သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စီးပွားရေးအခက်အခဲ ဖြေရှင်းရေး အရေးယူဆောင်ရွက်ဖို့ ကွန်ဂရက်စ်ကို သမ္မတဘုရှ် တိုက်တွန်း


အမေရိကန်ပြည်ထောင်စုအနေနဲ့ စီးပွားရေးအရ ခက်ခဲတဲ့အချိန်ကို ရင်ဆိုင်နေရတယ်လို့ အမေ ရိကန်သမ္မတဘုရှ်က ပြောပါတယ်။ အမေရိကန် ကွန်ဂရက်စ်လွှတ်တော်အနေနဲ့ ဒီလို စီးပွားရေး အကျပ်အတည်းတွေကို အရေးယူဆောင်ရွက်မှု
မရှိတဲ့အတွက် အခြေအနေ ပိုပြီးဆိုးတာလို့လည်း
ပြောပါတယ်။ သမ္မတဘုရှ် သတင်းစာရှင်းလင်းပွဲ
ကျင်းပတဲ့ အိမ်ဖြူတော်ကနေ မိုက်ကယ်လ်
ဘိုးမန်းန် (Michael Bowman) ဘယ်လို သတင်းပေးပို့ထားပါသလဲ။ ကိုသိန်းထိုက်ဦး
ဆက်ပြီး ပြောပြပေးပါ။

အမေရိကန်ပြည်ထောင်စုရဲ့ စီးပွားရေးအခြေအနေ နှောင့်နှေးနေမှုတွေက စီးပွားရေး အသုံးအနှုန်းအရ ဆုပ်ကပ်ဆိုက်တယ်ဆိုတာမျိုး သုံးနှုန်းလို့ရမရဆိုတာတော့ သူ့အနေနဲ့
မသိဘူးလို့ အမေရိကန်သမ္မတဘုရှ်က ပြောပါတယ်။ ဒါပေမယ့်လည်း အမေရိကန်တွေ
ဟာ လောင်စာဓာတ်ဆီနဲ့ စွမ်းအင်ဈေးနှုန်းတွေ တက်လာနေတာတွေ၊ အစား
အသောက်ဈေးတွေ ခုန်တက်နေတဲ့ အခြေအနေနဲ့ အိမ်ယာဈေးတွေကျ၊ အကြွေးနှုန်း အကျပ်အတည်းတွေနဲ့ ရုန်းကန်နေရပြီဆိုတာ သံသယမရှိပါဘူးလို့ ပြောပါတယ်။

“ကျနော်တို့ တိုင်းပြည်တဝှမ်းလုံး အမေရိကန် တော်တော်များများ သူတို့ငွေစာရင်းကို လာပြီးထိခိုက်ခဲ့တဲ့ အခြေအနေကို စိုးရိမ်နေကြတယ်ဆိုတာ နားလည်ပါတယ်။
ဓာတ်ဆီဈေးတွေ၊ အစားအသောက်ဈေးတွေကနေ အိမ်ယာဈေးနဲ့ ကျောင်းလခတွေ
အထိ ထိခိုက်မှာကို ကြောက်နေကြပါတယ်။”

အိမ်ဖြူတော် နှင်းဆီဥယျာဉ်ထဲမှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ သမ္မတဘုရှ်က အမေရိကန်အစိုးရအနေနဲ့ အမေရိကန်ပြည်သူတွေ စီးပွားရေးအရ မထိခိုက်အောင်၊
ရေရှည် စွမ်းအင်လိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်အောင် အဆိုပြုကမ်းလှမ်းချက်တွေ ဆက်တိုက်လုပ်ခဲ့တယ်လို့ ပြောပါတယ်။ ဒါပေမယ့်လည်း ကွန်ဂရက်စ်လွှတ်တော်က
ထပ်ပြီး အခွန်လျှော့ချရေးနဲ့ အမေရိကန် ရေနံချက်စက်ရုံတွေက နောက်ထပ် ရေနံတွေ
ထပ်ပြီး တိုးထုတ်လုပ်ဖို့ကိစ္စတွေကို ကန့်ကွက်ထားခဲ့တယ်လို့ ပြောပါတယ်။

အန်န်ဝါ (ANWAR) လို့ခေါ်တဲ့ အလပ်စ်ကာ (Alaska) ပြည်နယ်ထဲက သဘာဝဘေးမဲ့
တောထဲမှာ ရေနံထုတ်လုပ်ရေးကိစ္စကို ကွန်ဂရက်စ်က ကန့်ကွက်နေခဲ့တဲ့ကိစ္စကို
သမ္မတဘုရှ်က အဓိက ဝေဖန်ပြောဆိုသွားတာပါ။

“ကွန်ဂရက်စ်လွှတ်တော်အမတ်တွေက နိုင်ငံခြားတိုင်းပြည်တွေကို ရေနံထုတ်လုပ်မှု
တွေ ပိုပြီးလုပ်ဖို့ အသံကျယ်ကျယ်နဲ့ ပြောခဲ့ကြပါတယ်။ ကျနော်တို့တိုင်းပြည်အတွင်းမှာ
လည်း ထုတ်လုပ်မှုတွေ တက်လာအောင် တိုးချဲ့လုပ်ဖို့ အတိုက်အခံတွေကြိုးစားဖို့ ဒီလို
ပြောဆိုဖို့ လိုပါတယ်။ အန်န်ဝါမှာ ရေနံထုတ်လုပ်မှုတွေ လုပ်ဖို့ကိစ္စကို သဘာဝ
ပတ်ဝန်းကျင် မထိခိုက်ဖို့ဆိုပြီး ထပ်ခါတလဲလဲ ကန့်ကွက်ခဲ့ကြပါတယ်။ အန်န်ဝါမှာ ရေနံ ထုတ်လုပ်မယ်ဆိုရင် နေ့စဉ် အမေရိကန်ပြည်ထောင်စုမှာ နောက်ထပ် ရေနံပေပါ
တသန်း ထပ်ပြီး ထုတ်လုပ်နိုင်မယ်လို့ စွမ်းအင်ဝန်ကြီးဌာနက ခန့်မှန်းထားပါတယ်။”

အမေရိကန်သမ္မတက အခုလိုပြောပေမယ့် ဒီမိုကရက်အမတ် ချားလ်စ် ရှမ်ဘာ
(Charles Schumber) ကတော့ အန်န်ဝါလို့ခေါ်တဲ့ အလပ်စ်ကာပြည်နယ်ထဲက သဘာဝဘေးမဲ့တောထဲမှာ ရေနံထုတ်လုပ်ရေးကိစ္စက ရေနံစိမ်းတွေ စပြီး မတင်ပို့ခင် တနှစ်
လောက် အချိန်ကြာနိုင်ပြီး လက်ရှိ ဓာတ်ဆီဈေးမြင့်တက်မှုကို ထိထိရောက်ရောက်
ကာကွယ်နိုင်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။

ဒီလို အိမ်ဖြူတော်နဲ့ ကွန်ဂရက်စ်တို့ အချေအတင်ပြောဆိုနေချိန်မှာ အိမ်ယာဈေးတွေ
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက အဆိုးဆုံးအခြေအနေ ဆက်ကျနေပြီး အရောင်းအဝယ်တွေ
လည်း ငါးနှစ်အတွင်း အနည်းဆုံးအချိန်ရောက်နေပါတယ်။

ဒါပေမယ့်လည်း ရေနံဈေးတွေ နည်းနည်းပြန်ကျသွားတဲ့အတွက် အမေရိကန်စားသုံးသူ
တွေအတွက် သက်သာရရနိုင်မယ့် အချက်တခု တိုးလာတဲ့အကြောင်း မိုက်ကယ်လ်
ဘိုးမန်းန်က သတင်းပေးပို့ထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG