သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လေဘေးဒုက္ခသည်များ မြောင်းမြမြို့ပေါ် စုပြုံရောက်ရှိ


ဧရာဝတီတိုင်းက မုန်တိုင်းဒဏ်ခံရတဲ့
လပွတ္တာနဲ့ မော်လမြိုင်ကျွန်းဘက်က
သောင်းနဲ့ချီတဲ့ ဒုက္ခသည်တွေဟာ
မြောင်းမြမြို့မှာ လာရောက်ခိုလှုံနေကြပြီး
အဲဒီအထဲမှာ မိဘမဲ့ကလေး ၃၀၀ ကျော်
လောက်ပါဝင်တယ်လို့ ပြောပါတယ်။
အခုအခါမှာ ကယ်ဆယ်ရေးစခန်းတွေ ဖွင့်လှစ်ထားပေမယ့် ဒုက္ခသည်ဦးရေ များလွန်းတာကြောင့် ရိက္ခာနဲ့ ဆေးဝါး
တွေ လိုအပ်နေတယ်လို့ ပြောပါတယ်။
ဒီသတင်းကို ထိုင်းအခြေစိုက်သတင်းထောက် ဦးမိုးဇော်က တင်ပြထားပါတယ်။

မြောင်းမြမြို့မှာ ဒီလ ၆ ရက်နေ့က ကယ်ဆယ်ရေးလုပ်ငန်းတွေကို စတင်လုပ်ဆောင်
ခဲ့ပြီး အခုအခါမှာ စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းတွေမှာ ကယ်ဆယ်ရေးစခန်း
၁၀ ခုလောက် ဖွင့်ထားပါတယ်။ ဝင်ရောက်လာတဲ့ ဒုက္ခသည်တွေဟာ သောင်းနဲ့ချီ
ရှိနိုင်တယ်လို့ မြောင်းမြမြို့နယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြင်က
ပြောပါတယ်။

“ကျနော်တို့ကြားတာက မြောင်းမြခရိုင်တွင်းက ဒုက္ခသည်တွေ လက်ခံမယ်ဆိုတဲ့ မူရှိပုံ
ရတယ်။ မြောင်းမြခရိုင်ထဲမှာတော့ လပွတ္တာနဲ့ မော်ကျွန်းက အထိနာသွားတယ်။ အခု လောလောဆယ် ရောက်နေကြတဲ့အုပ်စုတွေကတော့ လပွတ္တာမြို့နယ်ထဲက ကျေးရွာ
တွေကလူတွေများတယ်။ လက်ခံတဲ့အတိုင်းအတာက အခု တဖွဲဖွဲနဲ့ဝင်လာတယ်။
ဝင်လာတာလည်း တချု့ိ မော်တော်တွေနဲ့ ရသမျှ ခေါင်မိုးတွေပေါ်တက်ပြီး ပြည့်ကျပ်
စုပြုံပြီး ရောက်လာတဲ့အုပ်စုရှိသလို ကားတွေနဲ့ရောက်လာတဲ့လူတွေလည်း ရှိတယ်။ တချို့ကျတော့လည်း ခြေလျင်ဝင်လာတဲ့အုပ်စုတွေရှိတယ်။ အစားစားပေါ့။ အခု
ကျနော့်စိတ်ထင် တသောင်းခွဲ၊ နှစ်သောင်းလောက်တော့ ရောက်နေပြီထင်တယ်၊
မြောင်းမြမှာ။”

ကယ်ဆယ်ရေးစခန်းတွေမှာ ရောက်လာတဲ့ ဒုက္ခသည်တွေ များတာကြောင့် ရိက္ခာနဲ့
ဆေးဝါးတွေ လိုအပ်နေတယ်လို့ ဦးအောင်ကြင်က ဆက်ပြောပါတယ်။

“ကယ်ဆယ်ရေးလုပ်ငန်းက စခန်းဖွင့်ထားတယ်၊ လောလောဆယ် တာဝန်ရှိတဲ့ လူကြီး
တွေလည်း လုပ်နေတယ်။ လုပ်နေတယ်ဆိုတာ လောလောဆယ် တိုင်းမှူးတွေဘာတွေ လာတယ်ကြားတယ်။ ရောက်လာတဲ့လူဦးရေ အတိုင်းအတာနဲ့ ကယ်ဆယ်ရေးအတိုင်း
အတာကတော့ ကျနော့်အမြင် မလုံလောက်ဘူး။ လူဦးရေကများတယ်၊ ကယ်ဆယ်ဖို့
ဆောင်ရွက်တဲ့ အနေအထားက နည်းနေတဲ့အတွက် အစားအသောက်တွေ အဓိက
လိုတယ်၊ ဆေးဝါးတွေ အဓိကလိုတယ်။”

ဒီလိုဝင်ရောက်လာတဲ့ ဒုက္ခသည်တွေကို ဒေသခံပြည်သူတွေက အလှူငွေတွေ
ကောက်ခံပြီး ကူညီဆောင်ရွက်ပေးနေတယ်လို့ ဒေသခံအမျိုးသမီးတဦးက ပြောပါ
တယ်။

“လာတဲ့ဒုက္ခသည်တွေအတွက် ကျမတို့ ဒီကနေ အလှူခံတယ်။ အလှူခံ တော်တော်
များများ ထည့်ကြပါတယ်။ တယောက်ကို ၁၀ သိန်း၊ ၁ သိန်း၊ ၂ သိန်းနဲ့။ ပထမနေ့က
အလှူခံဆို ၃၅ သိန်းရတယ်။ ဒုတိယနေ့က အလှူခံဆို သိန်း ၃၀ ရတယ်။”

အဲဒီလို သောင်းနဲ့ချီရှိမယ့် ဒုက္ခသည်တွေထဲမှာ မိဘမဲ့ကလေးငယ် ၃၀၀ လောက် ပါဝင်
နိုင်တယ်လို့ ဦးအောင်ကြင်က ပြောပါတယ်။

“မိဘမဲ့ကလေးတွေ တော်တော်များတယ်။ ကျနော်တို့ရောက်ခဲ့တဲ့ အမှတ် ၄၊ အထက
စခန်းမှာ၊ အဲဒီမှာ ကယ်ဆယ်ရေးစခန်းဖွင့်ထားတော့ ကျနော်တို့ ဖြတ်သွားရင်း
ကြည့်လိုက်တော့ ကလေးတွေ တော်တော်များတာ တွေ့တယ်။ ကျနော် သွားတွေ့
ကြည့်လိုက်တော့ တော်တော်များများက မိဘမရှိကြတော့ဘူး။ တချို့ မိသားစုနဲ့ ပါလာတာလည်းရှိတယ်။ ကျနော်သိရသလောက်တော့ ၃၀၀ လောက်ရှိတယ်လို့ကြား
တယ်။ ဒါပေမယ့် နောက်ထပ်လည်း အများကြီးထပ်ဝင်လာတုန်းပဲ။”

မိဘမဲ့ကလေးတွေကို အာဏာပိုင်တွေက ဘယ်လို ဆက်လက်စောင့်ရှောက်သွားမယ်
ဆိုတာ မသေချာသေးပေမယ့် တချို့ဒေသခံတွေက ခေါ်ယူစောင့်ရှောက်ဖို့ ပြင်ဆင်
နေတယ်လို့ ဆိုပါတယ်။

“ကျမတို့ကြားရတဲ့အထဲမှာ မိသားစု ၉ ယောက်ရှိရင် ၁ ယောက်တည်းရှင်လာတာတို့၊
အခု ကျမတို့လည်း ၁ ဦးကြားလို့ သွားခေါ်ဖို့ စီစဉ်ထားတယ်။ မိသားစု ၅ ယောက်မှာ
အမေရော၊ အဖေရော၊ မောင်တွေရော အကုန်သေတယ်။ မိန်းကလေးတယောက်
တည်း ရှင်လာလို့။ အဲဒါတောင် ကောက်ရိုးပုံပေါ်မှာ တရက်ကျော်ကျော် မေ့မြောနေ
တာ။ နောက်တော့မှ သွားတွေ့လို့ ရှင်တာတို့ ဘာတို့ အဲလိုမျိုးတွေရှိတယ်။ အဲဒါ
ဘယ်အရွယ်လောက်ရှိမလဲလို့ ကျမမေးတော့ ၁၃ နှစ်လောက်ရှိမယ်လို့ ပြောတယ်။ အဲဒီကောင်မလေးတယောက်က။”

ဒီလို ကယ်ဆယ်ရေးလုပ်ငန်းတွေကို မြောင်းမြမြို့ပေါ်မှာသာမကဘဲ အနီးအနားက
ကျေးရွာတွေကပါ ဒုက္ခသည်တွေကိုလက်ခံပြီး နိုင်သလောက် ကူညီပေးနေကြတယ်လို့
ဆိုပါတယ်။

မြောင်းမြမြို့လိုပဲ မုန်တိုင်းဒဏ်ကို ဆိုးဆိုးဝါးဝါးမခံရတဲ့ ပုသိမ်မြို့မှာလည်း ကယ်ဆယ်
ရေးလုပ်ငန်းတွေ ဆောင်ရွက်နေပါတယ်။ အဓိကကတော့ အာဏာပိုင်တွေက ပုသိမ်
ခန်းမမှာ ကယ်ဆယ်ရေးပစ္စည်းတွေကို စုဆောင်းပြီး ဒုက္ခသည်တွေကို ဆန်၊ ဆီ၊ ဆား၊
အာလူး၊ ကြက်သွန် စတာတွေကို ဖြန့်ဝေပေးနေပါတယ်။ ပုသိမ်မှာတော့ ဒုက္ခသည်
စခန်း ၄ ခုလောက်ရှိပြီး စုစုပေါင်း ဒုက္ခသည်ဦးရေ ၃၀၀ ကျော်လောက်သာရှိနိုင်တယ်၊
ပုသိမ်ဘက်ကို လာရောက်ကြတဲ့ ဒုက္ခသည်တွေက ဟိုင်းကြီးကျွန်း၊ သင်္ဃန်းကုန်းနဲ့ ဇီးဖြူကုန်းဘက်ကလူတွေ များတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG