သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာဝန်ကြီးချုပ် ထိုင်းနိုင်ငံ ချစ်ကြည်ရေးခရီးစတင်


မြန်မာစစ်အစိုးရရဲ့ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး
သိန်းစိန် အလည်အပတ်ခရီးစဉ်အဖြစ်
ရောက်ရှိလာတဲ့ ထိုင်းနိုင်ငံမှာ အိမ်ရှင်
ဝန်ကြီးချုပ်က ရင်းရင်းနှီးနှီး လက်ခံတွေ့ဆုံ
နေပါတယ်။ ခရီးစဉ်အတွင်း နှစ်နိုင်ငံ
နိုင်ငံရေး၊ စီးပွားရေးကိစ္စတွေကို ဆွေးနွေးဖို့ ရှိတယ်လို့ဆိုပေမယ့် ထိုင်းနိုင်ငံက မြန်မာ
စစ်အစိုးရနဲ့ အခုလို နီးနီးကပ်ကပ် ဆက်ဆံ
နေတာတွေဟာ ရေတိုအကျိုးစီးပွားတွေကို
သာ မျှော်ကိုးဆောင်ရွက်မှုတွေအဖြစ် အကဲ
ခတ်တွေက ယူဆကြတာပါ။ အကြောင်းစုံကို ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။

ထိုင်းဝန်ကြီးချုပ် ဆမတ် ဆွန်ထရာဝေး
(Samak Sundaravej) ရဲ့ ဖိတ်ကြားချက်အရ မြန်မာစစ်အစိုးရ ဝန်ကြီးချုပ်
ဗိုလ်ချုပ်ကြီးသိန်းစိန် ထိုင်းနိုင်ငံကို ဒီကနေ့ပဲ ရောက်လာတာပါ။ တကယ်တော့ မြန်မာ
စစ်အစိုးရက အခြေခံဥပဒေကို အတည်ပြုနိုင်ဖို့ လူထုဆန္ဒခံယူပွဲတရပ်ကို တနိုင်ငံလုံး
အတိုင်းအတာနဲ့ ကျင်းပခါနီးအချိန်လည်းဖြစ်တာမို့ အစဉ်အလာအရဆိုရင် ဒီလိုအခြေ
အနေမျိုးမှာ မြန်မာနိုင်ငံကို နိုင်ငံတကာဧည့်သည်တွေ လာတာကို လက်မခံလေ့
ရှိသလို ပြည်ပခရီးစဉ်တွေကိုလည်း ရှောင်ရှားလေ့ရှိတာပါ။ ဒါပေမယ့်လို့ ဒီတကြိမ်မှာ
တော့ နိုင်ငံရေး၊ စီးပွားရေး အားကိုးအားထားရဖို့အတွက် ထူးထူးခြားခြားရောက်လာ
တဲ့ ပြည်ပခရီးစဉ်အဖြစ် ထိုင်းနိုင်ငံအခြေစိုက် မြန်မာ့အရေးစောင့်ကြည့်လေ့လာနေသူ
ကိုဝင်းမင်းကတော့ ယူဆပါတယ်။

“ဒီအချိန်ရွေးလာတာ ထူးခြားပါတယ်။ အဓိကကတော့ လူထုဆန္ဒခံယူပွဲ မတိုင်ခင်နဲ့ လူထုဆန္ဒခံယူပွဲအပြီးမှာ ရလဒ်က ထောက်ခံတာပဲဖြစ်ဖြစ်၊ ကန့်ကွက်တာပဲဖြစ်ဖြစ် နအဖဆက်သွားမယ့်အပေါ်မှာ ထိုင်းနိုင်ငံအနေနဲ့ ထောက်ခံဖို့ပေါ့။ အထူးသဖြင့် ကန့်ကွက်ခံရရင်လည်း နအဖအနေနဲ့ ဆက်ပြီးသွားမယ့်ခရီးစဉ်မှာ မြန်မာနိုင်ငံအပေါ်
မှာ ဖိအားအရမ်းမပေးဖို့၊ ဆိုလိုတာက အခု ထိုင်းနိုင်ငံရပ်တည်တဲ့ ပေါ်လစီအတိုင်း
သွား၊ မြန်မာ့နိုင်ငံရေးဟာ ပြည်တွင်းရေးသာဖြစ်တယ်ဆိုတာမျိုး ပြောစေချင်တဲ့
အတွက် လာစည်းရုံးတာပဲဖြစ်ပါတယ်။ အဲဒါက အဓိကအချက်ဖြစ်နိုင်တယ်။
ဘာကြောင့်လဲဆိုတော့ လာတဲ့အချိန်က မြန်မာနိုင်ငံထဲမှာ အလုပ်များတဲ့အချိန်မှာမှ
တမင်သက်သက် အခုလိုရွေးလာတဲ့အတွက်ပေါ့။

“ဒုတိယအနေနဲ့က မြန်မာနိုင်ငံမှာ စီးပွားရေးကကျလာတဲ့အပြင် အနောက်နိုင်ငံတွေက စီးပွားရေးပိတ်ဆို့တာတွေ၊ ဖိအားပေးတာတွေ လုပ်လာတယ်။ ရှေ့မှာလည်း ထပ်လုပ်ဖို့ အလားအလာတွေရှိတယ်။ အဲဒါတွေကို ကာကွယ်နိုင်ပြီး မြန်မာနိုင်ငံအနေနဲ့ ဆက်ပြီး
စီးပွားရေးအရ ရှင်သန်နိုင်ဖို့ အနောက်နိုင်ငံဖိအားတွေကနေ သက်သာအောင်ဆိုပြီး
အခုလို နှစ်နိုင်ငံအတွင်းမှာ စီးပွားရေးပိုမိုပူးပေါင်းဆောင်ရွက်ဖို့အတွက် အခုလို လာရခြင်းဖြစ်ပါတယ်။”

အခုခရီးစဉ်အတွင်း နှစ်နိုင်ငံကြား မူးယစ်ဆေးဝါးမှောင်ခိုမှုပြဿနာ၊ တရားမဝင်
နိုင်ငံတွင်းဝင်ရောက်လာသူတွေ ကိစ္စတွေကို ဆွေးနွေးကြဖို့ရှိသလို စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုအဖြစ် မြန်မာနိုင်ငံထဲမှာ ထိုင်းနိုင်ငံက စိုက်ပျိုးရေးလုပ်ငန်းတွေလုပ်ကိုင်
ဖို့ သဘောတူညီချက်တရပ်ကိုလည်း လက်မှတ်ရေးထိုးဖို့ ရှိတဲ့အကြောင်း ထိုင်း
နိုင်ငံခြားရေးဝန်ကြီးဌာန ကြေညာချက်တရပ်က ဆိုပါတယ်။ ဒီလိုအခြေအနေမျိုးမှာ
ထိုင်းအစိုးရရဲ့ မြန်မာနိုင်ငံအပေါ်ထားတဲ့ သဘောထားဟာ စီးပွားရေးအကျိုးအမြတ်ကို
သာ ရှေ့တန်းတင်ထားတယ်လို့ ကိုဝင်းမင်းက မြင်ပါတယ်။

“ထိုင်းနိုင်ငံက မြန်မာနိုင်ငံရဲ့ အဓိကရင်းနှီးမြှုပ်နှံသူဖြစ်ပါတယ်။ အဓိကကုန်သွယ်ဘက်
နိုင်ငံလည်း ဖြစ်ပါတယ်။ ထိုင်းနိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုက မြန်မာနိုင်ငံမှာ ရာခိုင်နှုန်းအရ
အများဆုံးလို့ ကျနော်ထင်တယ်။ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုအားလုံးရဲ့ ၅၀% ပတ်ဝန်း
ကျင်လောက်က ထိုင်းနိုင်ငံက ရင်းနှီးမြှုပ်နှံထားတာ ဖြစ်ပါတယ်။ အထူးသဖြင့် မြန်မာ
နိုင်ငံက နိုင်ငံတကာအပေါ်မှာ ငွေကြေးရဖို့ အဓိကထားတဲ့ သဘာဝဓာတ်ငွေ့နဲ့ လောင်စာကဏ္ဍမှာဆိုရင် ထိုင်းနိုင်ငံက တော်တော်များများ ရင်းနှီးမြှုပ်နှံထားတာ
ဖြစ်ပါတယ်။ ကျနော့်အမြင်အရ လက်ရှိထိုင်းအစိုးရက စီးပွားရေးအကျိုးအမြတ်ကိုပဲ အဓိကထားမှာဖြစ်ပါတယ်။”

အခုဆိုရင် ဧည့်သည် မြန်မာဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်ကို အိမ်ရှင် ထိုင်းဝန်ကြီး
ချုပ်က ကိုယ်တိုင်ကိုယ်ကျ ညစာချက်ပြုတ်ကျွေးမွေး ကြိုဆိုတဲ့သတင်းတွေကို နိုင်ငံ တကာသတင်းတွေမှာ ကြားနေ မြင်နေကြရတာပါ။ အခုခရီးစဉ်မတိုင်ခင် အစောပိုင်း
ကလည်း မြန်မာနိုင်ငံမှာ ရှေ့လ ၁၀ ရက်နေ့ကျရင် ကျင်းပဖို့ရှိတဲ့ လူထုဆန္ဒခံယူပွဲဟာ ဒီမိုကရေစီအတွက် ရှေ့ခြေလှမ်းတရပ်အဖြစ် ထိုင်းနိုင်ငံခြားရေးဝန်ကြီး နိုပဒွန် ပထမ
(Nopidon Pattama) က မှတ်ချက်ပေး ပြောဆိုထားတာလည်း ရှိပါတယ်။ နိုင်ငံတကာ
အသိုင်းအဝိုင်းက ဝေဖန်တာတွေ ခံနေရတဲ့ မြန်မာစစ်အစိုးရနဲ့ ဒီလို ထိုင်းနိုင်ငံက
နိုင်ငံရေး၊ စီးပွားရေး ဆက်ဆံမှုတွေ နီးနီးကပ်ကပ် ဆက်ဆံနေတာဟာ ထိုင်းနိုင်ငံ
အတွက် နိုင်ငံတကာဆက်ဆံရေးမှာ တကယ်တမ်း အကျိုးအမြတ် ရှိနိုင်မယ်လို့တော့
ကိုဝင်းမင်းက မယုံကြည်ပါဘူး။

“နိုင်ငံတကာရဲ့ ဝေဖန်မှုတွေကိုတော့ ထိုင်းနိုင်ငံက ခံရမှာဖြစ်ပါတယ်။ ဒါပေမယ့်
ထိုင်းနိုင်ငံရဲ့ လက်ရှိ နိုင်ငံခြားရေးပေါ်လစီက ဒီမိုကရေစီရေးတို့၊ လူ့အခွင့်အရေး
တို့ထက်စာလို့ရှိရင် စီးပွားရေးအပေါ်မှာ အခြေခံထားတဲ့ ပေါ်လစီဖြစ်တဲ့အတွက် အဲဒီ
ပေါ်လစီကိုပဲ သူတို့ ထုတ်ပြောထားပြီးသား ဖြစ်ပါတယ်။ အထူးသဖြင့် ဝန်ကြီးချုပ်
ဆမတ်အနေနဲ့ နိုင်ငံအတွင်းမှာလည်း ကြီးမားတဲ့ မဂ္ဂါပရောဂျက်ကြီးလို လုပ်မယ်ဆိုရင် လူ့အခွင့်အရေးအဖွဲ့တွေက ဘယ်လောက်ပဲ သူ့ကိုဖိအားပေးပေး ဂရုမစိုက်ဘူးဆိုပြီး သူပြောထားဖူးတာ ရှိပါတယ်။ အဲဒါကိုကြည့်မယ်ဆိုရင် ကျနော့်အမြင်က နိုင်ငံတကာ ဆက်ဆံရေးမှာလည်း ပြည်တွင်းမှာသုံးတဲ့ ပေါ်လစီလိုပဲ စီးပွားရေးအကျိုးအမြတ်ကိုပဲ
အဓိကထား ဦးစားပေးမှာဖြစ်ပါတယ်။ နိုင်ငံရေးအရ နိုင်ငံတကာက ပြောလာတာကို
သိပ်ပြီး ဂရုစိုက်မယ့် အနေအထားမျိုး မရှိပါဘူး။”
ထိုင်းနိုင်ငံအခြေစိုက် မြန်မာ့အရေး စောင့်ကြည့်လေ့လာနေသူ ကိုဝင်းမင်းပါ။

ဧည့်သည်မြန်မာဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်ဟာ မနက်ဖြန်မှာတော့ ထိုင်းဝန်ကြီး
ချုပ်နဲ့ တရားဝင် စကားပြောဆိုဖို့ရှိပြီး ထိုင်းနိုင်ငံခြားရေးဝန်ကြီး အစောပိုင်းက
ပြောဆိုထားသလို မြန်မာစစ်အစိုးရရဲ့ လူထုဆန္ဒခံယူပွဲနဲ့ပတ်သက်လို့ ဆွေးနွေးဖွယ်ရာ
လည်း ရှိပါတယ်။ မနက်ဖြန် ဒီလိုတွေ့ဆုံအပြီးမှာတော့ ထိုင်းဘုရင်မင်းမြတ်နဲ့ တွေ့ဆုံဖို့
လည်း ရှိပြီးတော့ ကြာသပတေးနေ့ ခရီးစဉ်အဆုံးမသတ်ခင်မှာတော့ ထိုင်းနိုင်ငံ
မြောက်ပိုင်း ချင်းရိုင်းဒေသက ဘုရင်မင်းမြတ်ရဲ့ စိုက်ပျိုးရေးစီမံကိန်းတွေကို
သွားရောက်ကြည့်ရှုမှာလည်း ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG