သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စင်္ကာပူရောက် မြန်မာများ ဆန္ဒမဲပေးရန် ခက်ခဲနေဆဲ


ပြည်သူ့ဆန္ဒခံယူပွဲ ကိစ္စနဲ့ ပတ်သက်ပြီး စင်္ကာပူနိုင်ငံရောက် မဲပေးခွင့်ရှိတဲ့ မြန်မာနိုင်ငံသားတွေထဲမှာ အခွန်အပြည့်မဆောင်ထားတဲ့သူတွေကို မြန်မာသံရုံးက မဲပေးခွင့် မပြုတာကြောင့် ဒါဟာ ဥပဒေနဲ့ မညီဘူးဆိုပြီး မဲပေးလိုသူ မြန်မာတွေက မကျေမနပ်နဲ့ အပြစ်တင်နေကြပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး အခြေအနေမှန်ကို သိနိုင်အောင် စင်္ကာပူက မြန်မာနိုင်ငံ သံရုံးကို VOA က ဆက်သွယ်ခဲ့ပေမယ့် အခုထိ ဆက်သွယ်လို့ မရသေးပါဘူး။ အဲဒါကြောင့် မဲပေးချင်ပေမယ့် မဲပေးခွင့် မရဘဲ ဖြစ်နေတဲ့ စင်္ကာပူနိုင်ငံက ကိုဂျေမိုးကို သူ့ရဲ့ အတွေ့အကြုံတွေ သိရအောင် ဦးကျော်အောင်လွင်က ဆက်သွယ် မေးမြန်းထားပါတယ်။

ကိုဂျေမိုးရေ အခု စင်္ကာပူရောက်နေတဲ့ မြန်မာနိုင်ငံသားတွေ ဖွဲ့စည်းပုံ ဥပဒေ မူကြမ်းကို မဲပေးခွင့်မရတဲ့သူတွေလည်း ရှိတယ်လို့ ကြားပါတယ်။ ကိုဂျေမိုးရော မဲပေးခွင့်ရလား။

“ကျွန်တော်လည်း မဲပေးခွင့်က မရသေးဘူး။ ကျွန်တော်ဆိုရင် ၂၅ရက် မဲရုံကို စပြီး ဖွင့်တဲ့နေ့ကစပြီး သွားခဲ့တာပေါ့။ ပထမပိုင်းမှာတော့ သူတို့က စာရောက်တဲ့သူတွေကို ဦးစားပေးတယ်ဆိုတော့ ကျွန်တော်တို့လည်း ၂၉ရက်ဆိုတော့ ၂၉ရက်နေ့ ပြန်သွားတော့လည်း မရဘူး။ နောက် သက်တမ်းတိုးတော့ မေ၁ရက်နေ့မှာ ကျွန်တော် သွားတယ်၊ မရဘူး။”

ကိုဂျေမိုးကို မဲပေး ခွင့်မပေးတာ ဘာကြောင့်လို့ သူတို့ ပြောပါသလဲ။

“အဲဒီမှာ ရှိတဲ့ သံရုံးဝန်ထမ်း၊ သူ့နာမည်က ဦးမြင့်စိုးဆိုတာ၊ အပေါက်ဝမှာ စောင့်တဲ့သူ။ ကျွန်တော်က ဘာဖြစ်လို့ မပေးခွင့်မရတာလဲလို့ မေးတော့ ခင်ဗျားက အခွန် up to date မဖြစ်လို့၊ အစ်ကို ကျွန်တော့်အခွန်ကို up to date ဖြစ်ချင်ရင် ကျွန်တော့် ဖုန်းနံပါတ်ကို ယူထား၊ သံရုံးဖွင့်တဲ့နေ့ ညီလေး မင်းလာပေးဆိုရင် ကျွန်တော်လာပေးမယ်။ ဒါပေမဲ့ သူတို့ သက်တမ်းကလည်း ကျွန်တော်တို့ကို ပတ်စ်ပို့စ် သုံးနှစ်ပဲ ပေးတယ်။ သုံးနှစ် သက်တမ်းပြည့်လို့ရှိရင် ကျွန်တော်တို့က မဆောင်ချင်လည်း ဆောင်ရမှာပဲ။ ဆောင်ချင်လဲ ဆောင်ရမှာပဲ။ အခွန်ဆောင်မှ သူက သက်တမ်းတိုးပေးတာကိုး။ ကျွန်တော်တို့က ပြောတာက အစ်ကို တပ်မတော်ကနေပြီး လက်ရှိ ရှိတဲ့ ဗိုလ်ချုပ်ကြီး သန်းရွှေကိုယ်တိုင် လက်မှတ်ရေးထုတ်ထားတဲ့ ၁/၂၀၀၈ အခန်း ၅မှာ မဲစာရင်းများ ပြုစုခေါင်းစဉ် အောက်မှာရှိတဲ့ အပိုဒ် ၁၁ (က)မှာ ဖော်ပြထားတာကို ပြောပြတယ်။ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပသည့်နေ့တွင် အသက် (၁၈)ပြည့်ပြီး ဖြစ်သည့် နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသား ပြုခွင့်ရသူ၊ ယာယီ သက်သေခံ လက်မှတ်ကိုင်ဆောင်ထားသူတိုင်း ပြည်လုံးကျွတ် ဆန္ဒခံယူပွဲတွင် ဆန္ဒမဲ ပေးခွင့်ရှိသည်။ ယင်းဆန္ဒမဲ ပေးခွင့်ရှိသူတိုင်း မဲစာရင်း တင်သွင်းရမည်။ ကျွန်တော်တို့တွေဟာ မြန်မာနိုင်ငံသား (၁၈)နှစ် ပြည့်ပြီးသူဖြစ်ကြောင်းကို မြန်မာနိုင်ငံက ပြည်ထဲရေး ဝန်ကြီးဌာနက ထုတ်ပေးထားတဲ့ နိုင်ငံကူးလက်မှတ်နဲ့ ကျွန်တော်တို့က တိတိကျကျ ပြောနိုင်တယ်။ အခွန်ကိုလည်း ကျွန်တော်တို့က ၉၇ခုနှစ်ကနေပြီး ၂၀၀၅အထိ ၈နှစ်လောက် ကျွန်တော် ဆောင်ထားပြီးသား။ ဒီလိုမျိုး ကျွန်တော်ကို မဲမပေးရဘူးဆိုတော့ ကျွန်တော် အရမ်းဒေါသဖြစ်တယ်။ အရမ်းလည်း စိတ်မကောင်းဖြစ်တယ်။ အရမ်းလဲ ပင်ပန်းတယ်။ နောက်တခုက သူတို့ ကိုယ်တိုင်၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကိုယ်တိုင် လက်မှတ်ရေးထိုးထားတဲ့ ၁/၂၀၀၈ကို နိုင်ငံခြားရေး ဝန်ကြီး ဌာနအောက်မှာ ရှိတဲ့ သံရုံးတခုက ဒီဥပဒေကို ပြန်ချိုးဖောက်နေတာ။ ကျွန်တော်တို့ အပြစ်မဲ့ ပြည်သူတွေကို သူတို့က သက်သက် တရားဥပဒေ အပြင်ကနေ လုပ်ကိုင်နေသလို ခံစားရတယ်။ အဲဒီအတွက် ကျွန်တော် အရမ်းဝမ်းနည်းတယ်။ ”

အခုလိုမျိုး ကိုဂျေမိုးက သံရုံးဝန်ထမ်းကို ဒီဥပဒေလမ်းကြောင်းအရ ရှင်းပြတဲ့အခါမှာသူတို့ဘက်က ဘယ်လိုတုန့်ပြန်ပါသလဲ။

“သံရုံးက ဘာပြောလဲဆိုတော့ သူတို့ကတဲ့ ညွှန်ကြားထားတဲ့အတိုင်းလုပ်တာပါဆိုတော့ ကျွန်တော်တို့က နားလည်ရအရမ်းခက်တယ်။ ဒီဥပဒေကို တဖက်မှာ ထုတ်ပြန်ထားပြီးတော့ တဖက်ကနေ ညွှန်ကြားတဲ့သူတွေက ဘာတွေ ညွှန်ကြားသလဲဆိုတာတော့ ကျွန်တော်တို့လည်း မသိဘူး။ သူတို့ကို ကျွန်တော်တို့ ဘာမှ ဆက်ပြောလို့ မရဘူး။ ဥပဒေကြောင်းနဲ့ ရှင်းပြတော့လည်း သူတို့က ကျွန်တော်တို့ကို လက်မခံဘူး။ ကျွန်တော်တို့ မဲပေးရမယ့် သူတွေက အများကြီး ကျန်သေးတယ်။ သူတို့တွေက ကျွန်တော်တို့ကို နေပူထဲမှာ သစ်ပင်ရိပ်မရှိတဲ့ ပလက်ဖောင်းကြီးမှာ သုံးနာရီ၊ လေးနာရီလောက် ကလေးတွေရော၊ လူကြီးတွေပါ အကြားကြီး စောင်းခိုင်းခံရတော့၊ တရက်ထဲလဲမဟုတ်၊ ရက်တွေ အများကြီးခံရတော့ ကျွန်တော်တို့က ရှင်းပြတယ်။ သူတို့က သံတံခါးကြီးကို ပိတ်ထားတာကို ပဲ နေ့စဉ်နဲ့အမျှမြင်နေရတယ်။ ”

အခုလိုမျိုး ကိုဂျေမိုးလို အခွန်မပေးလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ မဲပေးခွင့်မရတဲ့သူတွေ စင်္ကာပူနိုင်ငံမှာ ဘယ်လောက်လောက် ရှိပါလဲခင်ဗျ။

“ခန့်မှန်းခြေအရ စင်္ကာပူနိုင်ငံမှာရှိတဲ့ သူတွေဟာ မဲပေးနိုင်ခွင့်ရှိသူဟာ ငါးသောင်း ခြောက်သောင်းလောက်ရှိမယ်။ အခုသံရုံးမှာ ကျွန်တော်တို့ သွားပြီး မဲပေးတဲ့သူရဲ့ မဲစာရင်းက အခုလောလောဆယ် သူတို့ ပြုစုထားတာဆိုလို့ရှိရင် တသောင်းကျော်ကျော်လေးပဲ ရှိသေးတယ်။”

အခုလို ထည့်ခွင့်ရတဲ့သူတွေ ထည့်လိုက်တဲ့ ဆန္ဒမဲတွေဟာ မြန်မာပြည်ကို ရောက် မရောက် သံရုံး ဖက်က ဘယ်လိုပြောဆိုမှုတွေ ရှိသလဲ။ ဘယ်လို အာမခံချက်ပေးတာတွေ ရှိသလဲ။ ဒီဟာတွေနဲ့ ပတ်သက်ပြီးတော့ မဲပေးတဲ့ သူတွေကရော သဘောပေါက်အောင် မေးတာမြန်းတာတွေ တောင်းဆိုတာတွေ ရှိလားခင်ဗျ။

“အဲဒါနဲ့ ပတ်သက်လို့ ဒီမှာ သံရုံးမှာရှိတဲ့ အတွင်းဝန် ဦးမြင့်ထွန်းကို မဲပေးပွဲ ၂၅ရက်မစခင်မှာ ကျွန်တော်တို့ မေးကြည့်တယ်။ သူက မဲပြားတွေကို ဒီမှာ မရေဘူး။ နေပြည်တော်ကိုပဲ တိုက်ရိုက်ပို့မယ်လို့ ပြောတယ်”။

အဲဒီမဲပုံးတွေထဲမှာရှိတဲ့ မဲတွေ နေပြည်တော်ကို ရောက်မရောက်ဆိုတဲ့ ကိစ္စသူတို့ ဘယ်လိုရှင်းပါလဲ။

“အဲဒါနဲ့ ပတ်သက်လို့ ကျွန်တော်တို့ကို အသေးစိတ်ရှင်းလင်း တင်ပြတာ မရှိပါဘူး။ သံရုံးကို မဲပေးဖို့ ဖုန်းဆက်မေးရင် သံရုံးဝန်ထမ်း ဗမာကလည်း ဖုန်း မဖြေဘူး။ ဘယ်သူမှလည်း မဖြေကြဘူး။ အရမ်းခက်ခဲတယ် မေးခွန်းမေးဖို့က” ။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG