သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သဘာဝဘေးအန္တရာယ် ကာကွယ်ရေး သတင်းလွတ်လပ်ခွင့်ရှိဖို့လို


နာဂစ်မုန်တိုင်းဒဏ်ခံရတဲ့ မြန်မာနိုင်ငံထဲ နိုင်ငံခြားသတင်းထောက်တွေ ဝင်ခွင့်ပြုဖို့ မြန်မာစစ်အစိုးရကို မြန်မာသတင်းသမဂ္ဂ
(BMA) နဲ့ နယ်စည်းမခြား သတင်း
ထောက်များအဖွဲ့ (RSF) တို့က တောင်းဆို
လိုက်ပါတယ်။ အကြောင်းစုံကို ဒေါ်ခင်မျိုး
သက်က တင်ပြပေးထားပါတယ်။

သဘာဝဘေးအန္တရာယ်ခံရတာနဲ့
ပတ်သက်ပြီး မြန်မာစစ်အစိုးရဟာ အရင်
ကတည်းက ထိန်းထိန်းချုပ်ချုပ်နဲ့ သတင်းထုတ်ပြန်လေ့ရှိတာမို့ အခု လေဘေးဒဏ်ခံရ
တဲ့ ပြည်တွင်းက သတင်းမှန်တွေကို တိတိကျကျသိရဖို့ သိပ်မလွယ်လှပါဘူးလို့ မြန်မာ သတင်းသမဂ္ဂအဖွဲ့ (BMA) က ပြောကြားလိုက်ပါတယ်။

တကယ်လို့ သတင်းလွတ်လပ်ခွင့်သာ မြန်မာနိုင်ငံမှာရှိခဲ့ရင် အခုလို လူပေါင်းသောင်းနဲ့
ချီ သေဆုံးရတဲ့အဖြစ်မျိုးကို မရောက်နိုင်ပါဘူးလို့ မြန်မာသတင်းသမဂ္ဂများအဖွဲ့ ဥက္ကဋ္ဌ ဦးမောင်မောင်မြင့်က ဗွီအိုအေကို အခုလိုပြောပါတယ်။

“သတင်းသမားတွေရဲ့ကဏ္ဍက အများကြီးအရေးပါတယ်လို့ ကျနော်ထင်တယ်။ တကယ်
လို့သာ သတင်းလွတ်လပ်ခွင့် မြန်မာနိုင်ငံမှာ ရှိတယ်ဆိုရင် ဒီလိုမျိုးသတင်းတွေကို စစ်အစိုးရကတောင် တမင်တကာ လူထုကို သတိပေးနေဖို့မလိုဘူး။ သတင်းသမားတွေ
က ဒီအကြောင်းတွေကို ပြည်သူတွေကို သတိပေးနေမှာပဲ။ ဒီမှာဖြင့် မုန်တိုင်းတခုဖြင့်
နီးနေပြီ၊ လာတော့မယ်၊ ဘယ်လမ်းကြောင်းကနေ လာနိုင်တယ်၊ လူတွေ ဘာတွေ ပြင်ဆင်ထားသင့်တယ်။ သဘာဝဘေးဒဏ်နဲ့ပတ်သက်တဲ့ သတင်းမျိုးတွေကို အရင်
တုန်းက အစဉ်အလာအားဖြင့် စစ်အစိုးရက တော်တော်လေး ထိန်းထိန်းချုပ်ချုပ်နဲ့ ထုတ်ပြန်တဲ့သဘော ရှိပါတယ်။

“အခုလည်း အမ်အာတီဗွီကထုတ်တဲ့ ဓာတ်ပုံတွေ၊ ရုပ်မြင်သံကြားကပုံတွေ နိုင်ငံခြား
ကိုဖြန့်တာ ကျနော်တို့တွေ့တယ်။ အဲဒီမှာလည်း တကယ်တမ်းပြောရင် စစ်သားတွေက
လူထုကို အကူအညီပေးနေတယ်ဆိုတဲ့သဘောမျိုး ပေါ်လွင်အောင်လို့၊ တချို့အပိုင်း
တွေဆိုရင် ဓာတ်ပုံရိုက်ဖို့အတွက် တမင်သက်သက် လုပ်နေတဲ့ပုံစံမျိုးတောင် တွေ့ရ
တယ်။

“ပြည်တွင်းအပိုင်းကို ပြန်ကြည့်ရင်လည်း အခုလောက် အခြေအနေဆိုးနေတဲ့ အချိန်မျိုး
မှာ ပုံမှန် စာစောင်တွေ၊ ဂျာနယ်တွေတောင် မထွက်နိုင်တော့ဘူး။ ဒါကတော့
ရှင်းတယ်။ တချိန်တည်းမှာ ကင်မရာကိုင်ပြီး သွားဖို့ဆိုတဲ့ကိစ္စက စက်တင်ဘာ
နောက်ပိုင်းမှာ လူတွေက တော်တော်လေး ကြောက်ရွံ့သွားတဲ့ အနေအထားမှာရှိတယ်။ သတင်းသမားတွေအနေနဲ့ လွတ်လွတ်လပ်လပ် သတင်းယူဖို့ဆိုတာ သိပ်မလွယ်ဘူး။
အထူးသဖြင့် ကင်မရာယူသွားပြီး ဓာတ်ပုံရိုက်ရမယ့်ကိစ္စမျိုးတွေကို အတတ်နိုင်ဆုံး
ရှောင်ကြတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ရဲ့အန္တရာယ်ကို သူတို့ စိုးရိမ်လို့ ရှောင်ကြ
တဲ့ အနေအထားမျိုးရှိပါတယ်။”

အခု စီအန်န်အန်န်တို့ အယ်လ်ဂျာဇီးယားတို့လို နိုင်ငံခြားသတင်းဌာနတွေက ပြည်တွင်း
က မုန်တိုင်းဒဏ်ခံရတဲ့ပုံတွေ ထုတ်လွှင့်ပေးနေတာ တွေ့ရပါတယ်။ ဒီသတင်းဌာနတွေ
ကရော ဘယ်လိုပုံစံနဲ့ သတင်းတွေရမယ်လို့ ယူဆပါသလဲ။

“တချို့သတင်းထောက်တွေကတော့ တိုးရစ်စ်ဗီဇာနဲ့ဝင်သွားတယ်။ ဝင်သွားတော့
လေဆိပ်မှာ ကင်မရာတွေ၊ ပစ္စည်းတွေတွေ့လို့ စစ်ဆေးကြည့်ပြီး သတင်းထောက်မှန်း
သိသွားလို့ ရန်ကုန်လေဆိပ်က ပြန်နှင်ထုတ်လိုက်တဲ့ သတင်းထောက်တွေရှိတယ်
ဆိုတာလည်း ကျနော်တို့ကြားရပါတယ်။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီးတော့လည်း ကျနော်
တို့ ကြေညာချက်ထုတ်ဖို့ စီစဉ်နေပါတယ်။ နယ်ခြားမဲ့သတင်းထောက်များအဖွဲ့နဲ့ မြန်မာ
သတင်းသမဂ္ဂ တွဲပြီးတော့။

“တချို့သတင်းထောက်တွေဆိုရင် သတင်းထောက်လို့ပြောပြီးတော့ ဘန်ကောက်
မြန်မာသံရုံးမှာ ပြည်တွင်းကိုဝင်ဖို့ လျှောက်ပေမယ့် မရဘူး။ ကျနော်တို့သိတာကတော့ လောလောဆယ် မြန်မာနိုင်ငံမှာ စီအန်န်အန်န်က သတင်းထောက်တယောက်
ရောက်နေတယ်။ သူတယောက်ကလွဲလို့ နိုင်ငံခြားကသွားပြီး သတင်းယူနေတဲ့ သတင်း
ထောက်တွေ မရှိပါဘူး။

“အယ်လ်ဂျာဇီးယားက မြန်မာပြည်တွင်းက ပုံတွေကို ဓာတ်ပုံရိုက်၊ ဗွီဒီယိုတွေရိုက်ပြီး
ပို့နေတာတွေ ရှိပါတယ်။ ဒါပေမယ့် သူတို့သတင်းထောက် ကိုယ်တိုင်က ပို့တာလား၊ ဒါမှ
မဟုတ် ပြည်တွင်းက သူတို့ရဲ့ လျှို့ဝှက်သတင်းထောက်ကပို့တာလား၊ ဒါတော့ အတိ
အကျမသိပါဘူး။”

မြန်မာပြည်ထဲမှာ ဘာတွေဖြစ်နေတယ်၊ အတိုင်းအတာ ဘယ်လောက်အထိ ဆိုးဝါး
နေတယ်ဆိုတာ သိအောင်လို့ မြန်မာသတင်းသမဂ္ဂအနေနဲ့ ဘယ်လိုဆောင်ရွက်မယ်
လို့ အစီအစဉ်ရှိပါသလဲ။

“ကျနော်တို့အနေနဲ့ ဆောင်ရွက်ဖို့အနေအထားကတော့ မဖြစ်နိုင်တဲ့ အနေအထားမှာ
ရှိပါတယ်။ သို့သော် ကျနော်တို့အကြံပေးချင်တာက လောလောဆယ် လက်ရှိအနေ
အထားမှာ စစ်အစိုးရကပဲ ထိန်းချုပ်ပြီး သတင်းတွေရယူဖို့ ကြိုးစားနေမယ့်အစား
စစ်အစိုးရအနေနဲ့ သတင်းထောက်တွေကို သွားချင်တဲ့နေရာသွားပြီး သတင်းယူခွင့်
ပေးမယ်ဆိုရင်၊ သတင်းထောက်တွေရဲ့ အကူအညီတွေရယူပြီး သတင်းစုဆောင်းခြင်း
အားဖြင့် တိုင်းပြည်အတွက်လည်း အများကြီးအကျိုးရှိမယ်လို့ ကျနော်ထင်တယ်။ ဒုက္ခရောက်နေတဲ့လူထုအတွက်လည်း အများကြီးအကျိုးရှိမယ်လို့ ကျနော်မြင်ပါတယ်။

“နောက်တခုက ကုလသမဂ္ဂအနေနဲ့ အဖွဲ့ ၄ ဖွဲ့ခွဲပြီး ဧရာဝတီတိုင်းကိုလွှတ်ပြီး သဘာဝ
ဘေးဒဏ် ကျခံနေရတဲ့ ဒေသတွေမှာ ဆိုးဝါးမှု ဘယ်လောက်ရှိတယ်၊ လူအသေ
အပျောက် ဘယ်လောက်ရှိတယ်၊ သူတို့အကူအညီ ဘယ်လောက်လိုတယ်၊ စသဖြင့်
ဒါတွေကို ကွင်းဆင်းလေ့လာနေတယ်လို့ ကြားရပါတယ်။ အဲဒီလို ကွင်းဆင်းလေ့လာတဲ့
အဖွဲ့တွေမှာ သတင်းထောက်တွေ ပါသွားမယ်ဆိုရင်လည်း ဒါဟာ အကျိုးရှိတဲ့အတွက်
ကြောင့် ခွင့်ပြုသင့်တယ်လို့ ကျနော်မြင်ပါတယ်။”

မြန်မာသတင်းသမဂ္ဂ ဥက္ကဋ္ဌ ဦးမောင်မောင်မြင့် ပြောပြခဲ့တာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG