သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆန္ဒခံယူပွဲကို အသိအမှတ်မပြုဘို့ နိုင်ငံတကာကို လူ့အခွင့်အရေးအဖွဲ့ တိုက်တွန်း


မြန်မာစစ်အစိုးရ ကျင်းပဖို့ပြင်ဆင်နေတဲ့ လူထု
ဆန္ဒခံယူပွဲဟာ အတုအယောင် ဟန်ပြတခုသာ
ဖြစ်ပြီး စစ်အုပ်ချုပ်ရေး အခြေခိုင်အောင်လုပ်
တဲ့ လုပ်ငန်းစဉ်တခုသာဖြစ်တယ်ဆိုပြီး အမေရိကန်ပြည်ထောင်စုအခြေစိုက် Human
Rights Watch လူ့အခွင့်အရေးအဖွဲ့ကြီးက
ပြောဆိုပါတယ်။ Vote to Nowhere ဆိုတဲ့
ခေါင်းစဉ်နဲ့ မဲပေးပေမယ့် အရာမရောက်တဲ့
အကြာင်း မြန်မာနိုင်ငံအခြေအနေကို အစီရင်
ခံစာတစောင် ရေးသားထားပါတယ်။
အကြောင်းစုံကို ကိုသိန်းထိုက်ဦးက တင်ပြ
ပေးထားပါတယ်။

မြန်မာနိုင်ငံအတွင်းမှာ လူထုဆန္ဒခံယူပွဲကျင်းပဖို့ ပြင်ဆင်နေပေမယ့် ဒီ ဆန္ဒခံယူပွဲဟာ
လွတ်လပ်ပြီး တရားမျှတတဲ့အခြေအနေ မရှိဘူးဆိုတာကို လူ့အခွင့်အရေး စောင့်ကြည့် လေ့လာရေးအဖွဲ့ကြီးရဲ့ အစီရင်ခံစာက အဓိက ထောက်ပြထားတာပါ။ စစ်အစိုးရဘက်
က နိုင်ငံရေးဖိနှိပ်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဆက်လုပ်နေသလို နိုင်ငံရေးလှုပ်ရှားသူ
တွေ ဖမ်းဆီးခံနေရတယ်၊ သတင်းဌာနတွေအပေါ် ကန့်သတ်ချုပ်ချယ်မှုတွေ ရှိနေတဲ့
တချိန်တည်းမှာ နိုင်ငံရေးအစည်းအဝေးတွေ၊ စည်းရုံးခွင့်တွေ ပိတ်ပင်ခံထားရတဲ့အပြင် လူထုဆန္ဒခံယူပွဲနဲ့ပတ်သက်လို့ သီးခြားလွတ်လပ်တဲ့ စောင့်ကြည့်ရေးအဖွဲ့တွေ မရှိတဲ့
အခြေအနေမှာ စစ်အစိုးရဘက်က ခြိမ်းခြောက်မှုတွေ ရှိနေတာကို လူ့အခွင့်အရေးအဖွဲ့
ကြီးရဲ့ အစီရင်ခံစာမှာ ဖော်ပြထားတာပါ။

ဖွဲ့စည်းပုံနဲ့ပတ်သက်လို့ လူတွေကြားမှာ ပြောဆိုဝေဖန်ဆွေးနွေးခွင့်တွေ မရှိသလို
ဒီဆန္ဒခံယူပွဲကို ဆန့်ကျင်သူမှန်သမျှ ဖမ်းဆီးမယ်ဆိုတဲ့ စစ်တပ်ရဲ့ ခြိမ်းခြောက်မှုတွေ
ကလည်း ရှိနေဆဲဖြစ်ပါတယ်လို့ အစီရင်ခံစာမှာ ရေးပါတယ်။

နယူးယောက်ခ်မြို့ Human Rights Watch လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးရုံး အာရှဒေသဆိုင်ရာ ဒု-ညွှန်ကြားရေးမှူး အဲလန် ပီယာဆင် (Alaine Pearson) က အစီရင်ခံစာနဲ့ပတ်သက်လို့ အခုလို ပြောပါတယ်။

“မြန်မာနိုင်ငံမှာ လွတ်လပ်ပြီး တရားမျှတတဲ့ ဆန္ဒခံယူပွဲကျင်းပဖို့ အခြေအနေ မရှိဘူး
ဆိုတာ ကျမတို့ ယုံကြည်ပါတယ်။ နိုင်ငံရေးလွတ်လပ်ခွင့်တွေ မရှိဘဲ ကျင်းပတဲ့အတွက် ဒီဆန္ဒခံယူပွဲဟာလည်း လူအများလက်ခံတဲ့ ဆန္ဒခံယူပွဲ ဟုတ်မှာမဟုတ်ဘူးဆိုတာ
သေချာပါတယ်။ အခုအစီရင်ခံစာက မြန်မာစစ်အစိုးရက ဖွဲ့စည်းပုံမှာ ထည့်သွင်းထား
တဲ့ အချက်အလက်တွေအကြောင်းကို ရေးထားပါတယ်။ စစ်အုပ်ချုပ်ရေး ခိုင်ခန့်
အောင် အဓိကရေးဆွဲထားတဲ့ ဖွဲ့စည်းပုံပါ၊ ဒီမိုကရေစီနည်းလမ်းတွေနဲ့ လုံးဝမကိုက်
ညီပါဘူး။”

မြန်မာစစ်အစိုးရဟာ ဖွဲ့စည်းပုံကို ၁၄ နှစ်ကြာ ရေးဆွဲခဲ့ပေမယ့် ပြည်သူလူထုကတော့
ပြီးခဲ့တဲ့ တလအတွင်းကမှ ဒီဖွဲ့စည်းပုံကို လေ့လာခွင့်ရခဲ့တယ်လို့လည်း အဲလန်
ပီယာဆင်က ပြောပါတယ်။

အာရှလူ့အခွင့်အရေးအဖွဲ့ကြီးအနေနဲ့ မြန်မာစစ်အစိုးရက လူ့အခွင့်အရေးကို လေးစား
လာအောင် အကြိမ်ကြိမ် အဆိုပြုချက်တွေ ရေးသားခဲ့ဖူးတဲ့အကြောင်း၊ နှစ်ပေါင်း
များစွာအတွင်းမှာ စစ်အစိုးရဘက်က တုံ့ပြန်ချက်ကို မရခဲ့တဲ့အတွက် အခုတကြိမ်မှာ
တော့ စစ်အစိုးရထက် နိုင်ငံတကာ အသိုင်းအဝိုင်းကို ပိုပြီး ဦးတည်ထားတဲ့အကြောင်း
လည်း ဆက်ပြီး ရှင်းပြပါတယ်။

“နိုင်ငံတကာမိသားစုနဲ့ နိုင်ငံတွေကို ကျမတို့ တကယ်တမ်း တောင်းဆိုတာက လူထု
ဆန္ဒခံယူပွဲကရတဲ့ ရလဒ်ဟာ ဒီမိုကရေစီရေးအတွက် ရှေ့ကို တိုးတက်မှုအဖြစ် အသိ အမှတ်မပြုကြဘို့ပါ။ မြန်မာစစ်အစိုးရဘက်က ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုတွေ
ကို အမှန်တကယ်လုပ်လာအောင် တိုက်တွန်းတဲ့ ကြေညာချက်တွေ ထုတ်ပြန်ကြဖို့ပါ။ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ လူထုအနေနဲ့ ပိုပြီး ပါဝင်လာနိုင်အောင်၊ နိုင်ငံရေးပြုပြင်
ပြောင်းလဲမှုတွေမှာ အတိုက်အခံတွေနဲ့ လူမျိုးစုတွေကို ပါဝင်ခွင့်ပေးဖို့ပါ။”

စာမျက်နှာ ၆၁ မျက်နှာပါတဲ့ လူ့အခွင့်အရေးအဖွဲ့ရဲ့ အစီရင်ခံစာမှာ မြန်မာစစ်အစိုးရ
က ဖွဲ့စည်းပုံရေးဆွဲခဲ့တဲ့ သမိုင်းကြောင်း၊ ဖွဲ့စည်းပုံဆိုင်ရာ အချက်အလက်တွေနဲ့
စစ်အစိုးရရဲ့ ကန့်သတ်မှုတွေကို ဖော်ပြထားပါတယ်။ မြန်မာစစ်အစိုးရရဲ့ လူထုဆန္ဒ
ခံယူပွဲကို အသိအမှတ်မပြုဘို့ နိုင်ငံတကာကို တောင်းဆိုထားတဲ့ တချိန်တည်းမှာ
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) နဲ့ မြန်မာနိုင်ငံဆိုင်ရာ
အထူးအကြံပေး မစ္စတာဂမ်ဘာရီ (Gambari) တို့လည်း လက်ရှိ စစ်အစိုးရရဲ့
လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်လို့ ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောဆိုဖို့ တာဝန်
ရှိတယ်လို့ လူ့အခွင့်အရေးအဖွဲ့ကြီးက ရေးပါတယ်။ နိုင်ငံတကာ စံသတ်မှတ်ချက်တွေ
ကို လိုက်နာလာအောင် စစ်အစိုးရကို တိုက်တွန်းဖို့လည်း လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ကြီးက အစီရင်ခံစာမှာ အဆိုပြုရေးသားထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG