သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်အစိုးရအပေါ် ဘဏ္ဍာရေး ထပ်မံပိတ်ဆို့မှု သမ္မတဘုရှ် အတည်ပြု


မြန်မာစစ်အစိုးရနဲ့ စစ်အစိုးရကို စီးပွားရေးအရ ထောက်ခံပံ့ပိုးပေးနေတဲ့သူတွေကို ပစ်မှတ်ထားပြီး
ဘဏ္ဍာရေးအရ အရေးယူပိတ်ဆို့တဲ့ အမိန့်ကို အမေ
ရိကန်သမ္မတ ဘုရှ် (Bush) က လက်မှတ်ရေးထိုးလိုက်
ပါတယ်။ မြန်မာစစ်အစိုးရအပေါ် အရေးယူပိတ်ဆို့မှု
တွေ ရှိနေပြီးသားဖြစ်ပြီး မြန်မာစစ်အစိုးရပိုင် ကုမ္ပဏီ
တွေမှာ အမေရိကန်ဘက်က ရင်းနှီးမြှုပ်နှံမှုတွေ ရှိခဲ့
မယ်ဆိုရင်၊ ဒီ ရင်းနှီးမြှုပ်နှံမှုတွေကို ထုတ်သွင်းလို့မရ
အောင် ထိန်းချုပ်မယ့် အရေးယူပိတ်ဆို့မှု ဖြစ်ပါတယ်။ အမေရိကန်သမ္မတ အိမ်ဖြူတော်ကနေ ဗွီအိုအေ
သတင်းထောက် Paula Wolfson သတင်းပေးပို့ချက်
တွေနဲ့အတူ ကိုသိန်းထိုက်ဦးက ဆက်ပြီး ပြောပြပေးပါ
လိမ့်မယ်။

အမေရိကန်သမ္မတဘုရှ် လက်မှတ်ရေးထိုးလိုက်တဲ့ မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့
ရေးအမိန့်က မြန်မာစစ်အစိုးရခေါင်းဆောင်တွေကို ပိုပြီး ဖိအားပေးဖို့ ရည်ရွယ်တဲ့ လုပ်ဆောင်ချက်တခုဆိုပြီး ပေါ်လာ ဝုလ်ဖ်ဆင်က သတင်းပေးပို့ထားတာပါ။ သမ္မတ
ဘုရှ်ဟာ လွန်ခဲ့တဲ့ သုံးလကတည်းက မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုတွေ တိုးပြီး ဆောင်ရွက်မယ်လို့ ပြောခဲ့တာပါ။ အခု လက်မှတ်ရေးထိုးလိုက်တာနဲ့ ပတ်သက်ပြီး အခုလိုပြောပါတယ်။

“မြန်မာစစ်အစိုးရကို အဓိက ငွေကြေးထောက်ပံ့နေတဲ့ စစ်အစိုးရပိုင် ကုမ္ပဏီတွေရဲ့
ပိုင်ဆိုင်မှုတွေကို ထုတ်သွင်းခွင့်မပေးဘဲ အရေးယူဖို့ ဘဏ္ဍာရေးဝန်ကြီးဌာနကို
ညွှန်ကြားတဲ့ အမိန့်အမှတ်အသစ် ဒီကနေ့ပဲ ကျနော် ထုတ်ပြန်လိုက်ပါတယ်။”

ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလတုန်းကပဲ သမ္မတဘုရှ် အစိုးရက မြန်မာစစ်အစိုးရနဲ့ တိုက်ရိုက်
ဆက်နွယ်နေတဲ့ ပုဂ္ဂိုလ်တွေ၊ စီးပွားရေးကုမ္ပဏီတွေရဲ့ ပိုင်ဆိုင်မှုတွေကို ထုတ်သွင်းလို့
မရအောင် ပိတ်ပင်ခဲ့ပါတယ်။ ဒီလို အရေးယူခဲ့ရတဲ့အထဲမှာ စစ်အစိုးရနဲ့ အဓိက စီးပွားရေးလုပ်နေတယ်လို့ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက သတ်မှတ်ထားတဲ့
စတီဗင် လော (Steven Law) နဲ့ လော်ဆစ် ဟန် (Law Hsing Han) တို့လည်း ပါဝင်
ပါတယ်။

အရေးယူပိတ်ဆို့တဲ့ စာရင်းထဲမှာ နောက်ထပ် နာမည်တွေ ထပ်ပြီး ဖြည့်စွက်သွားမယ်
လို့ အမေရိကန်သမ္မတဘုရှ်က ပြောပါတယ်။ စစ်အစိုးရကို ထောက်ပံ့နေတဲ့၊ ဝင်ငွေပိုရ
အောင် အားပေးအားမြှောက်လုပ်တယ်လို့ တာဝန်ရှိတဲ့သူ ဘယ်သူ့ကိုမဆို စာရင်းမှာ ထပ်ဖြည့်ဖို့လည်း ဘဏ္ဍာရေးဝန်ကြီးဌာန အရာရှိတွေကို ညွှန်ကြားထားတယ်လို့လည်း
ပြောပါတယ်။

“ဒီကုမ္ပဏီတွေ၊ ကျောက်မျက်ရတနာနဲ့ သစ်တင်ပို့မှုလုပ်ငန်းတွေ လုပ်နေကြတဲ့
ကုမ္ပဏီတွေဟာ မြန်မာပြည်သူတွေကို ဆိုးဆိုးဝါးဝါးဖိနှိပ်ပြီး စစ်အစိုးရကိုပဲ ပိုပြီး
ချမ်းသာကြွယ်ဝအောင် လုပ်ပေးနေပါတယ်။ ဒီနေ့ ကျနော့်အနေနဲ့ နောက်ထပ်
ရှင်းရှင်းလင်းလင်း ပြောချင်တာက မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ ပေါ်လာရမယ်၊ စစ်ဗိုလ်ချုပ်တွေအနေနဲ့ လူထုရဲ့ဆန္ဒကို လေးစားလာလိမ့်မယ်လို့ ကျနော့်အနေနဲ့ မျှော်လင့်တယ်ဆိုတာပါပဲ။”

အမေရိကန်သမ္မတဘုရှ်ပြောသွားတာပါ။ အမေရိကန်ပြည်ထောင်စုအခြေစိုက် US
Campaign for Burma အဖွဲ့ကြီးက အမှုဆောင်ညွှန်ကြားရေးမှူး ဦးအောင်ဒင်ကတော့ အရေးယူပိတ်ဆို့ရေးနဲ့ပတ်သက်လို့ အခုလိုပြောပါတယ်။

“မြန်မာစစ်အစိုးရပိုင်တဲ့ စီးပွားရေးလုပ်ငန်း သုံးခုပေါ့။ မြန်မာ့သစ်လုပ်ငန်း ကော်ပို
ရေးရှင်း၊ နောက်တခုက မြန်မာ့ကျောက်မျက်ရတနာလုပ်ငန်း၊ မြန်မာ့ပုလဲလုပ်ငန်း အဲဒီလုပ်ငန်းသုံးခုကို ဘဏ္ဍာရေးအရ အရေးယူတာပေါ့။ ဒီကြေညာချက်အရဆိုရင် အမေရိကန်နိုင်ငံသား တဦးတယောက်၊ အမေရိကန် ကုမ္ပဏီတွေ၊ နောက် ဘဏ်တွေ
နဲ့ ငွေကြေးအဖွဲ့အစည်းအားလုံး၊ အမေရိကန်နိုင်ငံအတွင်းမှာပဲရှိရှိ အမေရိကန်နိုင်ငံ
ပြင်ပမှာပဲရှိရှိ အခုကြေညာချက်ထုတ်ထားတဲ့ မြန်မာစစ်အစိုးရရဲ့ စီးပွားရေးလုပ်ငန်း
သုံးခုနဲ့ လုံးဝပတ်သက်မှု မရှိရဘူး၊ ပစ္စည်းဥစ္စာ ရင်းနှီးမြှုပ်နှံမှုတွေ၊ အမြတ်အစွန်းတွေ
ဒီဘဏ်စာရင်းတွေထဲမှာ ရှိမယ်ဆိုရင် အမေရိကန်အစိုးရ ဘဏ္ဍာရေးဝန်ကြီးဌာနက
ဒီပိုင်ဆိုင်မှုတွေကို သိမ်းမယ်ပေါ့။”

ဒီလို အရေးယူပိတ်ဆို့မှုတွေနဲ့ ပတ်သက်လို့ မနေ့ကရက်စွဲနဲ့ထုတ်ပြန်တဲ့ အမေရိကန်
သမ္မတ အိမ်ဖြူတော်က ကြေညာချက်မှာ မြန်မာစစ်အစိုးရဟာ ကုလသမဂ္ဂ လုံခြုံရေး
ကောင်စီရဲ့ ကြေညာချက်ပါ အချက်တွေကို လိုက်နာဆောင်ရွက်ခြင်း မရှိသလို ကုလ
သမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးအကြံပေး မစ္စတာ အီဘရာဟင်မ် ဂမ်ဘာရီ (Ibrahim
Gambari) နဲ့လည်း ပူးပေါင်းဆောင်ရွက်မှု မရှိဘူးလို့ ဖော်ပြထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG