ဝှေ့ကြိုးဝိုင်းထဲ ပစ်သွင်းလိုက်တယ်ဆိုတာပါပဲ။

ဒီအသုံးကို ကြေးစားလက်ဝှေ့သမားတွေက တနေရာကနေ တနေရာ လက်ဝှေ့ ထိုးမယ့်သူ ရှာဖွေရာမှာ ဒေသခံတဦးက သူ ဝင်ယှဉ်ပြိုင်ထိုးသတ်မယ် လို့ ဆုံးဖြတ်ရင် သူ ဆောင်းထားတဲ့ဦးထုပ် ကို လက်ဝှေ့ကြိုးဝိုင်းထဲ ပစ်သွင်းလိုက်တဲ့ ဓလေ့ကနေ ဆင်းသက် လာတာပါ။

Idiom သဘောကတော့ ဒီပွဲမှာ ငါပါမယ်ဟေ့ဆိုတဲ့သဘောပါ။ တနည်းအားဖြင့်တော့ ခုခေတ်မှာတော့ ဝင်ယှဉ်ပြိုင်ဖို့ အဆင်သင့်ရှိပြီဆိုတာကို ကြေညာခြင်းဖြစ်ပါတယ်။ ဒီအသုံးနဲ့ ပတ်သက်လို့ George Grow ပေးတဲ့ ဥပမာကို နားဆင်ကြည့်ကြရအောင်။

“A former senator from North Carolina John Edwards was one of the first democrats to throw his hat in the ring for this year’s presidential election. However, he has now withdrawn his bid because he did not get enough support in the primaries.”

မြောက်ကယ်ရိုလိုင်းနားပြည်နယ်က အထက်လွှတ်တော်အမတ်ဟောင်းဖြစ်တဲ့ ဂျွန် အက်ဒ်ဝပ်စ် ဟာ ဒီနှစ်ကျင်းပတဲ့ သမ္မတရွေးကောက်ပွဲမှာ ဝင်ယှဉ်ပြိုင်နိုင်ဖို့ ဒီမိုကရက်တွေဘက်က ပထမဦးဆုံးထုတ်ပြန်ကြေညာတဲ့ သူတွေအနက် တဦးပါ။ ဒါပေမဲ့ ပဏာမရွေးကောက်ပွဲအတွင်းမှာ သူ့အပေါ် ထောက်ခံမှု အလုံအလောက်မရရှိခဲ့လို့ ခုတော့ သူယှဉ်ပြိုင်ဖို့ ကြိုးစားချက်ကနေ ပြန်ရုပ်သိမ်းလိုက်ပြီလို့ အဓိပ္ပါယ်ရပါတယ်။

ဒုတိယတင်ပြမယ့် Idiom အသုံးကတော့ - Advance Man ဆိုတာပါပဲ။

Advance က ရှေ့ကိုတိုးတာ၊ Man လူပုဂ္ဂိုလ်လို့ လုံးကောက်အဓိပ္ပါယ်ရ တဲ့အတွက် စကားပိုဒ်တခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်ကတော့ ရှေ့ကိုချီတဲ့သူတဦးပေါ့ရှင်။ Idiom အဓိပ္ပါယ် ကတော့ ဒီလိုပါ။ သမ္မတလောင်းအဖြစ် ဝင်ပြီးရွေးချယ်ခံဖို့ မဲများရရှိနိုင်ဖို့ ပါတီတွင်းပဏာမ ရွေးကောက်ပွဲတွေမှာ ကြိုတင်စီစဉ်မှုတွေကို တာဝန်ယူထုတ်လုပ်ပေးသူဟာ Advance Man ပဲဖြစ်ပါတယ်။

သူဟာ တနည်းဆိုရင် သမ္မတလောင်းကိုယ်စားလှယ်တဦးအတွက် လက်ရုံးပဲပေါ့။ သူဟာ ဒေသခံပါတီခေါင်းဆောင်တွေနဲ့ ဆက်သွယ်၊ လူအုပ်ကောင်းရလေအောင် အစီအစဉ်တွေပြုလုပ်၊ တီဗွီရုပ်သံလွှင့်ဌာနတွေနဲ့ ဆက်သွယ်ပြီး တွေ့ဆုံမေးမြန်းခန်းတွေ စီစဉ်ပေးနဲ့ စည်းရုံးလှုပ်ရှားသူ တဦးဖြစ်ပါတယ်။

နိုင်ငံရေးမဲဆွယ်လှုပ်ရှားရာမှာ ရှေ့ပြေးတာဝန်ယူလုပ်ဆောင်ပေးတဲ့ သူတဦးဟာ ကိုယ်စားလှယ်လောင်းတဦးအတွက် ဘယ်လောက်တန်ဖိုး ရှိမလဲဆိုတာကို သောတရှင်များ စဉ်းစားပဲကြည့်နိုင်ပါတယ်။ ဒီအသုံးနဲ့ပတ်သက်လို့ George Grow ပေးတဲ့ဥပမာကို နားဆင် ကြည့်ကြရအောင်။

“A good advance man has to make friends in a hurry with people he has never met before. And, be able to remember a hundred details. And he has to keep going on hamburger and four hours of sleep a night.”

ကိုယ်စားလှယ်တဦးရဲ့ အားကိုးရတဲ့ လက်ရုံးတဦးဟာ သူတခါမှ မတွေ့ဖူးတဲ့သူတွေ နဲ့လည်း အချိန်ရှာပြီး ခင်မင်အောင် ပေါင်းသင်းတတ်ရမယ်။ ရာနဲ့ချီရှိတဲ့ အသေးစိတ်အချက်အလက် တွေကိုလည်း မှတ်မိရမယ်။ ဟမ်ဘာဂါ ဆိုတဲ့ အသားညှပ်ပေါင်မုန့်ကိုပဲ စားပြီးတင်းတိမ်နိုင်ရမယ်။ တနေ့ ၄ နာရီပဲ အိပ်တဲ့ အခြေအနေကိုလည်း ခံနိုင်ရည်ရှိရမယ်လို့ အဓိပ္ပါယ်ရပါတယ်။

အခုနောက်ဆုံးတင်ပြပေးမှာကတော့ Favorite Son ဆိုတာပဲဖြစ်ပါတယ်။

စာလုံးပေါင်းက - Favorite နှစ်ခြိုက်တာ၊ မျက်နှာသာရတာ၊ Son ကတော့ သားဖြစ်ပါ တယ်။ စကားပိုဒ်တခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်ကတော့ မျက်နှာသာရတဲ့သား၊ အချစ်ဆုံးသား ပေါ့ရှင်။

Idiom သဘောကတော့ ပါတီတွင်း ပဏာမရွေးကောက်ပွဲမှာ ဇာတိသားက အဲဒီပြည်နယ် မှာ ပြန်ရွေးချယ်ခံမယ် ဆိုရင် သူဟာ ဇာတိသား ဒေသခံဖြစ်တဲ့အတွက်ကြောင့်လည်း အဲဒီပြည်နယ် က သူ့ကို ပြန်ရွေးဖို့ သေချာသလောက်ရှိတဲ့ ပုဂ္ဂိုလ်မျိုး ဖြစ်ပါ တယ်။ အဲဒီလို ပုဂ္ဂိုလ်မျိုးကို Favorite Son လို့ ရွေးကောက်ပွဲမှာ ရည်ညွှန်းပြောလေ့ရှိပါတယ်။

ဒါ့အပြင် ရွေးကောက်ပွဲနဲ့ မဆိုင်တဲ့ အဓိပ္ပါယ်နောက်တခုကတော့ ကိုယ့်ဇာတိသား တဦးဦးက တခုခုမှာ ထူးချွန်အောင်မြင်တယ်ဆိုရင် အဲဒီဒေသကနေ သူ့အပေါ်ကို ဂုဏ်ယူ ပြီး ပြောဆိုလေ့ရှိတဲ့ ပုဂ္ဂိုလ်မျိုးကိုလည်း Favorite Son ဆိုပြီးတော့ ရည်ညွှန်းသုံးလေ့ ရှိပါ တယ်။

ဒီအသုံးနဲ့ပတ်သက်လို့ George Grow ပေးတဲ့ ဥပမာကို နားဆင်ကြည့်ကြရအောင်။

“In February Senator Obama claimed a key victory in the democratic primary election in his home state of Illinois, where he is often referred to as a favorite son.”

ဖေဖော်ဝါရီလတုန်းက အထက်လွှတ်တော်အမတ် အိုဘားမားအနေနဲ့ သူ့ရဲ့ဇာတိ မြေဖြစ်တဲ့ အီလီနွိုက်စ်ပြည်နယ်မှာ ကျင်းပခဲ့တဲ့ ဒီမိုကရက်ပါတီရဲ့ ပဏာမရွေးကောက်ပွဲ မှာ သိသိသာသာ အနိုင်ရလိုက်တယ်။ သူူဟာ အဲဒီပြည်နယ်ပေါက်ဆိုတော့ မျက်နှာသာပေး ခံရသူတဦးပေါ့လို့ အဓိပ္ပါယ်ရပါတယ်။

သောတရှင်တွေကို ဒီကနေ့ တင်ပြခဲ့တဲ့ Idiom အသုံးတွေကတော့ Throw your hat in the ring, Advance Man, Favorite Son တို့ဖြစ်ကြပါ တယ်။ နောက်သီတင်းပတ် အခုလို အချိန်မျိုး မှာလည်း ရွေးကောက်ပွဲတွေနဲ့ ပတ်သက်တဲ့ Idiom အသုံးတွေကို ဆက်ပြီး တင်ပြပေးဦးမှာမို့ စောင့်မျှော်နားဆင်ကြပါရှင်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG