သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မုန်တိုင်းကယ်ဆယ်ရေး ဦးစားပေး၊ ဆန္ဒခံယူပွဲရွှေ့ဆိုင်းရန် စစ်အစိုးရကို ကုလသမဂ္ဂ တိုက်တွန်း


ကုလသမဂ္ဂ ကယ်ဆယ်ထောက်ပံ့ရေးပစ္စည်းများ
မြန်မာနိုင်ငံကို စတင်ရောက်ရှိသွားပေမယ့် လေဘေး ဒုက္ခသည်တသန်းကျော်အတွက် နိုင်ငံခြား အထောက်
အပံ့များ စစ်အစိုးရက အကြီးအကျယ် ကန့်သတ်
ချုပ်ချယ်ထားဆဲ ဖြစ်ပါတယ်။

နိုင်ငံခြားကယ်ဆယ်ရေး ဝန်ထမ်းများနဲ့ ပစ္စည်းများ
ဝင်ခွင့်ရရှိရေး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်
ဘန်ကီမွန်း (Ban Ki-moon) က စစ်အစိုးရအကြီး
အကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ တိုက်ရိုက်စကား
ပြောနိုင်ရေး ကြိုးပမ်းနေတယ်လို့လည်း ဆိုပါတယ်။

ကုလသမဂ္ဂ လေယာဉ်ပျံနှစ်စင်း ဒီနေ့ရောက်ရှိသွားပြီး နောက်ထပ်နှစ်စင်း ရောက်ရှိ
ဖွယ်ရှိပါတယ်။ ဆိုင်ကလုန်း လေပြင်းမုန်တိုင်းကြောင့် လူ ၂၃,၀၀၀ ကျော် သေဆုံးပြီး
၄၂,၀၀၀ ကျော် ပျောက်ဆုံးနေဆဲလို့ ဆိုထားပြီး ၅ ရက်ကြာတော့မှ အထောက်အပံ့
များ စတင်ရောက်ရှိတာဖြစ်ပါတယ်။

ကုလသမဂ္ဂ ကယ်ဆယ်ရေးအကြီးအကဲ ဂျွန်ဟုမ်းက စစ်အစိုးရလုပ်ပုံကြောင့် စိတ်ပျက်
မိကြောင်း၊ အခြေအနေ ပိုမိုဆိုးဝါးလာမယ်ဖြစ်ကြောင်း သတိပေးပြောဆိုပါတယ်။ နိုင်ငံခြားအစိုးရများကလည်း ကယ်ဆယ်ရေးဝန်ထမ်းများနဲ့ ထောက်ပံ့ရေးပစ္စည်းများ
ဝင်ခွင့် စစ်အစိုးရက နှေးကွေးစွာ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

ရက်ပေါင်းများစွာ စေ့စပ်ဆွေးနွေးပြီးတော့မှ ကုလသမဂ္ဂ ကယ်ဆယ်ရေးတာဝန်ခံ
၄ ယောက်ကို ဗီဇာထုတ်ပေးပြီး ကြက်ခြေနီဝန်ထမ်းတချို့လည်း ဝင်ခွင့်ရခဲ့ပါတယ်။

အမေရိကန်ရေတပ်နဲ့ စစ်ဖက်က ကယ်ဆယ်ထောက်ပံ့ရေးပစ္စည်းများ လေယာဉ်ပျံ
များ၊ သင်္ဘောများနဲ့ပို့ဆောင်ဖို့ အဆင်သင့်ဖြစ်နေပြီ၊ စစ်အစိုးရရဲ့ ခွင့်ပြုချက် မရသေး
ဘူးလို့ ဆိုပါတယ်။ နိုင်ငံခြားအထောက်အပံ့များလက်ခံရေး ကြန့်ကြာအောင်
လုပ်ဆောင်နေတဲ့ စစ်အစိုးရခေါင်းဆောင်များအား ဒေါသထွက်မိကြောင်း ကုလသမဂ္ဂ
ဆိုင်ရာ အမေရိကန်သံအမတ် ဇာမေးလ် ခါလီဇက်က ပြောဆိုပါတယ်။

စနေနေ့ လူထုဆန္ဒခံယူပွဲကို ရွှေ့ဆိုင်းထားပြီး ဆိုင်ကလုန်း လေပြင်းမုန်တိုင်းဒဏ်ခံနေ
ရတဲ့ကိစ္စကို အဓိကထား လုပ်ဆောင်ပါလို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း
က စစ်အစိုးရကို ဒီနေ့ တိုက်တွန်းလိုက်ပါတယ်။ နာဂစ်ဆိုင်ကလုန်းမုန်တိုင်း ဒုက္ခသည်
များ အရေးတကြီး လိုအပ်နေတဲ့ ကယ်ဆယ်ရေးပစ္စည်းများ ရနိုင်သမျှ ရရှိအောင် မြန်မာစစ်ခေါင်းဆောင်တွေ လုပ်ဆောင်သင့်ကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်
က ဆိုတယ်လို့ သူ့ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်က ရှင်းပြပါတယ်။ အကြီးအကျယ် အာဟာရ
ဖြစ်စေမယ့် အစားအစာများနဲ့ ဆေးဝါးများ၊ တခြားလိုအပ်တဲ့ပစ္စည်းများတင်ဆောင်တဲ့ လေယာဉ်ပျံများ၊ ကယ်ဆယ်ရေးဝန်ထမ်းများ မြန်မာပြည်တွင်း ဝင်ခွင့်ပေးရေး
စစ်အစိုးရက နှေးကွေးစွာလုပ်ဆောင်နေတယ်လို့ နိုင်ငံခြားတိုင်းပြည်များက ပြောပါ
တယ်။

မြန်မာစစ်အစိုးရရဲ့ မဟာမိတ်အနည်းငယ်ထဲမှာ ပါဝင်တဲ့ တရုတ်အစိုးရကလည်း လေဘေးဒုက္ခသည်များ ကယ်ဆယ်ရေးမှာ နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်ပါလို့
စစ်အစိုးရကို တိုက်တွန်းလိုက်ပြီး တချိန်တည်းမှာ မြန်မာနိုင်ငံသို့ ထောက်ပံ့ကယ်ဆယ်
ရေးကိစ္စကို နိုင်ငံရေးကိစ္စ မလုပ်ပါနဲ့လို့လည်း နိုင်ငံတကာကို သတိပေးလိုက်ပါတယ်။

မြန်မာပြည်မှာ အဓိက စပါးစိုက်ပျိုးတဲ့ဒေသများနဲ့ ငါးဖမ်းဒေသများ ဆိုင်ကလုန်း
လေမုန်တိုင်းဘေး သင့်တဲ့အတွက် ကမ္ဘာ့စားသောက်ကုန်များ ပိုပြီးဈေးတက်စေပါ
တယ်။ ဆန်ဈေး ၃.၅ % တက်သွားကြောင်း ချီကာဂိုကုန်သွယ်ရေးဘုတ်အဖွဲ့က
ကြေညာပါတယ်။ လေမုန်တိုင်းမကျခင်က မြန်မာနိုင်ငံက နိုင်ငံခြားသို့ ဆန်တန်ချိန်
လေးသိန်းကျော်တင်ပို့ဖို့ စီစဉ်ခဲ့ပေမယ့် အခုတော့ နိုင်ငံခြားကတောင် ဆန်များ
ပြန်လည်ဝယ်ယူရဖွယ် ရှိနေပါပြီ။ အဲဒီအခြေအနေကြောင့် ကမ္ဘာ့ဈေးကွက်မှာ ဆန်၊
ဂျုံ၊ ပြောင်းနဲ့ ပဲဈေးများ မကြုံစဘူး တက်နေရာကနေ ပိုပြီးတက်ဖို့ ဖြစ်လာမလားလို့ စိုးရိမ်နေကြပါတယ်။

မြန်မာနိုင်ငံရဲ့ ဧရာဝတီတိုင်းကို တိုက်ရိုက်တိုက်ခတ်သွားတဲ့ နာဂစ် ဆိုင်ကလုန်း
လေမုန်တိုင်းကြောင့် အပျက်အစီးဟာ ၂၀၀၄ ခုနှစ် ဆူနာမီအပျက်အစီးထက် ပိုမို
ကြီးမားကြောင်း၊ စပါးစိုက်ပျိုးသိုလှောင်ရေး၊ ငါးဖမ်းရေးအခြေခံများလည်း ပျက်စီး သွားစေခဲ့ကြောင်းဖြင့် FAO ကမ္ဘာ့စားနပ်ရိက္ခာနဲ့ စိုက်ပျိုးရေးအဖွဲ့က ကြေညာထား
ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG