သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လေဘေးကြောင့် သေဆုံးရသူ အလောင်းတွေကို ဆယ်ယူ သင်္ဂြိုဟ်နိုင်ခြင်း မရှိသေး


ဧရာဝတီတိုင်းအတွင်းက မုန်တိုင်းဘေးဒဏ်ခံရတဲ့ အလောင်းတွေ ပင်လယ်ထဲ မျောပါနေပြီး ဆယ်ယူနိုင်မှု မရှိသေးတာကြောင့် တချို့ရွာထဲမှာ ဝမ်းရောဂါတွေ ဖြစ်နေပြီး၊ အလောင်းတွေ ဆက်ပြီး မျောနေမယ်ဆိုရင် ကူးစက်ရောဂါတွေ ဖြစ်လာနိုင်တယ်ဆိုပြီး မြို့ခံတွေက စိုးရိမ်နေပါတယ်။ အကြောင်းစုံကို ထိုင်းနိုင်ငံ ဗွီအိုအေ သတင်းထောက် ဒေါ်အေးအေးမာက တင်ပြပေးပါတယ်။

မြန်မာစစ်အစိုးရဘက်ကနေ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ အားနည်းနေတဲ့အတွက် မုန်တိုင်း ဒဏ်ကြောင့် သေဆုံးခဲ့ကြရသူတွေရဲ့ အလောင်းတွေကို အခုအချိန်အထိ သယ်ယူနိုင်ခြင်း မရှိသေး တာကြောင့် ကူးစက်ရောဂါများ ပျံ့နှံ့ဖွယ် ရှိနေပါတယ်။ ဧရာဝတီတိုင်း လက်ပွတ္တာ မြို့နယ် အတွင်း က အလောင်းတွေဟာ သောင်းဂဏန်းမှာ ရှိနေပြီး ပင်လယ်ထဲမှာ အခုချိန်ထိ မျောပါနေကြောင်း မြို့ခံတဦးက အခုလို ပြောပါတယ်။

“မဆယ်နိုင်ဘူး။ မြစ်ထဲမှာ ပျံလွှားမြစ်ရော၊ ရွေးမြစ်ရော၊ ပြင်စလူမြစ်ရော အကုန်းလုံးမှာ အလောင်း တွေ မျောနေတယ်တဲ့။ သေတာက လူ (၁၀)ယောက်မှာ (၇)ယောက်သေတယ်တဲ့။ ရွာပေါင်းက ၂၂အုပ်စုရှိတယ်။ အုပ်စုတခုကို ရွာ လေး ငါး ခြောက်ရွာ ရှိတော့ စုစုပေါင်း ရွာ (၂၀၀)နီးပါးရှိတယ်။ အဲဒီရွာ တော်တော်များများက ပျောက်သွားတယ်။”

အစိုးရကနေ ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်ပေးဖို့ အားနည်းနေတာကြောင့် ပြည်သူတွေ ကိုယ်တိုင် မိမိတို့ ကိုယ်ထူကိုယ်ထ အလောင်းတွေ သယ်ယူနေရတာတွေလည်း ရှိသလို တချို့ ကတော့ မိမိတို့ရဲ့ မိသားစုဝင်တွေရဲ့ အလောင်းတွေကို သယ်ဆောင်ဖို့ နေနေသာသာ အသက်လုပြီး ပေးခဲ့ရတယ်လို့ ဆိုပါတယ်။ ချောင်းကြို ချောင်းကြား၊ ပင်လယ်ထဲမှာ နဲတာမဟုတ်ဘူး။”

သေဆုံးသူတွေ လက်ပွတ္တာမြို့နယ်ထဲမှာဆိုရင် သောင်းဂဏန်းကနေ၊ သိန်းဂဏန်းကြားမှာ ရှိတယ်ပြီး လူသေတွေဟာ ပင်လယ်ဝမှာ မျောပါနေပြီး တာထဲမှာလည်း ပုပ်စော်တွေ နံနေပြီလို့ ဆိုပါတယ်။ သောက်ရေကန်တွေလည်း ပျက်စီးနေပြီး ပြည်သူတွေလည်း သောက်ရေအတွက် အခက်အခဲ တွေ့နေ ရတယ်လို့လည်း ဆိုပါတယ်။

“သောက်ရေကန်တွေကလည်း ရေငန်တွေ ဝင်သွားပြီ။ စုစုပေါင်း သောက်ရေကန် (၂၀၀)လောက် ရှိတာ။ အဲဒီ ပျက်သွားတဲ့ ရေကန်တွေကို အကုန်လုံး စုပ်ထုတ်ပစ်မှ မိုးရေကျမှ အကောင်း ရမှာ မစုပ်ပဲဆိုရင်တော့ အဲဒီ သောက်ရေကန်တွေက ဒီနေ့လည်း သုံးလို့မရဘူး၊ နောက်နေ့လည်း သုံးလို့ ရမှာ မဟုတ်ဘူး။“

အခုလို ပုပ်စော်နံနေတဲ့ အလောင်းတွေကို မသယ်ယူနိုင်တဲ့အတွက် ကျန်းမာရေးအရ ထိခိုက်မှုတွေ ဘယ်လောက်အတိုင်းအတာအထိ ရှိနိုင်ပါသလဲဆိုတာကိုတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဒေါက်တာ ဝင်းနိုင်ကို မေးမြန်းကြည့်ခဲ့ပါတယ်။

“အဆိုးဆုံး အနေနဲ့ကတော့ အလောင်းတွေက ထွက်တဲ့ အနံ့တွေကို ရှူရမယ်။ အလောင်းတွေမှာ ယင်တို့ နားမယ်၊ ပုပ်ပွနေတဲ့ အလောင်းတွေကတဆင့် ရောဂါပိုးတွေ တခြားလူကောင်းတွေ ရှိတဲ့နေရာမှာ၊ စားတဲ့ သောက်တဲ့ရေတွေကို ရောက်သွားတဲ့အခါမှာ ရောဂါတွေ ကူးနိုင်တာပေါ့။ အထူးသဖြင့် ရေနဲ့ ပတ်သက်တဲ့ရောဂါတွေ အကုန် ကူးမှာပဲ။ ယင်တွေက ကျွန်တော်တို့ သောက်မယ့် ရေတွေမှာ လျောက်နားမယ်ဆိုရင် တခြားလူတွေကို ရောဂါတွေ ကူးကုန်မှာပေါ့။”

အခုဆိုရင် ဧရာဝတီတိုင်းတွင်မကပါဘူး၊ ရန်ကုန်တိုင်းအတွင်းက ကွမ်းခြံကုန်း မြို့နယ်ထဲမှာလည်း ဖျာပုံ၊ ဒေးဒရဲဖက်ကနေ သေဆုံးခဲ့တဲ့ အလောင်းတွေဟာ မျောပါနေပြီး ပြည်သူတချို့ကတော့ သယ်နိုင်သမျှသယ်ပြီး မြေမြှုပ်သင်္ဂြိုဟ်ကြပါတယ်။ ဒါပေမဲ့ ပုပ်ပွနံစော်နေတဲ့ အလောင်းတွေက အများအပြား မျောပါနေတာကြောင့် တချို့ရွာတွေမှာ ဝမ်းရောဂါတွေ ဖြစ်နေပြီလို့လည်း ကွမ်းခြံကုန်း မြို့နယ် ပြည်သူတွေက ပြောပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG