သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆိုင်ကလုံးမုန်တိုင်းကြောင့် ရန်ကုန်မြို့ အကြီးအကျယ် ပျက်ဆီး


ဘင်္ဂလားပင်လယ်အော်မှာ စတင်ခဲ့တဲ့ နားကစ် မုန်တိုင်းဟာ ၁ နာရီ မိုင် ၁၂၀ နှုန်းနဲ့ သောကြာနေ့ မနက်ပိုင်းမှာ ဧရာဝတီတိုင်း အနောက်တောင် ကမ်းရိုးတမ်းက ဟိုင်းကြီးကျွန်းကို ဖြတ်ပြီး ကုန်းတွင်းပိုင်းကို ဖြတ်ကျော် ဝင်ရောက်ခဲ့ပါတယ်။

ချောင်းသာ၊ ငွေဆောင်၊ ဂွ၊ ဘိုကလေး၊ လပွတ္တာ၊ မြောင်းမြ၊ ပုသိမ်ဒေသတွေကို ဖြတ်ကျော်ခဲ့တာမို့ ပျက်ဆီးဆုံးရှုံးမှုနဲ့ ထိခိုက်ဒဏ်ရာရမှုတွေ မသိရသေးပေမယ့် ရန်ကုန်မြို့မှာတော့ သိသိသာသာ ပျက်ဆီးခဲ့ပါတယ်။

မကြုံဖူးအောင် ပြင်းထန်တဲ့လေပြင်းဒဏ်ကြောင့် သဘာဝဘေးအန္တရာယ် ကျရောက်တဲ့ဒေသအဖြစ်နဲ့ တိုင်းနဲပြည်နယ် ၅ ခုကို သတ်မှတ်လိုက်တယ်လို့ ဒီကနေ့ မြန်မာ့ရုပ်သံက ကြေညာပါတယ်။

“နာဂစ် မုန်တိုင်းဒဏ်ကြောင့် ကာကွယ်ရေးနဲ့ ကယ်ဆယ်ထူထောင်ရေး လုပ်ငန်းများကို အမျိုးသားအဆင့်အနေဖြင့် မြန်ဆန်ထိရောက်စွာ ဆက်စပ်ဆောင်ရွက်နိုင်ရေးအတွက် အောက်ပါဒေသများကို သဘာ၀ ဘေးအန္တရာယ် ကျရောက်သော ဒေသများအဖြစ် ကြေညာ လိုက်ပါသည်။ (က) ဧရာဝတီတိုင်း၊ (ခ) ရန်ကုန်တိုင်း၊ (ဂ) ပဲခူးတိုင်း၊ (ဃ) မွန်ပြည်နယ်၊ (င) ကရင်ပြည်နယ်။ အမိန့်အရ။ ပုံ - သီဟသူရ တင်အောင်မြင့်ဦး၊ ဒုတိယဗိုလ်ချုပ်ကြီး အတွင်းရေးမှူး (၁) နိုင်ငံတော် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီလို့ ဖော်ပြပါရှိပါတယ်။ ဘင်္ဂလား ပင်လယ်အော်တွင် ဖြစ်ပေါ်နေသော ဆိုင်ကလိုင်းမုန်တိုင်း နားကစ်သည် မြန်မာနိုင်ငံကြမ်းပြင်ကို ဖြတ်ပြီး ဧရာဝတီတိုင်းတောင်ပိုင်း ရန်ကုန်တိုင်းနဲ့ ပဲခူးတိုင်းတောင်ပိုင်းများကို ဝင်ရောက်လျက် ရှိပြီး အဆိုပါမုန်တိုင်းသည် အရှေ့ဘက်သို့ ဆက်လက်ရွေ့လျားလျက် ရှိပါသည်။”

ကုလသမဂ္ဂအရာရှိတွေရဲ့ ပြောစကားအရဆိုရင်တော့ နားကစ်မုန်တိုင်းဟာ လက်ပွတ်တာ ဘက်ကို သောကြာနေ့ညဖက်မှာ ဖြတ်သွားပြီး မနက် ၅ နာရီခွဲမှာတော့ ရန်ကုန်ကို ဖြတ်သွားတယ်လို့ ပြောပါတယ်။ ဒီပြင်းထန်တဲ့ မုန်တိုင်းဒဏ်ကြောင့် ရန်ကုန်မြို့နယ်၊ ကျောက်တံတားမြို့နယ်၊ စမ်းချောင်း၊ လှည်းတန်းဒေသတွေမှာ ပြင်းပြင်းထန်ထန် ထိခိုက်ပျက်ဆီးမှုတွေ ရှိတယ်လို့ သိရပါတယ်။

တယ်လီဖုန်းလိုင်းတွေနဲ့ ကားလမ်းအဆက်အသွယ်တွေလည်း ပြတ်တောက်နေပါတယ်။ စနေနေ့ ညနေ ၅ နာရီလောက်မှာ ကျောက်တံတားမြို့နယ်ထဲမှာ နေထိုင်သူတစ်ဦးကို အဆက်အသွယ် ရခဲ့တာမို့ နေ့ခင်းပိုင်းက အခြေအနေတွေကို အခုလို သိရပါတယ်။

“ပလာဇာတစ်ခုတော့ ပျက်ဆီးသွားတာပဲ။ အဲဒီ မှန်တွေက အများကြီးပဲ ပျက်ဆီးကုန်တာ၊ နောက် လမ်းတကာလမ်းလည်း အဲဒီလိုပေါ့ ပျက်ဆီးနေတာတွေ အများကြီးပဲ။ ဟို မှန်ကွဲတွေပေါ့၊ သစ်ပင်ကြီးတွေက အကုန်လုံးကို လဲတာပေါ့။ လမ်းမှာစိုက်ထားတဲ့ ဧရာမ အပင်ကြီးတွေ လဲကုန်တာ အကုန်လုံးပဲ။ ဟိုး ဆူးလေ ဘုရားကနေပြီးတော့ တလျှောက်လုံး ဗိုလ်တစ်ထောင်ဘက်ထိပဲ။ ဒီ့ပြင်နေရာတွေလည်း ဒီထက်တောင် ဆိုးဦးမယ်။ အခုလမ်းမှာ ကိုယ်ပိုင်ကားတွေပေါ့ ရပ်ထားတာ။ အပေါ်က သစ်ပင်ကြီးတွေ လဲလာတဲ့အခါကျတော့ ကားတွေပေါ် ပိကုန်တယ်။ အဲဒီလိုပေါ့။ ဘယ်လောက်များလဲ ဘာလဲတော့ မသိဘူး။ ကိုယ်က သွားကြည့်တာမှမဟုတ်တာ။ သွားလို့လည်း မလွယ်ဘူးလေ။ လေမုန်တိုင်းက ထပ်ကျလာရင် ဒုက္ခဖြစ်နေမယ် တခါတည်း။ လမ်းသွားလို့မှ မရတော့တာ။ ဘက်စ်ကားတွေ အကုန် ပိတ်ရတယ်။ ဘယ်မှ အသွားအလာ မရှိဘူး။ မထွက်ရပဲ။”

ဆိပ်ကမ်းမှာ လေတပ်သင်္ဘောတစ်စီး နစ်မြှုပ်ပြီး သင်္ဘောနဲ့အတူ ရဲဘော် ၃ ဦးလည်း ပါသွားတာမို့ အခုထိ ရှာမတွေ့သေးဘူးလို့လည်း ရန်ကုန်မြို့ခံနောက်တစ်ဦးက ပြောပြပါတယ်။

“၁၁ နာရီလောက်ကစပြီးတော့ သစ်ပင်တို့ ဘာတို့တော့ တော်တော်လေး အမြစ်ကနေ ပြုတ်တာတွေလည်း ရှိတယ်။ ပြီးတော့ ဗိုလ်ချုပ်လမ်းဆိုရင် ကားတွေဘာတွေလည်း သွားလို့ မရတော့ဘူး။ အိမ်ခေါင်မိုးတို့ဘာတို့လည်း တော်တော်လေး လန်တယ်။ အခု ဖုန်းလည်း ဆက်လို့မရဘူး။ မီးတွေလည်း အကုန် ဖြတ်ထားတယ်။ ဖုန်းလိုင်းတွေလည်း တစ်ခုမှ မကောင်းဘူး။ အပြင်လည်း မထွက်ရဲတာ ပါတယ်။ ဒီနေ့လည်း မုန်တိုင်းက ၃ နာရီ ၄ နာရီလောက်မှာ တိုက်ဦးမယ်လို့ ပြောတယ်။ ဒါပေမယ့် အခုချိန်ထိတော့ အခြေအနေ ကောင်းတယ်။ သြော် - ပြီးတော့ ရေတပ်သင်္ဘောတစ်စင်း နစ်သွားတယ်တဲ့။ ကမ်းနားမှာလေ။ စစ်သား ၃ ယောက် ပျောက်တယ်တဲ့။ အဲဒီလိုပဲ ရှာတာ ရှာလို့တော့ မတွေ့သေးဘူး။ ရှာနေတုန်းတဲ့။”

ဧရာဝတီတိုင်းက ဆိုးဆိုးရွားရွား ထိခိုက်သွားတဲ့ဒေသတွေထဲမှာ ပုသိမ်မြို့လည်း ပါဝင်ပြီး မင်းလှ သင်္ဘော နစ်မြှုပ်သွားတယ်လို့လည်း ဒေသခံတစ်ဦးက ပြောပါတယ်။ ရန်ကုန်မြို့ ကမ္ဘာအေး ဘုရားလမ်း၊ ဦးဝိစာရလမ်းထဲမှာဆို သစ်ပင်တွေ ပြိုလဲပြီး ကားလမ်းတွေ ပိတ်နေတယ်လို့ သိရပါတယ်။ ဒီလို သွားရေးလာရေး ခက်ခဲတဲ့အတွက် မြို့ခံလူထုရဲ့ စားဝတ်နေရေး ပြဿနာ ဖြစ်လာတာတွေ့ရတယ်လို့လည်း မြို့ခံတွေက ပြောပါတယ်။ မြန်မာလူထုဟာ စားသုံးပစ္စည်း သိုလှောင်လေ့မရှိတဲ့အတွက် အခုလို အဓိက အစားအစာဖြစ်တဲ့ ဆန်သယ်ပို့တာမျိုး မရှိတဲ့အခါမျိုးမှာ ပြဿနာတွေ ကြုံလာရတာပါ။ ဒါ့အပြင် မုန်တိုင်း ဘယ်တော့ ထပ်ဝင်မလဲဆိုတဲ့ ပူပန်မှုတွေလည်း ရှိနေကြပါတယ်။

တိုးကြောင်ကလေးက ဂြိုလ်တုဆက်သွယ်ရေးရုံး ထိခိုက်သွားတဲ့အတွက် ဖုန်းလိုင်းအတော်များများ ပြတ်တောက်သွားပါတယ်။ တိုင်းနဲ့ပြည်နယ် အသီးသီးက မြို့အတော်များများမှာလည်း ဖုန်းလိုင်း အဆက်အသွယ်တွေ မရကြပါဘူး။ ပျက်ဆီးမှုတွေ ရှိနေပေမယ့် ဘယ်အတိုင်းအတာထိ ပျက်ဆီးတယ်ဆိုတာကို မသိရသေးပါဘူး။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG