သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာပြည်မှာ လေပြင်းမုန်တိုင်းကျ လူ ၃၅၀ ကျော်သေဆုံး အပျက်အစီးကြီးမား


မြန်မာပြည်မှာ ဆိုင်ကလုံး လေပြင်းမုန်တိုင်းကြောင့် ဧရာဝတီတိုင်းနဲ့ ရန်ကုန်မြို့တို့မှာ သေဆုံးသူ (၃၅၀)ကျော် ရှိကြောင်း စစ်အစိုးရက ကြေညာပါတယ်။ ရန်ကုန်မြို့နဲ့ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ မွန်ပြည်နယ်နဲ့၊ ကရင်ပြည်နယ်တို့ကို ဘေးသင့်ဒေသများအဖြစ် ကြေညာကြောင်း မြဝတီ ရုပ်သံလွှင့်သတင်းထဲမှာ ပါရှိပါတယ်။

ဧရာဝတီတိုင်းမှာ အဆောက်အဦတွေ ပြိုကျ တယ်လီဖုန်းလိုင်းများနဲ့ လျှပ်စစ်ဓာတ်အားများ ပျက်တောက်ကြောင်း၊ အထိနာတဲ့ဒေသများကတော့ ဟိုင်းကြီးကျွန်း၊ လက်ပွတ္တာ၊ မော်လမြိုင်ကျွန်း၊ ဗိုလ်ကလေး ကျိုက်လက်၊ ဖျာပုံ၊ မအူပင်၊ ဟင်္သာတမြို့တို့ ဖြစ်ပြီး၊ ဟိုင်းကြီးကျွန်းမှာ လူတစ်သိန်းကျော် အိုးမဲ့ အိမ်မဲ့ဖြစ်ကုန်ကြောင်း၊ မော်လမြိုင်ကျွန်းမှာ လူ(၁၁၇)ယောက်အထိ သေဆုံးကြောင်း၊ လက်ပွတ္တာမြို့နယ်မှာ လူနေအိမ် (၂၅)ရာခိုင်နှုန်းကျော် ပျက်ဆီးသွားကြောင်းလည်းပဲ ကြေညာသွားပါတယ်။ ရန်ကုန်တိုင်းမှာ အထိနာတဲ့ မြို့နယ်များကတော့ ထောက်ကြံ့၊ မရမ်းကုန်း၊ လမ်းမတော်၊ စမ်းချောင်း၊ လသာ၊ ဒလနဲ့ တောင်ဒဂုံတို့ ဖြစ်ကြပြီး၊ သစ်ပင်များ လမ်းပေါ်မှာ ပြိုကျပြီးတော့ ပိတ်ဆို့နေကြောင်း၊ အဆောက်အဦများလည်း ပြိုကျတဲ့အပြင် ဆိပ်ကမ်းမှာ ဆိုက်ကပ်ထားတဲ့ သင်္ဘောများလည်း နစ်ကုန်ကြောင်း သတင်းများရရှိပါတယ်။

ထိုင်းနိုင်ငံမှာ ရှိတဲ့ အရှေ့တောင် အာရှဒေသ ဆိုင်ရာ ကုလသမဂ္ဂတာဝန်ခံများက ရန်ကုန်မြို့မှာ ပြည်တွင်းနဲ့ နိုင်ငံတကာ ကယ်ဆယ်ရေး ဝန်ထမ်းများ အပျက်အဆီးများကို စည်းဝေးပြီး စူးစမ်းမယ်လို့ ဆိုပါတယ်။ ဒီနေ့အထိ ရန်ကုန်မြို့မှာ မီးလည်းပျက်၊ ရေလည်းမရဘဲ ကုန်ဈေးနှုန်းတွေ တက်နေတာ မှောင်ခိုဈေးမှာ ဓာတ်ဆီနဲ့ ဒီဇယ်ဆီ တစ်သောင်းကျော်နေပြီလို့ ဆိုပါတယ်။ လေပြင်းမုန်တိုင်းကြောင့် အဲဒီလို လူတွေသေ၊ အပျက်အဆီးတွေ ကြီးများနေပေမယ့် မေလ (၁၀)နေ့ လူထုဆန္ဒ ခံယူပွဲနဲ့ ပတ်သက်ပြီး စစ်အစိုးရက ဘယ်လိုမှ ပြောဆိုကြေညာခြင်း မရှိသေးပါဘူး။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG